Thursday, April 2, 2026
More
    spot_img
    Homeသတင်းမွန်-ခမာအုပ်စု “ဝ”၊ မွန်၊ တအာင်းတို့ အားကောင်းတဲ့ အစုအဖွဲ့အဖြစ် ရပ်တည်သွားမယ်

    မွန်-ခမာအုပ်စု “ဝ”၊ မွန်၊ တအာင်းတို့ အားကောင်းတဲ့ အစုအဖွဲ့အဖြစ် ရပ်တည်သွားမယ်

    -

    မွန်-ခမာအုပ်စုဝင်များဖြစ်သည့် “ဝ”၊ မွန်၊ တအာင်း(ပလောင်) လူမျိုးများအနေဖြင့် စုစည်း၍ အားကောင်းသော အစုအဖွဲ့တစ်ခုအဖြစ် ရပ်တည်သွားမည်ဖြစ်ကြောင်း “ဝ”လူငယ့်အသံမှ ပြောရေးဆိုခွင့်ရှိသူက IMNA ကို ပြောသည်။

    မိမိတို့ လူငယ်အစုအဖွဲ့ကို စစ်တပ်အာဏာသိမ်းနောက်ပိုင်း စုစည်းခဲ့ပြီး ၁၀၂၇ စစ်ဆင်ရေးကာလအလွန်တွင် “ဝ”၊ မွန်၊ တအာင်းလူငယ်တို့ ပိုမိုချိတ်ဆက်နိုင်ခဲ့သည်ဟု ၎င်းက ပြောသည်။

    “ကျမတို့ ဒီ ၃ ဖွဲ့စုဖွဲ့ပြီးတော့ အားကောင်းကောင်းနဲ့ ဆက်ပြီးတော့သွားဖို့ဆိုလို့ရှိရင် လူငယ်အင်အားတွေ အများကြီး လိုအပ်တယ်။ ထပ်ပြီးတော့ ဒီထက်ပိုပြီးတော့ စည်းစည်းလုံးလုံးနဲ့ ကျမတို့ သွားဖို့လည်း ရှိတယ်ပေါ့၊ ကျမတို့ မွန်-ခမာ စုဖွဲ့မှုက နိုင်ငံရေး၊ စစ်ရေးအရပဲ မဟုတ်ဘဲနဲ့ ကျမတို့ Culture (ယဉ်ကျေးမှု) ပိုင်းပေါ့ ကျမတို့ရဲ့ အတိတ်သမိုင်း၊ ကျမတို့ရဲ့ အစဉ်အလာ၊ ကျမတို့ သမိုင်းစဉ်လာထုံးတမ်းတွေကိုလည်း မမေ့မပျောက်ဘဲနဲ့ ရှေ့ဆက်ပြီး ထိန်းသိမ်းသွားဖို့ ပြီးတော့ အားကောင်းတဲ့ အစုအဖွဲ့တစ်ခုအဖြစ် ကျမတို့ အနေနဲ့တော့ ရပ်တည်သွားဖို့ ရှိပါတယ်” ဟု “ဝ”လူငယ့်အသံမှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

    အာဏာသိမ်းမှုနောက်ပိုင်းတွင် “ဝ”လူငယ့်အသံ၊ တအာင်းကျောင်းသားနှင့် လူငယ်များအဖွဲ့၊ တိုးတက်သောမွန်လူငယ်များအစည်းအရုံးတို့သည် မွန်-ခမာအုပ်စုများ စည်းလုံးညီညွတ်ကာ အကြမ်းဖက်စစ်တပ် အာဏာသက်ဆိုးရှည်စေမည့် မည်သည့်လုပ်ရပ်မျိုးကိုမဆို ဆန့်ကျင်တော်လှန်သွားမည်ဖြစ်ဟု သဘောထားထုတ်ပြန်ခဲ့သည်။

    မွန်နှင့် တအာင်း (ပလောင်)တို့သည် ယခင်ကတည်းက ကဏ္ဍအလိုက် ချိတ်ဆက်ဆောင်ရွက်မှုများ ရှိခဲ့ပြီး စစ်အာဏာသိမ်းမှုနောက်ပိုင်း စစ်ရေး၊ နိုင်ငံရေးကဏ္ဍတို့တွင်လည်း ချိတ်ဆက်လုပ်ဆောင်ခဲ့ကြောင်း၊ သို့သော်လည်း မွန် နှင့် “ဝ”တို့အကြားတွင် ချိတ်ဆက်မှု အားနည်းခဲ့သည်ဟု ဆိုသည်။

    နိုင်ငံရေးကဏ္ဍများအပြင် ယဉ်ကျေးမှု၊ ပညာရေး စသော ကဏ္ဍများပါ မွန် နှင့် တအာင်း (ပလောင်)တို့အကြား ချိတ်ဆက်လုပ်ဆောင်မှုအပိုင်းတွင် ပိုမိုအားကောင်းလာကြောင်း မွန်အမျိုးသားကောလိပ်ကျောင်းအုပ်ကြီး ဒေါက်တာပညာမွန်က IMNA ကို ပြောသည်။

    ပညာရေးကဏ္ဍတွင် မွန်သည် ရှေ့ရောက်သည့် အနေအထားတွင် ရှိနေပြီး တအာင်း(ပလောင်)တို့အနေဖြင့်လည်း ၎င်းတို့၏ ပညာရေးများကို မြှင့်တင်လိုသည့်အတွက် မိမိတို့နှင့် ပူးပေါင်းဆောင်ရွက်မှုများ၊ ဆွေးနွေးဖလှယ်မှုများ ရှိနေသည်ဟု ၎င်းက ပြောသည်။

    ဒေါက်တာပညာမွန်က “မွန်နဲ့ ပလောင်နဲ့ကတော့ ကျနော်တို့ ချိတ်ဆက်ထားတာကတော့ နိုင်ငံရေးသက်သက်တော့ မဟုတ်ဘူးပေါ့နော်။ အရင်ကဆိုတော့ ယဉ်ကျေးမှုအပိုင်းရော ပြီးတော့ လူငယ် ချစ်ကြည်ရေးရောပေါ့နော်။ အရင်ကလည်း သူတို့ အဆက်အဆံ ထားရှိတယ်။ ပြီးရင် ယဉ်ကျေးမှု အစုံပေါ့နော် အရင်က ရှိခဲ့တယ်။ နောက်မှ ဒီ နွေဦးတော်လှန်ရေး ဖြစ်လာပြီးမှ စစ်ရေးကဏ္ဍပေါ့နော် ပါဝင်လာတာပေါ့။ အခုကလည်း ဘာပဲပြောပြော ပလောင်နဲ့ မွန်နဲ့ကတော့ အရင်ကလည်း ဆက်ဆံရေး ရှိခဲ့တယ်။ အခုလည်း ပိုပြီးတော့ ဒီ အားကောင်းလာတာပေါ့လေ ပြောလို့ ရတာပေါ့နော်။ အခုလက်ရှိ မွန်တော်လှန်ရေးအဖွဲ့ကို ကြည့်မယ်ဆိုရင် သူတို့က နီးနီးကပ်ကပ် သူတို့မှာ ပူးပေါင်းဆောင်ရွက်မှု ရှိတဲ့အခါကျတော့လေ ကျနော်ထင်တယ် ပူးပေါင်းဆောင်ရွက်မှု ပိုပြီးတော့ အားရှိလာတာပေါ့နော်” ဟု ပြောသည်။

    “ဝ”သည် မွန်-ခမာမျိုးနွယ်စုဖြစ်သော်လည်း တရုတ်နှင့်နီးကပ်သောကြောင့် မိမိတို့နှင့် ချိတ်ဆက်မှု အားနည်းကြောင်း၊ အခြားသော မွန်အဖွဲ့အစည်းများဖြင့် ချိတ်ဆက်မှု ရှိ/မရှိကိုမူ မိမိအနေဖြင့် မသိရှိကြောင်း ၎င်းက ဆက်ပြောသည်။

    လက်ရှိတွင်လည်း မွန်ပညာရေးအဖွဲ့အစည်း နှင့် တအာင်း(ပလောင်)တို့ ပညာရေးအဖွဲ့အစည်းများတို့အကြား ကွန်ရက်များ ဖွဲ့စည်းထားမှုများရှိနေပြီး ပူးပေါင်းဆောင်ရွက်နေသည်ဟု သိရသည်။

    စစ်ရေးအရ မွန် နှင့် တအာင်း(ပလောင်)တို့ မည်ကဲ့သို့ ပူးပေါင်းဆောင်ရွက်မှု ရှိနေသလဲဆိုသည်ကို မိမိတို့အနေဖြင့် မသိရှိကြောင်း၊ နိုင်ငံရေးအရ ပူးပေါင်းဆောင်ရွက်မှုတွင် ကောင်းသော အလားအလာများ ရှိကြောင်း တအာင်းအမျိုးသမီးအဖွဲ့အစည်း (TWO) မှ လေးချီဆငါး က IMNA ကို ပြောသည်။

    “နိုင်ငံရေး သဘောသဘာဝအရ ပြန်ကြည့်မယ်ဆိုရင်တော့ ဒါက ကောင်းတဲ့ အလားအလာတစ်ခုတော့ ဖြစ်လာမယ်လို့တော့ မျှော်လင့်ရတာပေါ့နော်။ ကျနော်တို့ မွန်ဘက်မှာဆိုရင်လည်း မွန်ရဲ့ နိုင်ငံရေး၊ လက်ရှိ နိုင်ငံရေး၊ မြေပြင် အခြေအနေကအစ ဘယ်လို အခြေအနေရှိလဲ။ တအာင်းဘက်မှာဆိုရင်လည်း နိုင်ငံရေး အခြေအနေရော၊ မြေပြင် အခြေအနေရော ဘယ်လိုရှိလဲ ဆိုတဲ့ အပိုင်းတွေကို ကျနော်တို့ ကောင်းကောင်းမွန်မွန် အပြန်အလှန် ခုနကပြောသလိုမျိုး ချိတ်ဆက်ပြီးတော့ ဖလှယ်တယ်၊ ပူးပေါင်းဆောင်ရွက်နိုင်တယ် ဆိုရင်တော့ ဒါက တစ်ထောင့်တစ်နေရာကနေပြီးတော့ ကျနော်တို့ တော်လှန်ရေးရဲ့ အောင်မြင်မှု၊ တော်လှန်ရေးရဲ့ အစုအဖွဲ့ရဲ့ လှုပ်ရှားဆောင်ရွက်နိုင်မှု တစ်ခုတော့ အထောက်အကူ ဖြစ်လာမယ်လို့တော့ ယုံကြည်ရတာပေါ့” ဟု ပြောသည်။

    မြန်မာနိုင်ငံတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအနက် အင်အားအတောင့်တင်းဆုံးဖြစ်သော “ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) သည် TNLA အပါအဝင် အခြားသော လက်နက်ကိုင်အဖွဲ့အစည်းများကို လက်နက်ခဲယမ်းထောက်ပံ့မှုများ ရှိနေသည်ဟု နိုင်ငံရေးသုံးသပ်သူများက ပြောသည်။

    ထို့အတူ မွန်တော်လှန်ရေး လက်နက်ကိုင်အဖွဲ့အစည်းအချို့အား သျှမ်းမြောက်တွင် တအာင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) က အခြေခံစစ်ပညာသင်ကြားပေးမှုများ နှင့် အခြားသော ကူညီမှုများလည်း လုပ်ဆောင်ခဲ့သည်။

    “ဝ”လူငယ့်အသံမှ ပြောရေးဆိုခွင့်ရှိသူ က “အဓိကရည်ရွယ်ချက်ကတော့ ကျမတို့ မျိုးနွယ်စုဖြစ်တဲ့ မွန်-ခမာ “ဝ”၊ မွန်၊ တအာင်းလူငယ်တွေအနေနဲ့ ဝေးကွာခဲ့ရတာလည်း တော်တော်ကြာခဲ့ရပြီဖြစ်တဲ့အတွက် ဆိုတော့ လူငယ်တွေအနေနဲ့ အတူတကွ ပူးပေါင်းပြီး အင်အားတစ်ခုအနေနဲ့ ရှိဖို့ရည်ရွယ်ချက်နဲ့ ကျမတို့ စုဖွဲ့မိခဲ့တာပေါ့၊ တစ်ယောက်လိုအပ်ချက်ကို တစ်ယောက်က ကူညီဖေးမဖို့ ရည်ရွယ်ချက်လည်း ပါတယ်ပေါ့” ဟု ပြောသည်။

    မွန်-ခမာအနွယ် “ဝ”၊ မွန်၊ တအာင်း(ပလောင်)တို့သည် နွေဦးတော်လှန်ရေးနှင့်အတူ လူငယ်များ ချိတ်ဆက်ဆောင်ရွက်နိုင်ခဲ့သလို တခြားသော နိုင်ငံရေး၊ စစ်ရေးတို့တွင်လည်း ယခင်ထက် ပိုမိုဆောင်ရွက်နိုင်ခဲ့ကြကြောင်း ဆိုသည်။

    ခရစ်တော်မတိုင်မီ ဘီစီတစ်ထောင်ခန့် (နှစ်ပေါင်း သုံးထောင်ကျော်)ကပင် မွန်-ခမာအနွယ်ဝင် မွန်၊ ဝ၊ တအာင်း (ပလောင်) လူမျိုးတို့သည် တရုတ်ပြည် တောင်ပိုင်း ယန်စီကျန်းဒေသမှ ရွှေလီမြစ်၊ တာပိန်မြစ်၊ သံလွင်မြစ် နှင့် မဲခေါင်မြစ်ကြောင်းများအတိုင်း ရွှေ့ပြောင်းလာကြပြီး အဆိုပါမြစ်ဝှမ်းများဒေသများတွင် အခြေချနေထိုင် လာခဲ့ကြသည်ဟု TNLA ၏ ပြန်ကြားရေးဌာနတွင် ဖော်ပြထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,400SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks