ထိုင်းနိုင်ငံအတွင်း ရောက်ရှိနေသော ကလေးငယ်များအားလုံး အခမဲ့ ပညာသင်ခွင့်ရှိကြောင်း ထိုင်းအစိုးရမှ တရားဝင် ဥပဒေပြဋ္ဌာန်းထားသော်လည်း မြန်မာရွှေ့ပြောင်းလုပ်သားများ၏ ကလေးအချို့မှာ ပညာသင်ကြားခွင့် ကန့်သတ်ခံနေရဆဲဖြစ်ကြောင်း ရွှေ့ပြောင်းအလုပ်သမားအရေး ဆောင်ရွက်နေသူတို့က ဆိုသည်။
ထိုင်းပညာရေးဝန်ကြီးဌာနမှ ဥပဒေသည် တရားဝင် မှတ်ပုံတင် အထောက်အထား မရှိသည်ဖြစ်စေ၊ ထိုင်းနိုင်ငံသား မဟုတ်သော နိုင်ငံခြားသားဖြစ်စေ ကလေးများအားလုံး အခမဲ့ပညာသင်ကြားခွင့်ရှိကြောင်း ဇန်နဝါရီလ ၃၀ က ပြဋ္ဌာန်းသတ်မှတ်ထားသည်။
၎င်းဥပဒေသည် ထိုင်းနိုင်ငံအတွင်း ပညာရေးဝန်ကြီးဌာန၏ လက်အောက်တွင်ရှိသော ကျောင်းများအားလုံး အကျိုးသက်ရောက်မည်ဖြစ်ကြောင်း ဆိုထားသည်။
သို့သော် လက်တွေ့ကျောင်းအပ်နှံမှုအခြေအနေတွင် ပညာရေးဝန်ထမ်းအချို့သည် ကျောင်းအပ်နှံမည့် ကျောင်းသားဦးရေ လိုအပ်ချက်အပေါ်မူတည်၍ မြန်မာရွှေ့ပြောင်းလုပ်သားများ၏ ကလေးများကို လက်ခံနေကြပြီး စာရွက်စာတမ်း မပြည့်စုံမှုကြောင့် ကျောင်းအပ်နှံခွင့်ကို ပယ်ချသည့်ဖြစ်စဉ်များလည်း ကြုံတွေ့နေရသည်ဟု မြန်မာရွှေ့ပြောင်းလုပ်သားမိဘတို့က ဆိုသည်။

“အတန်းတစ်တန်းမှာဆိုရင် ကျောင်းသူ/သား ၃၅ ကနေ ၄၀ အကြား သူတို့လက်ခံတယ်။ ၂ လပိုင်းလောက်ဆိုရင် ဆရာ၊ ဆရာမတွေက ကျောင်းသူ/သားတွေရဲ့ ဦးရေကို စတင် အကဲခတ်တော့မယ်။ အကယ်လို့ ကျောင်းသားဦးရေ လိုနေသေးတယ်ဆိုရင် ရွှေ့ပြောင်းလုပ်သားတွေရဲ့ ကလေးတွေ ကျောင်းဝင်ခွင့် အလွယ်တကူနဲ့ ရကြမယ်။ ကျောင်းသားဦးရေပြည့်နေပြီဆိုရင်တော့ စာရွက်စာတမ်းကိစ္စနဲ့ ကျောင်းဘက်က ပြဿနာမျိုးစုံ ပြောကြားလာပြီးတော့ ကျောင်းအပ်ခွင့်ကို ငြင်းလိုက်မယ်။” ဟု ဆိုသည်။
၎င်းပြင် အထောက်အထားမဲ့ ရွှေ့ပြောင်းလုပ်သားများ၏ ကလေးများမှာလည်း ကျောင်းတာဝန်ခံမှ လိုအပ်သော စာရွက်စာတမ်းမတင်ပြနိုင်သဖြင့် ပညာသင်ယူခွင့် ဆုံးရှုံးခံရသည့်ကလေးများစွာရှိနေကြောင်း ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (FED) မှ တာဝန်ရှိသူတို့က ဆိုသည်။
“ကလေးတွေက အကြောင်းကြောင်းကြောင့် မိဘတွေနဲ့အတူ ဒီဘက်နိုင်ငံကို ရွှေ့ပြောင်းရောက်လာတယ်ဆိုတော့ ကလေးတွေရဲ့ ပညာသင်ယူခွင့်က နိုင်ငံတကာစာမျက်နှာမှာ မိဘ အထောက်အထားမရှိ၊ ကလေးအထောက်အထားမရှိ စသဖြင့်ကို လာပြီးအပ်နှံနိုင်ကြောင်း ကြိုဆိုကြောင်း ဖော်ပြနေပေမဲ့လည်း တကယ့်မြေပြင်မှာဆို အခက်အခဲတွေနဲ့ ရင်ဆိုင်နေရဆဲပဲ။” ဟု ပညာရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (FED) မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
လာမည့်ပညာသင်နှစ်အတွက် ကျောင်းအပ်နှံမှုကို ယခု မတ်လမှစပြီး ထိုင်းအစိုးရကျောင်းများ စတင်ကျောင်းလက်ခံနေပြီဖြစ်ကြောင်း သိရသည်။
ထိုင်းနိုင်ငံတွင် တရားဝင် မှတ်ပုံတင်ထားသည့် မြန်မာအလုပ်သမား စုစုပေါင်း ၂ သန်းကျော်နှင့် မှတ်ပုံမတင်ရသေးသူ ၂ သန်းကျော် ရှိနေနိုင်ကြောင်း အလုပ်သမားအရေးလှုပ်ရှားသူတို့က ခန့်မှန်းထားသည်။



