Wednesday, April 1, 2026
More
    spot_img
    Homeသတင်းမွန်ပြည်နယ်အတွင်းက စက်သုံးဆီအရောင်းဆိုင် ၄ ဆိုင် ယာယီပိတ်သိမ်းခံထားရ

    မွန်ပြည်နယ်အတွင်းက စက်သုံးဆီအရောင်းဆိုင် ၄ ဆိုင် ယာယီပိတ်သိမ်းခံထားရ

    -

    မွန်ပြည်နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင် ၄ ဆိုင်ကို Bar Code/ QR Code များဖြင့် Scan ဖတ်ခြင်းမပြုဘဲ ဆီရောင်းသည်ဆိုပြီး စစ်ကော်မရှင် ယာယီပိတ်သိမ်းလိုက်သည်။

    စစ်ကော်မရှင်က ယာယီပိတ်သိမ်းလိုက်သည့် စက်သုံးဆီအရောင်းဆိုင် ၄ ဆိုင်သည် မော်လမြိုင်မြို့ ဈေးကြိုရပ်ကွက်ရှိ “စွမ်းမြန်မာ” စက်သုံးဆီအရောင်းဆိုင်၊ ညောင်ပင်ဆိပ်ရပ်ကွက်ရှိ “Parent Love – 01” စက်သုံးဆီအရောင်းဆိုင်၊ ကျိုက်မရောမြို့နယ်ရှိ “Purma Power” စက်သုံးဆီအရောင်းဆိုင်၊ ပေါင်မြို့နယ်ရှိ “မင်းသန့်-၉” စက်သုံးဆီအရောင်းဆိုင်တို့ ဖြစ်သည်။

    စက်သုံးဆီအရောင်းဆိုင်များကို ယာယီပိတ်သိမ်းခြင်းနှင့်အတူ အရောင်းဆိုင်မှ တာဝန်ရှိသူများကို အရေးယူထားကြောင်း သိရသည်။

    ပေါင်ဒေသခံတစ်ဦးက “ဆီမရောင်းပေးဘဲ ပိတ်ထားတဲ့ဆိုင်တွေ ရှိတယ်။ တစ်ပတ်အတွင်းမှာ ဆီဘယ်လောက်ဝယ်လို့ရတယ်ဆိုပေမဲ့ ဆိုင်တွေ ပိတ်ထားတော့ ဝယ်မရဘူး။ အဲလိုအခြေအနေမှာ ရောင်းပေးတဲ့ဆိုင်တွေမှာ တန်းစီရတဲ့လူတွေက တစ်နေ့တခြားများလာတယ်။ တချို့ဆိုင်တွေက ဘာလို့ပိတ်ထားတာလဲ ဘာလို့ ဆီမရောင်းပေးတာလဲ ဒါကို စိစစ်သင့်တယ်။ အရေးယူသင့်တယ်” ဟု ပြောသည်။

    စစ်ကော်မရှင်၏ ထုတ်ပြန်ချက်အရ မွန်ပြည်နယ်အပါအဝင် နေပြည်တော်၊ မန္တလေး၊ ရန်ကုန်က စက်သုံးဆီအရောင်းဆိုင်များလည်း ယာယီပိတ်သိမ်းခံရပြီး စုစုပေါင်း ၁၇ ဆိုင် ရှိသည်။

    ယာယီပိတ်သိမ်းခံရသည့် စက်သုံးဆီ အရောင်းဆိုင်များသည် ဆိုင်ပိတ်ထားခြင်း၊ Scan မဖတ်ဘဲ ရောင်းချခြင်း၊ ဈေးတင်ရောင်းချခြင်း၊ တရားမဝင်ရောင်းချခြင်းများကြောင့်ဖြစ်သည်ဟု စစ်ကော်မရှင်က ယနေ့ မတ်လ ၃၁ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

    ၎င်းပြင် နေပြည်တော်က စက်သုံးဆီအရောင်းဆိုင် သုံးဆိုင်၊ ရန်ကုန်တိုင်းက အရောင်းဆိုင် လေးဆိုင်၊ မန္တလေးတိုင်းက အရောင်းဆိုင် ၁၀ ဆိုင်နှင့် တောင်ကြီးမြို့က အရောင်းဆိုင် ခုနစ်ဆိုင်တို့ကိုလည်း ပြင်းထန်စွာ သတိပေးထားသည်။

    စက်သုံးဆီအရောင်းဆိုင်များအနေဖြင့် ညွှန်ကြားချက်များကို လိုက်နာမှုမရှိဘဲ ထပ်မံ စိစစ်တွေ့ရှိရပါက ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း စစ်ကော်မရှင်က ထုတ်ပြန်ထားသည်။

    စက်သုံးဆီအရောင်းဆိုင်များကို Bar Code/ QR Code များဖြင့် ရောင်းချနေမှုအခြေအနေကို Online Monitoring Center က စောင့်ကြည့်ကြပ်မတ်လျက်ရှိပြီး ဆိုင်ပိတ်ထားခြင်း၊ Scan မဖတ်ဘဲ ရောင်းချခြင်း၊ ဈေးတင်ရောင်းချခြင်း၊ တရားမဝင်ရောင်းချခြင်းများ ရှိပါက Call Center သို့ တိုင်ကြားနိုင်ပြီး စစ်ဆေးတွေ့ရှိပါက အရေးယူမှု ဆက်လက်လုပ်ဆောင်သွားမည်ဟု ထုတ်ပြန်ထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,400SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks