Thursday, April 2, 2026
More
    spot_img
    Homeသတင်းရေဖြူဒေသရှိ ဥယျာဉ်ခြံလုပ်ငန်းရှင်များထံ ကရင်အမျိုးသားအစည်းအရုံး KNU အဖွဲ့မှ လုပ်ငန်းဆိုင်ရာအခွန်များ ကောက်ခံ

    ရေဖြူဒေသရှိ ဥယျာဉ်ခြံလုပ်ငန်းရှင်များထံ ကရင်အမျိုးသားအစည်းအရုံး KNU အဖွဲ့မှ လုပ်ငန်းဆိုင်ရာအခွန်များ ကောက်ခံ

    -

    တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ အလယ်စခန်းရွာမှ ကလိန်အောင်မြို့တစ်လျှောက်ရှိ ဥယျာဉ်ခြံလုပ်ငန်းလုပ်ကိုင်နေသူများထံ ကရင်အမျိုးသားအစည်းအရုံး KNU လက်အောက်ခံအဖွဲ့များမှ ပြီးခဲ့သည့် မတ်လ တတိယအပတ်မှစ၍ လုပ်ငန်းဆိုင်ရာ အခွန်များ ကောက်ခံနေကြောင်း ဒေသခံများက ပြောသည်။

    ကရင်အမျိုးသားအစည်းအရုံး KNU ၏ တပ်မဟာ ၆ လက်အောက်ခံတပ်ဖြစ်သည့် တပ်ရင်း ၂၇ နှင့် တပ်မဟာ ၄ လက်အောက်ခံတပ်ဖြစ်သည့် တပ်ရင်း ၉၊ တပ်ရင်း ၁၀ နှင့် တပ်ရင်း ၁၂ မှ တပ်ဖွဲ့ဝင်များက လာရောက်ကောက်ခံနေခြင်း ဖြစ်သည်။

    အဆိုပါတပ်ရင်းများ၏ တပ်ဖွဲ့ဝင်များသည် ရာဘာနှင့်ကွမ်းသီးလုပ်ငန်း လုပ်ကိုင်နေသူများထံ မြေတစ်ဧက နှစ်သောင်းနှုန်းအပြင် ရောင်းဝယ်ဖောက်ကားရေး လုပ်ဆောင်နေသူများထံမှလည်း ငါးသိန်းမှ ဆယ်သိန်းကြား လာရောက်ကောက်ခံနေသည်ဟု ရေဖြူဒေသခံတစ်ဦးက ပြောသည်။

    “အမှတ် ၈ ကားလမ်းပေါ်ရှိတဲ့ ရွာတိုင်းက အဲလိုအခွန်ပေးရမယ်။ မတ်လကုန်ပိုင်းမှာ စပြီးတော့ ကောက်နေတယ်။ ဘာလို့ကောက်တာလဲလို့ ရွာသားတွေ မေးလည်း မရဘူး။ အခုကောက်ရင် အခုပေး။ အထက်ကိုတော့ ရှင်းယူမယ်လို့ ပြောနေတယ်” ဟု ရေဖြူဒေသခံတစ်ဦးက ပြောသည်။

    အခွန်ငွေစတင်မကောက်ခံမီ KNU အဖွဲ့မှ သက်ဆိုင်ရာ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့များထံ ကြိုတင် အကြောင်းကြားခြင်းများရှိသော်လည်း အများစုသည် ကြိုတင်အကြောင်းကြားထားခြင်းမရှိသည့်အပြင် လုပ်ငန်းရှင်များကိုလည်း ငွေကြေးကောက်ခံခြင်းကိစ္စကို ရှင်းလင်းပြောဆိုခြင်းမရှိပေ။

    ထို့အတူ ကရင်အမျိုးသားအစည်းအရုံး KNU မှ ဒေသတွင်းရှိ တော်လှန်ရေးတပ်ဖွဲ့များနှင့် ဆွေးနွေးညှိနှိုင်းထားမှု မရှိသေးကြောင်းလည်း တော်လှန်ရေးသတင်းအရင်းအမြစ်တစ်ဦးက ပြောသည်။

    “ဒီအစီအစဉ်ကိုတော့ အဲဒီဒေသမှာ ရှိတဲ့ မွန်တော်လှန်ရေးအဖွဲ့တွေ၊ PDF တွေနဲ့ ဆွေးနွေးညှိနှိုင်း ထားတာတွေတော့ မရှိသေးဘူး။ အဲဒီလိုသာ လုပ်နေရင်တော့ တော်လှန်ရေးအချင်းချင်းကြားမှာ စည်းလုံးညီညွတ်မှုတွေလည်း ပြိုကွဲသွားနိုင်တယ်ပေါ့နော်” ဟု အထက်ပါ သတင်းအရင်းအမြစ်က ပြောသည်။

    ကရင်အမျိုးသားအစည်းအရုံး KNU ၏ မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက ဖြစ်စဉ်နှင့်ပတ်သက်၍ အသေအချာ မသိရှိရကြောင်းလည်း IMNA သို့ ပြောကြားသည်။

    “လောလောဆယ် ကျနော်ဘာမှ မကြားရသေးဘူး။ မြေပြင်ကလူတွေကို တစ်ချက်လောက် ပြန်မေးလိုက်မယ်” ဟု ပြောသည်။

    ရေး-ထားဝယ်အမှတ် ၈ ပြည်ထောင်စုလမ်းပိုင်းရှိ အလယ်စခန်းမှ ကလိန်အောင်မြို့တစ်လျှောက်ကို မွန်တော်လှန်ရေးတပ်များ၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နှင့် ပြည်သူ့ကာကွယ်ရေးတပ်များက တပ်စွဲအခြေချထားပြီး ပူးပေါင်းထိန်းချုပ်ထားကြောင်း သိရသည်။

    လမ်းပိုင်းတစ်လျှောက်တွင် မွန်ကျေးရွာ ၂၀ ထက်မနည်းရှိပြီး အများစုတို့ စိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်နေကြကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,400SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks