တနင်္သာရီတိုင်းဒေသကြီးအတွင်း စက်သုံးဆီပြတ်လပ်မှုနှင့် စျေးနှုန်းမြင့်တက်လာမှုကြောင့် စစ်ဘေးရှောင်ပြည်သူများအတွက် ကူညီထောက်ပံ့ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အခက်အခဲများ ဖြစ်ပေါ်နေကြောင်း စစ်ရှောင်အကူအညီပေးရေးအဖွဲ့များထံမှ သိရသည်။
လက်ရှိတွင် စစ်ရှောင်ဦးရေ တိုးလာနေသည့် တနင်္သာရီတိုင်းဒေသကြီးတွင် အများစုက လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့် တောတောင်ဒေသများတွင် ခိုလှုံနေထိုင်ကြရပြီး အစားအသောက်နှင့် ဆေးဝါးများကို မြို့ပေါ်မှတစ်ဆင့် ဝယ်ယူပို့ဆောင်ပေးနေရသည်။
လက်ရှိတွင် စက်သုံးဆီပြတ်လပ်နေခြင်းနှင့် စျေးမြင့်တက်နေခြင်းတို့ကြောင့် ကူညီရေးလုပ်ငန်းများမှာ စက်သုံးဆီမရှိလျှင် ဆက်လက်ဆောင်ရွက်ရန် မလွယ်ကူသည့် အခြေအနေရှိနေကြောင်း ဆိုသည်။

“စစ်ရှောင်တွေ ဆက်တိုက်တိုးလာနေတော့ ကျွန်တော်တို့လည်း ဆက်တိုက်ကူညီပေးနေရတယ်။ ဒါပေမဲ့ သူတို့ရှိတဲ့နေရာတွေမှာ အင်တာနက်မရှိတော့ မြေပြင်ကို တိုက်ရိုက်သွားပြီး ကူညီရတယ်။ အခုတော့ ဓာတ်ဆီစျေးတက်ပြီး လိုသလိုဝယ်မရတော့ သွားရောက်ကူညီဖို့ အရမ်းခက်ခဲနေပါတယ်” ဟု ဒေါနတနင်္သာရီ စစ်ဘေးရှောင်များအထောက်အကူပြုရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
စက်သုံးဆီပြတ်လပ်မှုကြောင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ နှောင့်နှေးလာပြီး အချို့ဒေသများတွင် ရိက္ခာနှင့် ဆေးဝါးများ အချိန်မီ မရောက်ရှိနိုင်သည့် အခြေအနေများ ဖြစ်ပေါ်နေသည်။
ထိုအခြေအနေသည် စစ်ဘေးရှောင်များ၏ နေထိုင်မှုအခြေအနေကို ပိုမိုဆိုးရွားလာစေပြီး စားနပ်ရိက္ခာနှင့် ဆေးဝါးလုံလောက်မှုကို တိုက်ရိုက်ထိခိုက်စေသည်။
ထို့ပြင် ကုန်စျေးနှုန်းများ မြင့်တက်လာမှုကြောင့် ယခင်ကထက် ပိုနည်းသော ရိက္ခာများသာ ဝယ်ယူနိုင်သည့် အခြေအနေဖြစ်လာကာ စစ်ဘေးရှောင်အချို့တွင် အစားအသောက် လျှော့စားနေရကြောင်းလည်း သိရသည်။

“အရင်က ဓာတ်ဆီတစ်ဂါလံကို ၁၈၀၀၀ လောက်ပဲရှိပေမယ့် အခုက ၄၀၀၀၀ ကျော်ပေးရတယ်။ ဒါပေမယ့် ပိုက်ဆံရှိလည်း လိုသလိုဝယ်လို့မရဘူး။ ကုန်ပစ္စည်းစျေးတွေတက်၊ ကားငှားရခက်တာတွေကြောင့် လုပ်ငန်းဆောင်ရွက်ဖို့ အရမ်းခက်ခဲနေပါတယ်။ အဲဒါကြောင့် သတ်မှတ်ထားသလောက် ပို့မပေးနိုင်ဘူး၊ တစ်ယောက်နဲ့ တစ်ယောက် မျှစားနေကြတယ်” ဟု အဆိုပါတာဝန်ရှိသူက ဆက်ပြောသည်။
စက်သုံးဆီပြတ်လပ်မှုနှင့် ကုန်စျေးနှုန်းမြင့်တက်မှုများကြောင့် စစ်ဘေးရှောင်ပြည်သူများ၏ နေ့စဉ်စားဝတ်နေရေး အခက်အခဲများ ပိုမိုတိုးလာနေသည်။
ထို့ကြောင့် လက်ရှိအခြေအနေတွင် စစ်ဘေးရှောင်များအတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ ပိုမိုလိုအပ်လာပြီး ကူညီရေးအဖွဲ့များအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုသည်လည်း အရေးကြီးနေကြောင်း ဆိုသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလစာရင်းအရ တနင်္သာရီတိုင်းဒေသကြီးအတွင်း စစ်ဘေးရှောင်ဦးရေသည် ကိုးသောင်းနီးပါးရှိခဲ့ပြီး မတ်လကုန်အထိ နေရပ်မပြန်နိုင်သေးကြောင်း သိရသည်။



