မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးကို ပြန်ဖွင့်လှစ်ခဲ့သော်လည်း နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးများ ပြန်မစနိုင်သေးဟု စစ်ကော်မရှင်၏ ကရင်ပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။
အာရှလမ်းမကြီးကို ယနေ့ ဧပြီ ၂ ရက် နံနက် ၈ နာရီအချိန်က ကော့ကရိတ်မြို့နယ်၊ တံတားဦးကျေးရွာ (လွန်းညရေပြာ) အနီးတွင် အခမ်းအနားဖြင့် အာရှလမ်းဖွင့်ပွဲ ပြုလုပ်ခဲ့သည်။
အာရှလမ်းမကြီး ပြန်လည်ဖွင့်လှစ်သော်လည်း မြဝတီနယ်စပ်ကုန်သွယ်ရေးဂိတ်မှ နယ်စပ်သွင်းကုန်လိုင်စင်များ မချပေးသေးသည့်အပြင် တံတားများမှာ ၁၂ ဘီးကားများ ဖြတ်သန်းနိုင်သည်အထိ ခံနိုင်ရည်မရှိသေးကြောင်း ဆိုသည်။

“ဒီလိုပါ အဲဒီ ကော့နွဲတံတားက ဘေလီတံတားယာယီထိုးထားတယ်ဆိုတော့ ဟို ၄၅ တန်လောက်ပဲ ခံနိုင်ရည်ရှိတယ်။ အဲဒီ တန် ၆၀ ခံနိုင်တဲ့ တံတားတွေကတော့ ရှိတယ်။ ဒါကြောင့်မို့ တွဲကားတွေ ၂၂ ဘီး ကားကြီးတွေကတော့ ပေးဖြတ်လို့ မရသေးပါဘူး။ နယ်စပ်ကုန်သွယ်မှုကတော့ တရားဝင်မဖွင့်ရသေးဘူးပေါ့။ လောလောဆယ် ဘားအံ၊ ကော့ကရိတ်၊ မြဝတီ ဒီအာရှလမ်းကိုပဲ ဖွင့်တာပါ။ နယ်စပ်ကုန်သွယ်ရေးကတော့ ပြန်ဖွင့်ဖို့တော့ရှိပါတယ်။ လောလောဆယ်တော့ ပြန်မဖွင့်နိုင်သေးဘူး။ တကယ်လို့ ဖွင့်နိုင်မယ်ဆိုရင် ကုန်တွေကို ပင်လယ်ရေကြောင်းကနေ မသွင်းဘဲ အဲဒီထိုင်း-မြဝတီ-မဲဆောက်ကတစ်ဆင့် ကုန်းလမ်းကနေပြီးတော့မှ ပြန်ပြီးတော့ ခွင့်ပြုဖို့ရှိပါတယ်။” ဟု စစ်ကော်မရှင်၏ ကရင်ပြည်နယ်အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးစောခင်မောင်မြင့်က ပြောသည်။
မြဝတီနယ်စပ် ကုန်သွယ်ရေးစခန်းပြန်ဖွင့်ရန်နှင့် သွင်းကုန်လိုင်စင်များချပေးရေးကို စစ်ကော်မရှင်က တိုက်ရိုက်ကိုင်တွယ်သည့်အတွက် မည်သည့်အချိန်တွင် ဖွင့်မည်ကို မသိရသေးကြောင်း ၎င်းက ဆက်ပြောသည်။
နယ်စပ်ကုန်သွယ်မှု မစနိုင်သေးသော်လည်း လမ်းပြန်ဖွင့်လိုက်သည့်အတွက် အိမ်စီးကားများ၊ ခရီးသည်တင်ယာဉ်များ သွားလာနေကြပြီး ပြည်နယ်တွင်း တစ်နိုင်တစ်ပိုင် ကုန်သွယ်ရေးများ ပြန်စနိုင်တော့မည်ဟု မျှော်လင့်နေကြသည်။
သို့သော်လည်း ကော့ကရိတ်မြို့ မြောက်ဘက်ခြမ်း အာရှလမ်းပိုင်းတွင် လမ်းပိုင်းပြန်မဖွင့်မီ ရက်သတ္တပတ်အတွင်းကပင် စစ်တပ်က လေကြောင်း ပစ်ခတ်မှုပြုလုပ်ခဲ့ပြီး စစ်တပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ကြား တိုက်ပွဲများပြင်းထန်ခဲ့သည်။
KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးကလည်း မြဝတီ-ကော့ကရိတ်အာရှလမ်းသည် စစ်ဇုန်ထဲတွင် ပါဝင်နေပြီး လုံခြုံရေးအတွက် မည်သူကမှ အာမခံမှု မရှိဟု ခေတ်သစ်မီဒီယာသို့ ဖြေဆိုထားသည်။
အာရှလမ်းတိုက်ပွဲတွင် ပါဝင်နေသည့် ကျားဖြူတပ်ခွဲမှ တပ်ရင်းမှူး ဗိုလ်ကျော်ဟိန်းကလည်း “တစ်ချို့သော စီးပွားရေးကုန်သည်ကြီးများက ကျွန်တော့်ကို လာလာမေးနေကြလို့ပါ အာရှလမ်းပြန်ဖွင့်ပြီလား ဆိုပြီးတော့။ အာရှလမ်းပြန်ဖွင့်တယ် ပိတ်တယ် ဆိုတာဟာ စစ်ကောင်စီရဲ့ အလုပ်ဖြစ်တယ်။ ပြည်သူများအနေဖြင့် သွားရဲ လာရဲတယ်ဆိုတာဟာလဲ ပြည်သူတွေရဲ့ အလုပ်ဘဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ စစ်သားဖြစ်သည့်အတွက် စစ်သားအလုပ်ဘဲ လုပ်ရမှာပါ။ စစ်သားဆိုတာဟာ အထက်လူကြီးမှ ညွှန်ကြားသည်အတိုင်း လုပ်ရမှာက ကျွန်တော်တို့အလုပ် ကျွန်တော်တို့တာဝန်ဖြစ်တယ်။ ခနခန လာလာမေးနေကြလို့ပါ။ ကိုယ့်တာဝန် ကိုယ် ကျေပွန်အောင် ထမ်းဆောင်သွားရုံမှအပ ကျန်တာ ကျွန်တော်တို့နဲ့ မဆိုင်ပါ ခင်ဗျားတို့နှင့်သာ သက်ဆိုင်ပါကြောင်း” ဟု ၎င်း၏ လူမှုကွန်ရက်တွင် ရေးသားထားသည်။
မဲဆောက်-မြဝတီ-အာရှလမ်း ကုန်သွယ်ရေးလမ်းကြောင်းသည် နှစ်စဉ်အမေရိကန်ဒေါ်လာ သန်း တစ်ထောင်ကျော် ကုန်သွယ်မှုရှိသည့် လမ်းကြောင်းဖြစ်ပြီး တိုက်ပွဲများကြောင့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလတွင် စတင် ပိတ်ထားခဲ့ရသည်။



