Thursday, April 2, 2026
More
    spot_img
    Homeသတင်းသုံးနှစ်နီးပါး ပိတ်ထားသည့် အာရှလမ်းမကြီး ပြန်လည်ဖွင့်လှစ်ပြီး ယာဉ်ငယ်များ စတင်သွားလာ

    သုံးနှစ်နီးပါး ပိတ်ထားသည့် အာရှလမ်းမကြီး ပြန်လည်ဖွင့်လှစ်ပြီး ယာဉ်ငယ်များ စတင်သွားလာ

    -

    ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးအတွက် အဓိကကျပြီး ၃ နှစ်နီးပါး ပိတ်ထားရသည့် ဘားအံ-ကော့ကရိတ်-မြဝတီ အာရှလမ်းမကြီး ယနေ့ ဧပြီလ ၂ ရက်နေ့တွင် စစ်ကော်မရှင်အဖွဲ့မှ ပြန်လည်ဖွင့်လှစ်လိုက်ပြီး ယာဉ်ငယ်များ စတင်သွားလာနေသည်ဟု ဒေသအတွင်း သတင်းအရင်းအမြစ်များထံမှ သိရသည်။

    လမ်းမကြီး ပြန်လည်ဖွင့်လှစ်လိုက်သော်လည်း မော်တော်ဆိုင်ကယ်၊ အိမ်စီးယာဉ်များနှင့် ခရီးသည်တင်ယာဉ်ငယ်များသာ ဖြတ်သန်းသွားလာခွင့်ပြုထားပြီး ကုန်တင်ယာဉ်အကြီးများကို သွားလာခွင့် ကန့်သတ်ထားဆဲဖြစ်ကြောင်း မြဝတီဒေသခံတစ်ဦးက ပြောသည်။

    “လောလောဆယ်တော့ ၁၂ ဘီးကားတို့ ကားအကြီးတွေဆို မပေးဆင်းသေးဘူး။ အမှတ် ၂ တံတားကလည်း ပြန်မဖွင့်သေးဘူး။ ကုန်သွယ်ရေးဇုန်ကလည်း မဖွင့်သေးဘူး။ ခုက လမ်းမကြီးတစ်ခုပဲ ဖွင့်သေးတာ၊ အဲ့ကြောင့် ကားအသေးတွေပဲ သွားလို့ရသေးတာ” ဟု ၎င်းက ဆိုသည်။

    ယနေ့ နံနက်ပိုင်းအထိ လမ်းပိုင်းတစ်လျှောက် သွားလာနေကြသည့် မော်တော်ဆိုင်ကယ်များ၊ အိမ်စီးယာဉ်များနှင့် ခရီးသည်တင်ယာဉ်ငယ်များ အစီးရေ ၄၀၀ ဝန်းကျင်အထိ ရှိခဲ့သည်ဟုလည်း လမ်းပိုင်းအခြေအနေ သိရှိသူတစ်ဦးက ဆိုသည်။

    ကော့ကရိတ်-မြဝတီ အာရှလမ်းဖွင့်ပွဲအခမ်းအနားကို ယနေ့ ဧပြီလ ၂ ရက်နေ့ နံနက်ပိုင်းတွင် ဘားအံမြို့နယ်၊ တံတားဦးကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့ပြီး စစ်ကော်မရှင်ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကာ လမ်းပိုင်းသွားလာသူများကိုလည်း အအေးဘူးများဖြင့် ကြိုဆိုခဲ့သည်။

    မြဝတီမှ ဆင်းလာသောယာဉ်များ ကော့ကရိတ်မြို့သို့ အတားအဆီးစစ်ဆေးမှုမရှိဘဲ တစ်နာရီအတွင်း ရောက်ရှိလာနေကြောင်းလည်း ဆိုသည်။

    “အခုလို လမ်းပြန်ဖွင့်လိုက်တော့ သွားလာရေး အရင်ကထက် အများကြီး အဆင်ပြေသွားတာပေါ့လေ၊ လမ်းမှာလည်း အဆင်ပြေပြေပဲ သွားလာနေကြတယ်လို့ ကြားတယ်” ဟု အထက်ပါဒေသခံတစ်ဦးက ဆက်ပြောသည်။

    ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ စတုတ္တအပတ်မှစတင်၍ တိုက်ပွဲများ ဖြစ်ပွားနေသည့်အတွက် အဆိုပါအာရှလမ်းပိုင်းအား ပိတ်ထားခဲ့ရာ ထိုင်း-မြန်မာ ကုန်စည်စီးဆင်းမှု ရပ်ဆိုင်းသွားခဲ့ရပြီး ကုန်စည်သယ်ယူပို့ဆောင်ရေးများကို အဆင်ပြေသည့် လမ်းပိုင်းမှ တင်သွင်းခဲ့ရသည်။

    အာရှလမ်းမကြီး ပြန်လည်ဖွင့်လှစ်နိုင်ပြီဖြစ်သဖြင့် မြဝတီ-မဲဆောက် အမှတ် ၂ ချစ်ကြည်ရေးတံတားနှင့် မြဝတီကုန်သွယ်ရေးဇုန်ကိုလည်း ပြန်လည်ဖွင့်လှစ်ရန် ကုန်သည်နှင့် ဒေသခံများက လိုလားနေကြသည်။

    နယ်စပ်ကုန်သွယ်ရေး ပြန်လည်စတင်ရန် စစ်ကော်မရှင် နိုင်ငံခြားရေးဝန်ကြီးနှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီးတို့ ပြီးခဲ့သည့် ဖေဖော်ဝါရီလက ဖူးကတ်မြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ပြီး နယ်စပ်ကုန်သွယ်ရေးကိစ္စအတွက် တိုင်းရင်းသားလက်နက်ကိုင်များ ကြားဝင်ကူညီပေးခြင်းများ လုပ်ဆောင်ပေးမည်ဟုလည်း ထိုင်းဝန်ကြီးဘက်မှ ကမ်းလှမ်းခဲ့သည်။

    ပုံ-ခရီးသွားလာသူတစ်ဦး၏ လူမှုကွန်ရက်စာမျက်နှာ

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,400SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks