Wednesday, April 1, 2026
More
    spot_img
    Homeသတင်းဘုရားသုံးဆူမြို့အနီး မဲ့ဖထောကျေးရွာကို စစ်တပ်ဗုံးကြဲ၊ လူထိခိုက်သေဆုံးမှုရှိ

    ဘုရားသုံးဆူမြို့အနီး မဲ့ဖထောကျေးရွာကို စစ်တပ်ဗုံးကြဲ၊ လူထိခိုက်သေဆုံးမှုရှိ

    -

    ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူဒေသရှိ မဲ့ဖထောကျေးရွာဘက်ကို စစ်ကော်မရှင်က ကာမီကာဇေဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး လူထိခိုက်သေဆုံးမှု ရှိခဲ့သည်ဟု ဒေသတွင်း သတင်းအရင်းအမြစ်တို့ထံမှ သိရသည်။

    ယမန်နေ့ မတ်လ ၃၁ ရက်နေ့ နံနက် ၁၁ နာရီအချိန်ခန့်က သတ္တုမိုင်းလုပ်ကွက်နေရာအနီးရှိ မဲ့ဖထောကျေးရွာကို စစ်ကော်မရှင်က ကာမီကာဇေဒရုန်း ဗုံးသီး ၂ လုံးဖြင့် ကြဲချတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

    အဆိုပါ ဒရုန်းဗုံးကြဲ တိုက်ခိုက်ခံရမှုကြောင့် အမျိုးသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦး ထိခိုက်သေဆုံးသွားပြီး ဆောက်အဦးအချို့လည်း ထိခိုက်ပျက်စီးမှု ရှိသည်ဟု ဒေသခံတို့က ပြောသည်။

    “မက္ကသာရွာနေ မိုင်းလုပ်ကွက်နေရာကို သွားတဲ့လမ်းဘေးက ဟိုဘက်ရွာ(မဲ့ဖထော) ကို သူတို့လာကြဲသွားတာတဲ့။ လေယာဉ်နဲ့တော့ မဟုတ်ဘူး။ ဒရုန်းနဲ့ ဗုံးနှစ်လုံး လာကြဲသွားတာ။ နှစ်ယောက်ထိသွားတယ်၊ တစ်ယောက်ကတော့ အမျိုးသားတစ်ယောက်ပါ၊ သူကတော့ စုတ်ပြတ်သတ်တဲ့အထိကို ထိသွားတာ။ နောက်ထပ် ထိခိုက်ဒဏ်ရာရသူတွေ ရှိမရှိက အမတို့က မသိသေးဘူး” ဟု မက္ကသာရွာခံ အမျိုးသမီးတစ်ဦးက IMNA သို့ ပြောသည်။

    မဲ့ဖထောကျေးရွာသည် ကရင်အမျိုးသားအစည်းအရုံး KNU ဒူးပလာယာခရိုင် နယ်မြေဒေသတွင် တည်ရှိပြီး သတ္တုခဲမိုင်း တူးဖော်ရေးလုပ်သားများ အများဆုံး နေထိုင်လျက်ရှိသည်ဟု ဆိုသည်။

    အဆိုပါ ဒေသရှိ သတ္တုခဲမိုင်းလုပ်ကွက်အနီးတဝိုက်တွင် ကရင်အမျိုးသားလွတ်မြောက်တပ်မတော် KNLA တပ်ဖွဲ့ဝင်များ သွားလာနေထိုင်မှု ရှိနေသည့်အတွက် စစ်ကော်မရှင်တပ်ဘက်က လေယာဉ်၊ လက်နက်ကြီး၊ ဒရုန်းများဖြင့် မကြာခဏ လာရောက်တိုက်ခိုက်နေကြောင်း ဘုရားသုံးဆူဒေသခံ တစ်ဦးက ပြောသည်။

    “အဲဒီမက္ကသာတစ်ဝိုက်ကတော့ စစ်ကော်မရှင်ဘက်က မကြာခဏတော့ လာကြဲနေတာပဲ။ တစ်ခါတစ်လေ လူထိခိုက်မှု ရှိတယ်။ တစ်ခါတစ်လေလည်း မထိဘူးပေါ့။ အဲဘက်မှာလည်း KNU ရော၊ တော်လှန်ရေးအဖွဲ့တွေ ရှိနေတယ်ဆိုတော့လေ။ ဒီဟာက စစ်ကော်မရှင်အတွက်က အလုပ်တစ်ခုလို ဖြစ်နေတယ်။ ကြဲလိုက်၊ နားလိုက်နဲ့” ဟု အထက်ပါ ဒေသခံက ပြောသည်။

    ကရင်အမျိုးသားအစည်းအရုံး KNU ထိန်းချုပ်နယ်မြေ၊ ဘုရားသုံးဆူဒေသအနီးရှိ သတ္တုခဲမိုင်းလုပ်ကွက် နေရာကို ကြာအင်းဆိပ်ကြီးအခြေစိုက် စစ်ကော်မရှင်တပ်ရင်းများမှ လက်နက်ကြီး၊ ဒရုန်း၊ လေယာဉ်များဖြင့် မကြာခဏ ကင်းထောက်ပျံသန်းခြင်းနှင့် ရမ်းသမ်းပစ်ခတ်ခြင်းများ လုပ်ဆောင်နေကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,400SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks