ထိုင်းနိုင်ငံရှိ မြို့ပြဒေသအများအပြားတွင် မြူခိုးနှင့်ဖုန်မှုန့်ငယ်(PM 2.5)များ အလွန်ဆိုးရွားသည့်အဆင့်သို့ ရောက်ရှိနေသဖြင့် ထိုင်းရောက် မြန်မာလုပ်သားများနှင့် ကျောင်းသားကျောင်းသူများ ကျန်းမာရေးကို အထူးဂရုစိုက်ရန် လိုအပ်နေကြောင်း သက်ဆိုင်ရာ ကျန်းမာရေးအဖွဲ့အစည်းများနှင့်ထိုင်းရောက်မြန်မာများက သတိပေးထားသည်။
လက်ရှိတွင် ထိုင်းနိုင်ငံမြောက်ပိုင်း၊ ခရီးသွားမြို့တော်ဖြစ်သည့် ချင်မိုင်မြို့သည် မတ်လ ၂၉ ရက်နေ့မှ ယနေ့ ၁ ရက်နေ့ (ဗုဒ္ဓဟူးနေ့) အထိ ၄ ရက် ဆက်တိုက် ကမ္ဘာ့လေထုညစ်ညမ်းမှု အမြင့်ဆုံးမြို့အဖြစ် ဆက်လက်တည်ရှိနေပြီး လေထုညစ်ညမ်းမှု AQI အညွှန်းကိန်း ၂၀၀ ကျော်အထိ ရှိနေကြောင်း သိရသည်။

ထိုအပြင် ထိုင်းနိုင်ငံအလယ်ပိုင်းရှိ ဘန်ကောက်မြို့တွင်လည်း မြူခိုးနှင့် ဖုန်မှုန့်ငယ်(PM 2.5)များ မြင့်တက်လာနေသဖြင့် ထိုင်းနိုင်ငံအတွင်း နေထိုင်ကြသူများ ကျန်းမာရေးဂရုစိုက်ပြီးနေထိုင်ရန်လိုအပ်ကြောင်း သက်ဆိုင်ရာကျန်းမာရေးဌာနများက ထုတ်ပြန်ထားကြသည်။
ထို့ကြောင့် ထိုင်းနိုင်ငံတွင် အလုပ်လုပ်နေကြသည့် မြန်မာလုပ်သားများ၊ ကျောင်းတက်နေကြသည့် မြန်မာကျောင်းသားကျောင်းသူများအနေဖြင့် အပြင်ထွက်ရာတွင် နှာခေါင်းစည်းကို စနစ်တကျ တပ်ဆင်ရန် ၊ ကလေးငယ်များ၊ သက်ကြီးရွယ်အိုများ၊ ကိုယ်ဝန်ဆောင်များနှင့် နာတာရှည်ရောဂါရှိသူများကို အထူးဂရုစိုက်ရန်၊ ချောင်းဆိုးခြင်း၊ အသက်ရှူရခက်ခဲခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ နှလုံးတုန်ခြင်း သို့မဟုတ် မူးဝေခြင်းများ ဖြစ်ပေါ်ပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့ ချက်ချင်းပြရန် လိုအပ်သည်ဟု ဆိုသည်။
“ကျောင်းသားဖြစ်ဖြစ် အလုပ်သမားဖြစ်ဖြစ်အားလုံးပေါ့နော် အရေးသိပ်မကြီးရင် အပြင်မထွက်ကြပါနဲ့။ ထွက်ဖြစ်ရင်လည်း နှာခေါင်းစည်းတွေ တပ်ဖို့လိုမယ်။ ကိုယ့်က ခေါင်းကိုက်တတ်တယ်၊ မူးဝေတတ်တယ်ဆိုရင် ပိုပြီးသတိထားရမယ်။ အပြင်ထွက်ရင် ရှူဆေးတို့ လိုအပ်တဲ့ဆေးတွေလည်း ဆောင်ထားသင့်တယ်”ဟု ထိုင်းနိုင်ငံတွင် ရောက်ရှိနေသည့် ကျန်းမာရေးဆရာဝန်ဆရာဝန်ဟောင်းတစ်ဦးက ဆိုသည်။
ချင်းမိုင်တက္ကသိုလ်ရှိ ဆေးပညာဌာန တွဲဖက်ပါမောက္ခ ဒေါက်တာ နာရင် ချိုတီရိုစနီရာမစ် (Narenth Chotirosniramit) က PM 2.5 သည် ဆံပင်တစ်ပင်၏ ၂၀ ပုံ ၁ ပုံခန့်သာရှိသော အလွန်သေးငယ်သည့် လေထုညစ်ညမ်းမှု အမှုန်အမွှားများဖြစ်ပြီး ၎င်းကို ရှူရှိုက်မိပါက အသက်ရှူလမ်းကြောင်းဆိုင်ရာ ကာကွယ်ရေးစနစ်ကို ဖြတ်ကျော်ကာ အဆုတ်လေအိတ်နှင့် လေပြွန်များအတွင်းသို့ ရောက်ရှိနိုင်ကြောင်း ပြောကြားထားသည်။
ထိုအပြင် PM 0.1 အဆင့်ရှိသော အလွန်သေးငယ်သည့် အမှုန်များသည် သွေးကြောအတွင်းသို့ တိုက်ရိုက်ဝင်ရောက်ကာ နှလုံးသွေးကြောပိတ်ခြင်း၊ ဦးနှောက်သွေးကြောပိတ်ခြင်း၊ နှလုံးရပ်ခြင်း၊ ပန်းနာရင်ကျပ်ထခြင်းနှင့် ခန္ဓာကိုယ်တွင်း ရောင်ရမ်းမှုများကို ဖြစ်ပေါ်နိုင်ပြီး အသက်အန္တရာယ်စိုးရိမ်ရသည့်အထိ ဖြစ်နိုင်ကြောင်း သိရသည်။
လေထုညစ်ညမ်းမှု အန္တရာယ်မြင့်တက်လာခြင်းကြောင့် ထိုင်းနိုင်ငံရှိ အချို့ကျောင်းများတွင် အွန်လိုင်စနစ်ဖြင့်သာ သင်ကြားနေရသည်ဟု ချင်းမိုင်ရှိ တက္ကသိုလ်တစ်ခုတွင် ကျောင်းတက်နေသည့် မွန်လူငယ်တစ်ဦးဆိုသည်။
“ချင်းမိုင်ဘက်မှာ ဒီနှစ်မှာ အဆိုးဆုံးပဲ။ တစ်နေ့ထက်တစ်နေ့ ပိုဆိုးလာတယ်။ လေထုညစ်ညမ်းခြင်းကြောင့်ပဲ ခုကျွန်တော်တို့ကျောင်းမှာ အွန်လိုင်စနစ်နဲ့ပဲ စာသင်နေရတယ်။ ဒါပေမဲ့ တချို့ဘာသာရပ်တွေကျတော့ ကျောင်းမှာသင်နေရတုန်းပဲ” ဆိုသည်။
လေထုအရည်အသွေး စစ်ဆေးထုတ်ပြန်သည့် IQAir ဝက်ဘ်ဆိုဒ်၏ ဧပြီလ ၁ ရက်နေ့ နေ့လည်ပိုင်း ဖော်ပြချက်အရ ချင်းမိုင်မြို့သည် လေထုညစ်ညမ်းမှုအမှတ် US AQI ၂၀၅ ရှိနေပြီး ကမ္ဘာ့ပေါ်ရှိ မြို့ကြီး ၁၂ဝ တွင် လေထုညစ်ညမ်းမှု အဆိုးရွားဆုံးအဆင့် (၁) အဖြစ်ရှိနေသည်။
ယင်အနောက်တွင် မြန်မာနိုင်ငံရှိ ရန်ကုန်မြို့က ဒုတိယ လေထုညစ်ညမ်းမှု အဆိုးဆုံးအဖြစ် လေထုညစ်ညမ်းမှုအမှတ် US AQI ၁၆၃ ဖြင့် လည်းကောင်း၊ ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ၈၂ မှတ်ဖြင့် အဆင့် (၁၈)တွင် ရပ်တည်နေသည်ကို တွေ့ရသည်။



