ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်၊ စံခလဘူရီမြို့နယ်ရှိ ဘန်ရေဒါကျွန်းအနီးတွင် သံသယဖြစ်ဖွယ် လှေတစ်စီးဖြင့် တရားမဝင် ဝင်ရောက်နေသော တရုတ်နိုင်ငံသား လူငယ် ၅ ဦးကို ထိုင်းအဏာပိုင်များက ဖမ်းဆီးထားလိုက်ကြောင်း ထိုင်ဒေသခံသတင်းများမှ သိရသည်။
ဖြစ်စဥ်မှာ မတ်လ ၃၁ ရက်နေ့ ညပိုင်း ၁၁ နာရီခန့်တွင် တရုတ်နိုင်ငံသားများသည် ထွန်ဖာဖုမ်မြို့နယ် နောင်လူကျေးရွာမှ စံခလဘူရီမြို့နယ်ရှိ ဘန်ရေဒါကျွန်းဆီကို ရေလမ်းမှတဆင့် လှေဖြင့် ရောက်ရှိနေပြီး တရားမဝင်လမ်းကြောင်းများမှ ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့သို့ ထွက်ရန် ပြင်ဆင်နေကြောင်း ထိုင်းအဏာပိုင်များ သတင်းရရှိခဲ့သည်။

ထို့ကြောင့် စံခလဘူရီ ရဲတပ်ဖွဲ့၊ စစ်တပ်နှင့် ဒေသအုပ်ချုပ်ရေးအဖွဲ့များက ပူးပေါင်းစစ်ဆေးရာတွင် လှေကြီးတစ်စီးကို တွေ့ရှိခဲ့ပြီး လှေမောင်းသူက တာဝန်ရှိသူများကို မြင်တွေ့ချိန်တွင် ရေထဲသို့ ခုန်ချထွက်ပြေးခဲ့ပြီး၊ လှေပေါ်တွင်ကျန်ရှိသော တရုတ်နိုင်ငံသား လူငယ် ၅ ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်ဟု ဖော်ပြထားသည်။
ဖမ်းဆီးပြီးနောက်တွင် တရုတ်နိုင်သားများကို စံခလဘူရီမြို့ရှိ သုံးလမ်းဆုံ စစ်ဆေးရေးဂိတ်သို့ ပို့ဆောင်၍ ဆက်လက် စစ်ဆေးမေးမြန်းလျက်ရှိကြောင်း သိရသည်။ ထို့ပြင် လှေကိုလည်း သက်သေခံပစ္စည်းအဖြစ် သိမ်းဆည်းထားသည်။
စစ်ဆေးမှုအရ တရုတ်နိုင်ငံသား ၅ ဦးအနက် ၁ ဦးတွင် နိုင်ငံကူးလက်မှတ်ရှိသော်လည်း ဝင်ရောက်ခွင့်တံဆိပ်မရှိကြောင်း တွေ့ရှိရပြီး၊ ကျန် ၄ ဦးမှာ ကိုယ်ရေးအထောက်အထား မရှိကြောင်း သိရသည်။
အဆိုပါတရုတ်နိုင်ငံသားများသည် ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးမြို့ရှိ ငွေကြေးလိမ်လည်မှု (စကမ်) စင်တာများတွင် အလုပ်လုပ်ဝင်ရောက်ရန် ရည်ရွယ်ထားကြောင်း ဆိုသည်။
ထို့အပြင် တရုတ်နိုင်ငံသားများက ထိုင်းဘာသာစကား မပြောတတ်သဖြင့် တာဝန်ရှိသူများက ဘာသာပြန်ကို ခေါ်ယူကာ အသေးစိတ် စစ်ဆေးမေးမြန်းလျက်ရှိပြီး ဆက်စပ်ပါဝင်သူများကို ဆက်လက် စုံစမ်းဖော်ထုတ်ကာ တရားမဝင် ဝင်ရောက်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ကိုးကား – Kanchanaburi News, โจโฉ



