Thursday, April 2, 2026
More
    spot_img
    Homeသတင်းခွဲတမ်းနှစ်ဆရရှိထားသော မြို့ပေါ်စက်သုံးဆီဆိုင်ကြီးများ တစ်ပတ်နှစ်ရက်သာ ဆီရောင်းချ

    ခွဲတမ်းနှစ်ဆရရှိထားသော မြို့ပေါ်စက်သုံးဆီဆိုင်ကြီးများ တစ်ပတ်နှစ်ရက်သာ ဆီရောင်းချ

    -

    မွန်ပြည်နယ်တွင် ခွဲတမ်းနှစ်ဆပိုရရှိသော မြို့ပေါ် စက်သုံးဆီဆိုင်ကြီးများ နေ့စဉ်ဆီရောင်းချပေးခြင်းမရှိဘဲ တစ်ပတ်လျှင် ၂ ရက်သာ ဖွင့်လှစ်ရောင်းချပေးနေသည်ဟု မြို့ပေါ်နေဒေသခံများက ပြောသည်။

    အပတ်စဉ် မြို့နယ်အလိုက် စက်သုံးဆီခွဲတမ်းပေးဝေရာတွင် ကန်ထရိုက်ရထားသည့် ကုမ္ပဏီနှင့် ဆီဆိုင်ကြီးများ အခြားဆီဆိုင်များထက် ဂါလံအရေအတွက် နှစ်ဆပိုရသည်ဟု စက်သုံးဆီလုပ်ငန်းရှင်နှင့် နီးစပ်သူများထံမှ သိရသည်။

    သို့သော် ပေါင်နှင့် မုတ္တမမြို့ပေါ်ဆီဆိုင်များ နေ့စဉ်ဖွင့်လှစ်ရောင်းချပေးခြင်းမရှိဘဲ တစ်ပတ်လျှင် နှစ်ရက်၊ တစ်ရက်လျှင် နာရီပိုင်းသာ ရောင်းချပေးသဖြင့် စက်သုံးဆီရရှိရန် ပိုမိုခက်ခဲနေသည်ဟု ပေါင်ဒေသခံ တစ်ဦးကပြောသည်။

    “ဆိုင်ကြီးတွေက ခွဲတမ်း နှစ်ဆရတယ်။ ဂါလံ ၈၀၀၀ ရတယ် ဆီဆိုင်ကြီးတွေကနှစ်ဆဆို ၁၆၀၀၀ လောက်ပေါ့ ရတဲ့ခွဲတမ်းကို မရှိဆင်းရဲသားတွေကို ရောင်းပေးသင့်တယ်ပေါ့။ အဲ့ဆီတွေကိုဘာလုပ်လိုက်တာလဲ၊ တန်းစီတဲ့ သူတွေကို နာရီဝက်လောက် အရောင်းပြပြီး အပြင်ထုတ်ရောင်းတာကို ကြပ်မတ်သင့်တယ်” ဟု ဆိုသည်။

    အထူးသဖြင့် ရေနံထွက်ကြီးကြပ်ရေးအဖွဲ့မှ စိုက်ပျိုးရေးသမားများအား ထောက်ခံချက်ဖြင့် ဆီဝယ်ယူခွင့်ပြုထားသည့် ဆိုင်များ ပိတ်ထားသဖြင့် လုပ်ငန်းများ ရပ်နားလာရသည်။

    မော်လမြိုင်နှင့် မုတ္တမတစ်ဝိုက် ဓာတ်ဆီတစ်လီတာ နှစ်သောင်းကျပ် ပေါက်ဈေးဖြင့် လာရောက်ရောင်းချမှုရှိနေပြီး ဆီဆိုင်ကြီးများမှ တရားမဝင် နည်းလမ်းဖြင့် ရရှိလာသည့် စက်သုံးဆီများလည်းဖြစ်နိုင်ကြောင်းလည်း မြို့ခံတစ်ဦးက သုံးသပ်သည်။

    “ဓာတ်ဆီကုန်တယ် ပြောပေမဲ့ သူတို့လှောင်ထားတဲ့ ဆီတွေရှိမယ်။ မှောင်ခိုဘက်ကို ပိုဦးစားပေးတယ်။ ညဘက်ဆို လိုအပ်တဲ့သူတွေနဲ့ ချိတ်ပြီး ရောင်းတယ်။ သူတို့ လက်ထဲမှာပဲရှိတယ် နေ့တိုင်းမဖွင့်ဘူး၊ ဖွင့်ရင်လည်း ခဏပဲ။ ဒီနေ့ သူတို့ဖွင့်ထားရင် နောက်ရက်ဆို ပိတ်ပြီ” ဟု ဆိုသည်။

    ၎င်းအပြင် လိုင်စင်ရလုပ်ငန်းများ သက်ဆိုင်ရာ မြို့နယ် (သို့) ကျေးလက်များ၏ ထောက်ခံချက်ဖြင့် စက်သုံးဆီဝယ်ယူရာတွင် ဆိုင်ဝန်ထမ်းများမှ ယာဉ်ပါမှသာ ရောင်းချမည်ဟုသာပြောဆိုပြီး ဆီထုတ်ရောင်းပေးခြင်းမရှိဟုလည်း စိုက်ပျိုးရေးတောင်သူများက ဆိုသည်။

    မွန်ပြည်နယ်တွင် စက်သုံးဆီမှောင်ခိုဈေးကွက်များ တစ်ဖြည်းဖြည်းတွင်ကျယ်လျက်ရှိပြီး နေ့စဉ်ဆီဝယ်ယူခွင့်ရရှိနေသည့် လိုင်စင်အနီယာဉ်များမှတစ်ဆင့်လည်း ရရှိလာသည့် စက်သုံးဆီများကို ပို့ဆောင်ဆက်သွယ်ရေးအတွက် အသုံးမပြုဘဲ တစ်ဆင့်ခံရောင်းချခြင်းများလုပ်ဆောင်နေသည်။

    စစ်ကော်မရှင်မှ ဆီချွေတာရေးဟုဆိုကာ ညွှန်ကြားချက်မျိုးစုံကို ထုတ်ပြန်ထားသော်လည်း မြေပြင်တွင် ပိတ်ထားသည့် စက်သုံးဆီဆိုင်များကို ကြပ်မတ်ခြင်းမရှိပေ။

    ပုံ-ဝရဇိန်ပေါင်

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,400SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks