Tuesday, March 31, 2026
More
    spot_img
    Homeဆောင်းပါးဖွံ့ဖြိုးရေးအမည်ခံ စီမံကိန်းများနှင့် မွန်လူထု၏ စိုးရိမ်မှု

    ဖွံ့ဖြိုးရေးအမည်ခံ စီမံကိန်းများနှင့် မွန်လူထု၏ စိုးရိမ်မှု

    -

    စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဒေသဖွံ့ဖြိုးရေးဟုဆိုကာ ဒေသခံပြည်သူလူထု၏ အသံနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက် ပျက်စီးမှုအခြေအနေကို ဂရုမပြုဘဲ မွန်ပြည်နယ်အတွင်း စီမံကိန်းကြီး စီမံကိန်းငယ်များကို စစ်အုပ်စု ဆက်တိုက် အကောင်အထည်ဖော်လာသည်ကို တွေ့ရှိရသည်။

    စီမံကိန်းအကောင်အထည်ဖော်သည့်နေရာတွင် ဒေသခံတို့၏ သဘောထားများကို မေးမြန်ခြင်း၊ စီမံကိန်းဆိုင်ရာအကြောင်းအရာ အချက်အလက်များကို ဒေသခံပြည်သူတို့အား ချပြ ရှင်းလင်းခြင်းမရှိပဲ ၎င်းတို့အလိုကျ အတင်းအဓမ္မအကောင်အထည်ဖော်နေသည်ကိုလည်း တွေ့ရှိရသည်။

    စစ်အုပ်စုက အကောင်အထည်ဖော်နေသည့် စီမံကိန်းများကို ဒေသခံပြည်သူတို့က လက်မခံနိုင်သော်လည်း ဆန့်ကျင်ကန့်ကွက်ဖို့ကလည်း အရေးယူခံရမှာ၊ ဖမ်းဆီးထောင်ချခံရမှာကို စိုးရိမ်ကြောက်ရွံ့နေသည့်အတွက် လက်မခံနိုင်သော်လည်း နှုတ်ဆိတ်နေရသည့်အခြေအနေဖြစ်သည်။

    စစ်အုပ်စုက အကောင်အထည်နေသည့် စီမံကိန်းများအနက် မွန်ပြည်နယ်၊ မုဒုံမြို့နယ်‌၊ ကော့ပရံကျေးရွာအနီး မြေဧက ၄၆၀၀ ကျော်ပေါ်က နိုင်ငံတကာအဆင့်မီ အပြည်ပြည်ဆိုင်ရာ လေယာဉ်ကွင်းနှင့် ဘလောက်ညောင်ဝိုင်းကျေးရွာနှင့် ဝဲကလိကျေးရွာအကြားတွင် အပြည်အပြည်ဆိုင်ရာ ရေနက်ဆိပ်ကိမ်း စီမံကိန်းသည် အကြီးစားစီမံကိန်းတခုဖြစ်ပြီး စစ်တပ်က ၂၀၂၁ ခုနှစ် ဒီဇင်ဘာလကတည်းက စတင်အကောင်အထည်ဖော်ခဲ့သည်။

    စီမံကိန်းအတွက် လျာထားသည့်မြေဧက ၄၆၀၀ ကျော်ရရှိဖို့ ဒေသခံတို့ နှစ်ပေါင်းများစွာ လုပ်ကိုင်စားသောက်လာကြသည့် လယ်ယာမြေ၊ ဥယျာဉ်များကို လျော်ကြေးအနည်းငယ်ပေးပြီး အတင်းအဓမ္မသိမ်းဆည်းသည်။ လက်ရှိတွင် လေဆိပ်နှင့် ဆိပ်ကမ်းစီမံကိန်းကို ကနဦးလုပ်ငန်းများ စတင်အကောင်အထည်ဖော်နေသော်လည်း စီမံကိန်းကို ဘယ်လိုပုံစံနှင့် လုပ်ဆောင်သွားမည် အစရှိသည့် စီမံကိန်းဆိုင်ရာ လုပ်ငန်းအသေးစိတ်ကိုတော့ ချပြခြင်းမရှိပေ။

    နောက်ထပ် စီမံကိန်းကြီးတခုကတော့ ကျောက်မီးသွေးစက်ရုံစီမံကိန်းဖြစ်ပြီး ဘီလူးကျွန်း(ချောင်းဆုံမြို့နယ်) ဒရယ်ကျေးရွာနှင့် ကလွီကျေးရွာကြား မြောက်ဘက်ဒရယ်မြစ်ကမ်းအနီးတွင် အကောင်အထည်ဖော်ရန် လုပ်ဆောင်နေသည်။ လက်ရှိတွင် စီမံကိန်းအတွက် လိုအပ်သည့် မြေများကို ဒေသခံတို့ထံမှ အတင်းအဓမ္မ ဝယ်ယူထားပြီး လမ်းဖောက်လုပ်ခြင်း၊ မြေရှင်းလင်းခြင်းလုပ်ငန်းစဉ်များကို ကနဦးလုပ်ဆောင်လျက်ရှိသည်။

    စစ်အုပ်စုက စက်မှုဇုန်တခုကိုလည်း မုဒုံမြို့နယ်၊ နိုင်လှုံကျေးရွာ ခပ်ရခပ်ယူထိုင်တော်မူဘုရား အနောက်ဘက်  မြေ ၃၆၈ ဒသမ ၂၇ ဧကပေါ်တွင် အကောင်အထည်ဖော်ရန်လျာထားပြီး အဆိုပါ စက်မှုဇုန်အတွက် အဆိုပြုလွှာ တင်သွင်းနိုင်ကြောင်းကိုလည်း ပြည်နယ် စစ်ကော်မရှင်က ကြေညာထားသည်။

    စီမံကိန်းကြောင့် ဒေသခံများ သားစဉ်မြေးဆက် နှစ်ပေါင်းများစွာ မှီခိုလုပ်ကိုင်စားသောက်လာကြသည့်လယ်ယာမြေများနှင့် ဥယျာဉ်ခြံမြေများ အတင်းအဓမ္မ သိမ်းဆည်းခံရမှုကြောင့် ဒေသခံများ ရေရှည်စားဝတ်နေရေးအတွက် အခက်အခဲအကျပ်အတည်း ကြုံတွေ့လာကြရသည်။ သိမ်းဆည်းခံရသည့် လယ်ယာမြေများအတွက် ပေးသည့် လျော်ကြေးငွေပမာဏသည် ယခုကာလ ကုန်စျေးနှုန်းနှင့် နှိုင်းယှဉ်လျှင် မပြောပလောက်သည့် ပမာဏသာ ဖြစ်နေသည့်အတွက် ဒေသခံများအဖို့ လုပ်ငန်းသစ်စတင်ရန်ကလည်း မဖြစ်နိုင်သည့်အခြေအနေပင်ဖြစ်သည်။

    ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက်ဆိုပြီး စီမံကိန်းများ အကောင်းအထည်ဖော်ရာတွင် ဒုက္ခမျိုးစုံကို ဒေသခံပြည်သူတို့ကသာ အဓိက ခံစားကြရသည်။ ကျောက်မီးသွေးစက်ရုံကို အကောင်အထည်ဖော်သည့် နေရာတွင်လည်း စီမံကိန်းကြီးဖြစ်မြောက်လာပါက ဒေသခံတွင်း လျှပ်စစ်မီး အချိန်ပြည့်ရရှိလာမည်ဖြစ်သလို အလုပ်အကိုင်အခွင့်အလမ်းများလည်း ရရှိလာမည်ဆိုပြီး စစ်ကော်မရှင်က မက်လုံးပေး စည်းရုံးနေသော်လည်း ကျောက်မီးသွေးစက်ရုံ စီမံကိန်းကြောင့် ဖြစ်ပေါ်လာမည့် ဘေးထွက်ဆိုးကျိုးများကို ဒေသခံတို့က ပိုပြီး စိုးရိမ်ကြောက်ရွံ့နေကြသည်။

    စစ်အုပ်စု အကောင်အထည်နေဖော်သည့် ကျောက်မီးသွေးစက်ရုံစီမံကိန်းကိုဒေသခံတို့က လက်မခံပဲ စုပေါင်းလက်မှတ်ထိုးပြီး ကန့်ကွက်ခဲ့ကြသော်လည်း ထူးခြားမှု မရှိပေ။ သို့သော် ဒေသခံတို့က လက်မလျှော့ပဲ လာမည့်လွှတ်တော်အသစ်၊ အစိုးရသစ်တွင် လွှတ်တော်အမတ်တို့ကနေတဆင့် ကျောက်မီးသွေးစက်ရုံစီမံကိန်းကို ဆန့်ကျင်ကန့်ကွက်သွားမည်ဟု ဆိုကြသည်။

    “အဓိကကတော့ ၃ ချက်ပေါ့နော်၊ ၁ အချက်က သဘာဝကျွန်းကြီး ပျက်စီးသွားမှာကို မလိုလားဘူး။ ၂ အချက်ကတော့ လူမျိုးစုံရောနှောပြီး ယဉ်ကျေးမှုဓလေ့ထုံးတမ်းတွေ ပျောက်ကွယ်သွားမှာကို စိုးရိမ်တယ်။ ၃ အချက်ကတော့ ဒီစီမံကိန်းမရှိလည်း ဘာမှ ဖြစ်မသွားဘူး၊ ကိုယ့်ကိုယ်ပိုင်ဝင်ငွေ အလုပ်အကိုင်နဲ့လည်း အေးဆေးရပ်တည်နိုင်တယ်။ ပြည်သူတွေကတော့ သဘောမတူဘူး စောင့်ကြည့်ရတာပေါ့ လွှတ်တော် အသစ်ပေါ်လာရင် ဘယ်လိုတွေ လုပ်ပေးနိုင်မလဲပေါ့‌ ချောင်းဆုံက အမတ်တွေလည်း ရှိနေသေးတာပဲ”

    ဒေသခံပြည်သူတို့၏ မျှော်လင့်ချက်ကို လာမည့် လွှတ်တော်သစ်၊ အစိုးရအဖွဲ့သစ်တွင် ပါဝင်လာမည့် မွန်ညီညွတ်ရေး MUP ပါတီအပါအဝင် လွှတ်တော်ကိုယ်စားလှယ်များ ဘယ်လိုကိုင်တွင်ပြီး ဖြေရှင်းပေးမလဲဆိုတာကတော့ စောင့်ကြည့်ရမည်ဖြစ်သည်။

    စီမံကိန်းနောက်ဆက်တွဲအနေဖြင့် စီမံကိန်းဧရိယာအတွင်းရှိ ဒေသခံများ၏ လူမှုစီးပွားဘဝ၊ သဘာဝပတ်ဝန်းကျင်နှင့် လယ်ယာမြေများအပေါ် ကြီးမားစွာသက်ရောက်လေ့ရှိသည်။ အဓိကအားဖြင့် အိုးအိမ်၊ လယ်ယာမြေများ ဆုံးရှုံးခြင်း၊ လျော်ကြေးမမျှတခြင်း၊ ရေ၊ မြေ၊ လေထု ညစ်ညမ်းခြင်း အစရှိသည့် ဆိုးကျိုးများကို ဒေသခံတို့က ခံစားကြရမည်ဖြစ်သည်။

    စီမံကိန်းကြောင့် ကနဦးကြုံတွေ့ရသည့် လယ်ယာမြေသိမ်းဆည်းခံရမှုများ ပြောင်းရွှေ့ခံရမှုများထက် စီမံကိန်းကြောင့် နောက်ဆက်တွဲ ကြုံတွေ့လာနိုင်သည့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှု၊ စက်ရုံစီမံကိန်းများမှ ထွက်ရှိသော စွန့်ပစ်ပစ္စည်းများကြောင့် ကျန်းမာရေး ထိခိုက်မှုဒဏ်ကို ဒေသခံတို့က ပိုပြီး  စိုးရိမ်ကြောက်ရွံ့နေကြသည်။

    “ပရောဂျက်တစ်ခု မစခင်ကတည်း မြေနေရာ ပြင်ဆင်တာတွေလုပ်ရတယ်။ လုပ်တော့မယ် ဆိုလည်း အပြင်လူတွေ ရောက်လာကြမယ်။ ပရောဂျက်ကြောင့် သစ်ပင်တွေ ခုတ်ရတယ်။ မြေတွေတူးရတယ်။ ဒီပျက်စီးသွားတဲ့ဟာတွေ ပုံမှန်ပြန်ဖြစ်ဖို့က အကြာကြီး စောင့်ရမယ်။ အဲဒီဒဏ်တွေကို ဒေသခံတွေက ခံစားရမယ်။ အခုက မဆန့်ကျင်ရဲဘူး အသံတိတ်နေတာပဲဆိုပြီး လုပ်ချင်ရာ လုပ်နေတယ်” ချောင်းဆုံက သဘာဝပတ်ဝန်းကျင်အရေး လှုပ်ရှားသူတစ်ဦးက ပြောသည်။

    စီမံကိန်းများကြောင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်ပျက်စီးမှုဒဏ်ကို စီမံကိန်းဧရိယာအတွင်းရှိ  ဒေသခံပြည်သူကသာ ရင်ဆိုင်ကြုံတွေ့ရမည်မဟုတ်ဘဲ ရေ၊ မြေ၊ လေထုညစ်ညမ်းမှုဒဏ်ကို ပတ်ဝန်းကျင်တခုလုံးက ရင်ဆိုင်ကြုံတွေ့ရနိုင်သည့်အတွက် ဖွံ့ဖြိုးရေးဟူသော ခေါင်းစဉ်အောက်တွင် သဘာဝပတ်ဝန်းကျင်ကို စတေးမပစ်ရန်နှင့် နောင်မျိုးဆက်များအထိ စိမ်းလန်းသော ပတ်ဝန်းကျင်ကို လက်ဆင့်ကမ်းနိုင်ရန် အားလုံးက ဝိုင်းဝန်းထိန်းသိမ်းကြရမည် ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,300SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks