မြန်မာနိုင်ငံတွင် ဗဟိုမိုဘိုင်းစက်ပစ္စည်း သက်သေခံမှတ်ပုံတင်စနစ် Central Equipment Identity Register (CEIR) ကို စတင်ကျင့်သုံးနေပြီး စစ်ကော်မရှင်၏ အခွန်သတ်မှတ်ချက်များကြောင့် လက်ကိုင်ဖုန်းဈေးနှုန်းများ မြင့်တက်လာနိုင်ကြောင်း ဖုန်းအရောင်းအဝယ်ဈေးကွက်မှ ပြောဆိုချက်များအရ သိရသည်။
စစ်ကော်မရှင်မှ ဧပြီလ ၁ ရက်နေ့မှစ၍ ဈေးကွက်တွင် ရောင်းချသည့် ဖုန်းအသစ်များအားလုံး CEIR စနစ်ဖြင့် မှတ်ပုံတင်ပြီး အခွန်ပေးဆောင်ပြီးမှသာ ဆက်သွယ်ရေးကွန်ရက်အတွက် အသုံးပြုခွင့်ရရှိမည်ဟု သတ်မှတ်ထားသည်။
CEIR စနစ်၏ အခွန်သတ်မှတ်ချက်အရ မြန်မာနိုင်ငံအတွင်း တင်သွင်းမည့် ဖုန်းအသစ်တစ်လုံးအတွက် အကောက်အခွန် ၅ ရာခိုင်နှုန်း၊ ကုန်သွယ်လုပ်ငန်းခွန် ၅ ရာခိုင်နှုန်း၊ ဝင်ငွေခွန် ၂ ရာခိုင်နှုန်းနှင့် ဒဏ်ကြေး ၂၅ ရာခိုင်နှုန်းအထိ ရှိနိုင်ပြီး ယင်းနှုန်းထားများကြောင့် ဖုန်း၏ မူရင်းတန်ဖိုးနှင့် ပေါင်းပါက ဈေးနှုန်းများ ထိုးတက်သွားမည်ဖြစ်သည်။

“အခွန်သက်သက်က ၃၀ ရာခိုင်နှုန်းကျော်မှ ၃၇ ရာခိုင်နှုန်းအထိ ပေးဆောင်ရနိုင်တယ်။ ဥပမာအားဖြင့် ကျပ် ၂၀ သိန်းတန်ဖုန်းတစ်လုံးအတွက် ကျပ် ၇ သိန်းကျော်အထိ အခွန်ထပ်မံပေးရမယ်။ ဒါဆို ဖုန်းက ဈေးကြီးရောင်းမှရတော့မယ့် အခြေအနေပေါ့” ဟု မော်လမြိုင်မြို့မှ ဖုန်းရောင်းဝယ်နေသူတစ်ဦးက ဆိုသည်။
ထို့ကြောင့် အခွန်ဆောင်ပြီးသည့် ၁၀ သိန်းတန်ဖုန်းတစ်လုံးသည် ၁၃ သိန်းအထိ ဖြစ်လာနိုင်ပြီး သိန်း ၆၀ တန်ဖုန်းတစ်လုံးသည် သိန်း ၈၀ ကျော်အထိ ရောက်ရှိနိုင်သည်ဟု ဖုန်းဈေးကွက်မှ ခန့်မှန်းထားသည်။
လတ်တလောတွင်လည်း ဖုန်းဈေးနှုန်းအပြောင်းအလဲရှိနေပြီး ဖုန်းအသစ်ဝယ်ယူရာတွင် အခွန်ဆောင်ပြီးသည့် တရားဝင်ဖုန်းများ ဟုတ်/မဟုတ် သတိပြုရန် ဖုန်းအရောင်းအဝယ်လုပ်ဆောင်နေသူများမှ တိုက်တွန်းသည်။
အခြေခံလူတန်းစားများအနေဖြင့်လည်း ဖုန်းအသစ်ဝယ်ယူခြင်းသည် ယခင်ထက် ပိုမိုခက်ခဲလာနိုင်ပြီး လက်ရှိအသုံးပြုနေသော ဖုန်းများကိုသာ ပိုမိုဂရုစိုက်အသုံးပြုရမည့် အခြေအနေသို့ ရောက်ရှိလာနေသည်ဟု ကြာအင်းဆိပ်ကြီးမြို့နယ်မှ ဒေသခံ အမျိုးသမီးတစ်ဦးက ဆိုသည်။
“ဖုန်းဈေးက ခုတောင်အနိုင်နိုင်ဝယ်နေရတာ။ ဈေးကထပ်ပြီး တက်သွားမယ်ဆိုရင် ကျွန်မတို့လို လူတွေအတွက် ဖုန်းအသစ်ကို ဘယ်ဝယ်နိုင်တော့မလဲ။ ဖုန်းအစုတ်တွေပဲ ဆက်သုံးပေါ့” ဟု ဆိုသည်။
၂၀၂၆ ခုနှစ် မတ်လ ၃၁ ရက်မတိုင်မီ ဆင်းကတ်ထည့်အသုံးပြုထားသည့် ဖုန်းများကို အခွန်ကင်းလွတ်ခွင့်ပေးကာ CEIR စနစ်တွင် အလိုအလျောက် မှတ်ပုံတင်ထားပြီး သတ်မှတ်ကာလအတွင်း ဆက်လက်အသုံးပြုခွင့်ရှိမည်ဖြစ်သည်။
သို့သော် ဆင်းကတ်မထည့်ရသေးသော ဖုန်းများကို (Blacklist) စာရင်းထဲသို့ ထည့်သွင်းထားပြီး ဆင်းကတ်ထည့်ပြီး အခွန်မပေးဆောင်ပါက ၃၀ ရက်အတွင်း ကွန်ရက်အသုံးပြုခွင့် ပိတ်သွားမည်ဖြစ်ကြောင်း သိရသည်။
CEIR စနစ်သည် တရားမဝင်ဖုန်းများကို ထိန်းချုပ်ရန်နှင့် အခွန်ဝင်ငွေ တိုးမြှင့်ရန် ရည်ရွယ်ထားသော်လည်း လက်တွေ့အခြေအနေတွင် စစ်ကော်မရှင်က ပြည်သူများ၏ လှုပ်ရှားမှုများအားလုံးကို စောင့်ကြည့်ထိန်းချုပ်နေသဖြင့် ကိုယ်ရေးကိုယ်တာလုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို သတိထားရန် လိုအပ်ကြောင်း နည်းပညာကျွမ်းကျင်သူများက အကြံပြုသည်။



