စက်သုံးဆီ ဝယ်ယူရခက်သည့်အပြင် ဆီစျေးလည်း မြင့်တက်လာသည့်အတွက် ယာဉ်စီးခနှုန်းထားများ၊ ကုန်စည်ပို့ဆောင်သည့် ကုန်တင်ကားခများလည်း မြင့်တက်လာသည်။ ကုန်စည်ပို့ဆောင်ရေး စရိတ်များ မြင့်တက်လာသည်နှင့်အမျှ ကုန်စျေးနှုန်းများလည်း မြင့်တက်လာသည်။
မကြာခင်ကျရောက်တော့မည့် သင်္ကြန်ကာလတွင်လည်း သင်္ကြန်အသုံးအဆောင်ပစ္စည်းများနှင့် အခြေခံစားသောက်ကုန်ပစ္စည်းများ ဈေးထပ်မံမြင့်တက်လာသည့်အပေါ် အိမ်ရှင်မတို့က စိုးရိမ်မကင်းဖြစ်နေကြသည်။
အခြေခံစားသောက်ကုန်ဈေးနှုန်းများ မြင့်တက်လာခြင်းကြောင့် ဝင်ငွေနည်းပါးသော မိသားစုများအတွက် စားနပ်ရိက္ခာ မလုံလောက်မှု ပြဿနာများ ရင်ဆိုင်ကြုံတွေ့လာကြရသည်။ စက်သုံးဆီဂယက်ကြောင့် မြင့်တက်လာသည့် ကုန်စျေးနှုန်းဒဏ်ကို အဓိက ရင်ဆိုင်ဖြေရှင်းနေရသည့် အိမ်ရှင်တို့၏ စကားသံကို စုစည်းတင်ပြလိုက်သည်။

ဇင်းကျိုက်မြို့က အကင်ရောင်းနေသည့် အမျိုးသမီးတစ်ဦး
“လောလောဆယ်ကတော့ ပစ္စည်းတွေက ဝယ်ရခက်နေတယ်။ ကျမတို့က အကင်ရောင်းတယ်။ အခု သုံးနေတဲ့ အကြော်ဆီက တစ်သိန်းတစ်သောင်းကနေ တစ်သိန်းခွဲ ဖြစ်နေပြီပေါ့။ အချိုမှုန့်တို့ ဘာညာ အစစအရာရာပေါ့ ပစ္စည်းပြတ်နေတယ်။ ဒီလမ်းပန်းဆက်သွယ်ရေးနဲ့ စုံ၊ မခွဲ ပြဿနာကြောင့် ယိုးဒယား ပစ္စည်းတွေလည်း အကုန်လုံးပဲ ဈေးတက်နေတယ်။ အမြတ်ဆိုလည်း သိပ်မရှိဘူး။ ဟန်မပျက်အောင်တော့ ရောင်းနေရတယ်။ ဒါပေမဲ့ ပစ္စည်းတွေ ဝယ်လှောင်တာတော့ မရှိဘူး။ သင်္ကြန်နီးရင်တော့ နည်းနည်း ခက်ခဲမယ်ထင်တယ်။ ပစ္စည်းတွေ ဝယ်လို့ မရဘူးဆိုလည်း ဆိုင်ကတော့ နားရမှာ။ ကြက်ဥတောင်မှ အရင်က ၄၈၀ ကနေ ၅၅၀ ဖြစ်တယ် ပြန်ရောင်းဖို့ ၈၀၀ ကင်ပြီး ရောင်းတယ်။”
သံဖြူဇရပ်မြို့က အိမ်ရှင်မတစ်ဦး
“ဆီစျေးတက်လို့ ကားခ၊ ကုန်ဈေးနှုန်းတွေ လိုက်တက်တာ သံသရာ လည်နေတယ်။ ဈေးက ပြောင်းနေတာ အမျိုးမျိုးပဲ ဝက်သား လေးသောင်းတောင်၊ ပုစွန်သေးသေးဆို သုံးသောင်းကနေ ငါးသောင်းတောင်၊ မီးဖိုချောင်သုံး ဆီဆို ၈၀၀၀၊ နေ့စားအလုပ်သမား တစ်သောင်းကျော်ရတယ် မိသားစု စားဝတ်နေရေး မပြေလည်တော့ဘူး။ ပိုက်ဆံတစ်သောင်းက ညမနက် နှစ်ယောက်စာ မလုံလောက်ဘူး။ ကြက်သွန်နီ တစ်ပိဿာ ၂၇၀၀ ကနေ ၄၀၀၀ ဖြစ်တယ်။ သင်္ကြန် လူကြီးကန်တော့ဖို့၊ ဆွမ်းချက်ဖို့တောင် မလုံလောက်တော့ဘူး။ ဒီနှစ် ကုန်ဈေးကတော့ အဆများစွာပါပဲ”
ပေါင်မြို့နယ်မှ အိမ်ရှင်မတစ်ဦး
“အခု ငါးခြောက်ကောင်းကောင်းဆို တစ်ပိဿာ နှစ်သိန်း ဖြစ်နေတယ်။ ဒီနှစ်အတွင်းမှာက အတက်ဆုံးပေါ့။ ဒီထက် ထပ်တက်ဖို့ မရှိလောက်တော့ဘူး ထင်တယ်။ အခြေခံ မိသားစုတွေ ပင်ပင်ပန်းပန်းလုပ်မှ ဝင်ငွေက တစ်နေ့ နှစ်သောင်းခွဲ အဲလောက်ပဲရတယ်။ အသားဟင်း မစားနိုင်တာ ကြာပြီ။ အသီးအရွက်နဲ့ ဟိုအရိုးခြမ်း ဒီအရိုးခြမ်းနဲ့ပဲ စားနိုင်တယ်။ ဆန်ဝယ်ရ၊ ကလေးမုန့်ဖိုးနဲ့ တစ်နေ့လုပ် တစ်နေ့ရတာ မဟုတ်ဘူး သုံးလေးရက် တစ်ခါရတယ်။ ရတာကို အကြွေး ဆပ်လိုက် ဘာလိုက်နဲ့ ရပ်တည် နေကြရတယ်။ ဖြစ်သလိုပဲ ကြံဖန် နေရတယ်။”
ကျိုက်မရောဒေသခံ အိမ်ရှင်မတစ်ဦး
“သင်္ကြန်နီးလာပြီဆိုတော့ ပဲကြမ်းတို့ ကြက်သွန်နီတို့၊ ပုစွန်ခြောက်၊ ငါးခြောက်တို့ ဈေးတက်တယ်။ ဆီစျေးတက်လို့ ကားခ၊ လှေခကြောင့် လိုက်တက်တာလို့ပဲ ပြောမှာပေါ့ စားသုံးဆီတို့၊ ဆန်တို့ဆို အရင်လကထက် တစ်သောင်းခွဲလောက် တက်သွားတယ်။ ရွှေဘိုဆန်ဆို တစ်သိန်းကနေ ၁၁၅၀၀၀ ဖြစ်တယ်။ ချဉ်ပေါင်တစ်စည်း ၁၀၀၀ ခါတိုင်း ၃၀၀/၄၀၀ ပဲ၊ အခြေခံလူတန်းစားအတွက် မလွယ်ဘူး။ ပိုက်ဆံကလည်း ရှာရ ခက်ခဲလာတယ်။ ထိုင်းကလာတဲ့လူတွေပဲ ဝယ်နိုင်၊ စားနိုင်တယ်။ ရေကစားတဲ့ ပြွတ်က နည်းနည်းကြီးတဲ့ဟာဆို သုံးသောင်း၊ လေးသောင်းခွဲ၊ နှစ်ဆမကဘူး တက်လာတယ်။ မနှစ်ကစျေး မပြောနဲ့ ဒီလနဲ့ ပြီးခဲ့တဲ့လတောင် တက်တယ်။ အမျိုးအစား အလိုက်ပေါ့၊ အိတ်အလိုက်လည်း ဝယ်မနိုင်ဘူး။ တစ်ပိဿာ ဈေးဆို ပိုစျေးကြီးတယ်။”
မုဒုံမြို့နယ်မှ ဟင်းသီးဟင်းရွက် ရောင်းသူတစ်ဦး
“ဟင်းသီးဟင်းရွက်တွေလည်း ဆီကိစ္စကြောင့် မလာကြတော့ဘူး။ ရောင်းဖို့တောင် မရှိဘူး။ စိုက်ထားတဲ့ ဟင်းရွက်လည်း ဆီမရှိလို့ ရေမသွင်းရတော့ သေကုန်တယ်။ နွေဆိုရင် ဟင်းရွက်တွေ လိုက်ပို့ ဖောက်သည်လိုက်ချရမှာ အခု သွားလာလို့မလွယ် အထက်ပိုင်းကလာတဲ့ ဟင်းရွက် သက်သက်ဆို ပိုတောင် ဈေးတက်ဦးမယ်။ အခုကန်စွန်ရွက် ၂၀၀ ဝယ်ရတယ်။ ၃၀၀ ပြန်ရောင်း။ ချဉ်ပေါင်တို့၊ ဇီယာတို့ အကုန်ပဲတက်တယ်။ အထက်ပိုင်းကလာတဲ့ ကော်ဖီထုတ်၊ ခရမ်းချဉ်သီးဆို တစ်ပိဿာ ၅၀၀၀ ကနေ ၆၀၀၀ ဖြစ်တယ် အနည်းဆုံး ၅၀၀ စီ တက်တယ်။ ခြံသွားပြီး ရော်ဘာအစေးခြစ်ဖို့လည်း ဆီမရှိဘူး။ ထိုင်းက ပြန်လာတဲ့ လူတွေလည်းတောင် သင်္ကြန်အထိ မစောင့်ကြဘူး ပြန်ဝင်ကုန်တယ်။ ဒီအသုံးစရိတ်ကို လန့်ကြတယ်လေ။ ကားခလည်း အဆမတန် တက်လာတယ်။”



