Thursday, April 2, 2026
More
    spot_img
    Homeဆောင်းပါး၂၀၂၆ ခုနှစ် ဘုရားသုံးဆူဒေသ၏ ကုန်သွယ်ရေး

    ၂၀၂၆ ခုနှစ် ဘုရားသုံးဆူဒေသ၏ ကုန်သွယ်ရေး

    -

    ဆောင်းပါး၊ နေသူရိန်

    ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ထိုင်း-မြန်မာနယ်စပ်ဒေသတစ်ခုဖြစ်သည့် ဘုရားသုံးဆူမြို့နှင့် ထိုင်းနိုင်ငံဘက်က ကုန်သွယ်စီးဆင်းမှုမှာ လွန်ခဲ့သည့် ၂၀၂၅ ခုနှစ်နှင့် နှိုင်းယှဉ်လျှင် ယခု ၂၀၂၆ ခုနှစ်တွင် ကုန်စည်စီးဆင်းမှု ပိုမိုကောင်းမွန် တိုးတက်လာခဲ့ပြီး ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ ပြတ်တောက်သွားခြင်းမရှိဘဲ ပုံမှန်လည်ပတ်လျက်ရှိသည်ဟု ကုန်စည်ကူသန်းရောင်းဝယ်သူ ကုန်သည်များက ဆိုကြသည်။

    ထိုင်း-မြန်မာနယ်စပ်များဖြစ်သည့် မြဝတီ၊ တာချီလိတ်နှင့် မောတောင်ဒေသများကဲ့သို့ တရားဝင် ကုန်သွယ်ရေးလမ်းကြောင်း မဟုတ်သည့် ဘုရားသုံးဆူတောင်ကြားလမ်းဒေသသည် ၁၉၉၂ ခုနှစ် ဘုရားသုံးဆူမြို့ စတင်တည်ထောင်ခဲ့သည့်အချိန်မှစ၍ ထိုင်းနိုင်ငံနှင့် ဘုရားသုံးဆူဒေသကုန်သွယ်ရေးကို နှစ်ဖက်သော အာဏာပိုင်များက နားလည်မှုများဖြင့် စည်ကားသိုက်မြိုက်စွာ အရှိန်အဟုန်မြှင့်၍ ရောင်းဝယ် ဖောက်ကားလာခဲ့ကြရာ ၂၀၁၀ နောက်ပိုင်းတွင် အကြောင်းအမျိုးမျိုးဖြင့် နှစ်နိုင်ငံနယ်နမိတ် ကူးသန်းသွားလာရေးအား ပိတ်ဆို့တားဆီးလိုက်ခြင်းကြောင့် ကုန်စည်ရောင်းဝယ်စီးဆင်းမှုများ အရှိန်လျော့ကျလာခဲ့သည်။

    နယ်စပ်စည်းမျဉ်းဖြတ်ကျော်မှုကို ပိတ်ထားလိုက်သော်လည်း ကုန်သွယ်ခြင်း၏ အကျိုးအမြတ်အရသာများကို သိရှိခံစားခဲ့ဖူးကြသော ကုန်သည်များနှင့် နှစ်နိုင်ငံအခွန်အကောက် စစ်ဆေးရေးဂိတ်များ ညှိနှိုင်းကြမှုနှင့် ခိုးလမ်းမှနေ၍ ကုန်စည် ရောင်းဝယ်ဖောက်ကားမှုများကို ဆက်လက်၍ လုပ်ကိုင်နေကြဆဲပင်ဖြစ်သည်။

    အခက်အခဲအတားအဆီးများကြားမှ လုပ်ကိုင်နေကြရခြင်းကြောင့် ကုန်စည် သွင်းကုန် ထုတ်ကုန်များမှာလည်း ကုန်ဈေးနှုန်းများ ထိုးတက်လာကြသည်။ ကုန်ဈေးနှုန်းတက်လာခဲ့သော်လည်း အသုံးပြုသူများ ကျဆင်းသွားခြင်းမရှိပဲ ပုံမှန်လည်ပတ်လျက်ရှိသည်။

    ထိုင်းနိုင်ငံအတွင်းမှ ဘုရားသုံးဆူနယ်စပ်သို့ တင်ပို့သော ထိုင်းကုန်ပစ္စည်းများဖြစ်သည့် အိမ်ဆောက်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ ကားတာယာများ၊ စက်ပစ္စည်းများ၊ အချိုရည်များဖြစ်ပြီး ဘုရားသုံးဆူမှ ထိုင်းနိုင်ငံသို့ တင်သွင်းသည့် ဆန်၊ ငါးခြောက်၊ ကြက်သွန်နီများနှင့် အခြားသော မြန်မာထွက်ကုန်ပစ္စည်းများကို ဆယ်ဘီးကား၊ ခြောက်ဘီးကား၊ တွဲကားများနှင့် နေ့စဉ် ကားအစီးပေါင်း ၁၀၀ နီးပါးခန့် တင်သွင်းနေကြရာ ၎င်းပစ္စည်းများ၏ အခွန်ကောက်ငွေများမှာ တစ်နေ့လျှင် ထိုင်းဘတ် သန်းနှင့် ချီ၍ ရရှိနေကြောင်းလည်း ကုန်သည်များထံမှ သိရသည်။

    နေ့စဉ်မပြတ် ရောင်းဝယ်ဖောက်ကားနေကြသည့် သွင်းထုတ်ကုန်များကြောင့် ဘုရားသုံးဆူ ထိုင်ဘက်ခြမ်းရှိ အဝေးပြေးလမ်းပေါ်တွင် ယာဉ်ကျောများ ပိတ်ဆို့နေမှုကို အကြောင်းပြု၍ ဒေသခံကုန်များကို တားဆီး ပိတ်ပင်လိုက်ခြင်းမရှိသော်လည်း ဆယ်ဘီး၊ ခြောက်ဘီးနှင့် လေးဘီးကားများကိုသာ တင်သွင်းခွင့်ပြုပြီး တွဲကားများကို ပိတ်ပင်တားဆီးလိုက်ခြင်းကြောင့် ဘုရားသုံးဆူဒေသ၏ ကုန်စည် တင်သွင်းရောင်းဝယ်မှုများမှာ အချိန်ကာလတစ်ခုမျှ နှောင့်နှေးသွားခဲ့ရပေသည်။

    လတာကာလအကြာမျှ ထိုင်း-မြန်မာကုန်စည်စီးဆင်းမှုများ ရပ်တန့်သွားခဲ့ခြင်းကြောင့် ထိုင်းစီးပွားရေး လုပ်ငန်းရှင်များမှ ရောင်းဝယ်ဖောက်ကားမှု ခက်ခဲလာခြင်း ထိုင်းအာဏာပိုင်များထံသို့ ဝင်နေသည့် အခွန်ကောက်များ ရပ်တန့်သွားခြင်းတို့ကြောင့် ဘုရားသုံးဆူဒေသ သွင်းကုန် ထုတ်ကုန် ကုန်စည် ရောင်းဝယ်ဖောက်ကားမှုများကို ထိုင်းအာဏာပိုင်များက ပြန်လည်၍ သုံးသပ်လာခဲ့ကြရသည်။

    ၂၀၂၅ ခုနှစ် နှစ်လည်ပိုင်းကျော်လောက်တွင် ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင် အာဏာပိုင်များက တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ကာ ကုန်စည်တင်သွင်းရောင်းဝယ်မှု ကန့်သတ်ခြင်းကို ဖြေလျှော့ပေးရန် ဆုံးဖြတ်ခဲ့ကြသည်။ ဖြေလျှော့ပေးခြင်းနောက်ပိုင်း ၂၀၂၅ ခုနှစ် နိုဝင်ဘာလလောက်မှစ၍ ဘုရားသုံးဆူနယ်စပ်ဒေသ ကုန်သွယ်ရေးနှင့် ကုန်စည်စီးဆင်းမှုများ ပြန်လည်၍ အသက်ဝင်လာခဲ့သည်။ ထိုင်းဘက်ခြမ်းမှ ကုန်တင်တွဲကားကြီးများကို အသုံးပြုခွင့် မပေးသော်လည်း ဆယ်ဘီးကားများ၊ ခြောက်ဘီးကားများ တစ်နေ့လျှင် ကားအစီးပေါင်း ၅၀ ဝန်းကျင်ခန့်တို့သည် ထိုင်းကုန်ပစ္စည်းများကို တင်ဆောင်ကာ ဘုရားသုံးဆူနယ်စပ်သို့ နေ့စဉ် တင်ပို့ရောင်းချလာခဲ့ကြသည်။ နယ်စပ်ဒေသ ကုန်သွယ်ရေး ချောမွေ့လာသည်နှင့်အမျှ ကုန်တင် ကုန်ချလုပ်ငန်းများကို မှီခိုအားထားနေကြရသည့် မြန်မာအလုပ်သမားပေါင်း ၁၀၀ နီးပါးခန့်တို့သည်လည်း စားဝတ်နေရေးအတွက် အဆင်ပြေလာခဲ့ကြသလို ကုန်ပစ္စည်း အခွန်ကောက်ငွေများသည်လည်း ထိုင်းနှင့် မြန်မာ နှစ်ဖက်သော အာဏာပိုင်များထံသို့ စီးဝင်လာခဲ့ကြသည်။

    ဘုရားသုံးဆူဒေသအတွက် ကုန်စည်ကူးသန်းရောင်းဝယ်ရေး ဖြေလျှော့မှုအပြီးတွင် နှစ်ဖက်သော ကုန်စည်များ အဆက်မပြတ် ဝင်လာမှုကြောင့် ကုန်တင်ယာဉ်ပိုင်ရှင်များ ကုန်သည်များသာမက ကုန်တင် ကုန်ချ အလုပ်သမားများသည်လည်း အဆင်ပြေလာကြသည်ဟု ကုန်တင်ယာဉ်ပိုင်ရှင်များက ပြောဆိုနေကြသည်။ ဘုရားသုံးဆူမှ ပြည်တွင်းအရောက် ဆယ်ဘီးကား ကုန်တင်ယာဉ်တစ်စီးလျှင် လမ်းကြေးအခွန်ကောက်အပါအဝင် ကုန်တင်ခ မြန်မာငွေ ကျပ်သိန်း ၇၀ ခန့် ပေးရပြီး အထွေထွေစရိတ်နှုတ်ပြီးလျှင် ပိုင်ရှင်အတွက် သိန်း ၂၀ ခန့် ကျန်သည်ဟု ဆယ်ဘီးကားယာဉ်ပိုင်ရှင်တစ်ဦးက ပြောသည်။

    ကုန်တင်ယာဉ် လေးဘီးကားငယ်တစ်စီးလျှင် လမ်းကြေးအခွန်ကောက်နှင့် ကုန်တင် ကုန်ချအပါအဝင် တစ်စီးလျှင် ၃၅ သိန်းခန့် ပေးရပြီး အထွေထွေစရိတ်နှုတ်ပြီးလျှင် ကျပ် ၁၅ သိန်းခန့် ကျန်သည်ဟု ကားငယ်ကုန်တင်ယာဉ်မောင်းတစ်ဦးက ပြောသည်။

    “ခုလို ပွင့်လင်းရာသီရောက်လာတော့ ပိုပြီးတော့ အဆင်ပြေပါတယ်။ လမ်းခရီး ကြန့်ကြာမှုမရှိတော့ ကုန်ကျစရိတ်သက်သာတာပေါ့။ မိုးတွင်း သိပ်မကျန်တော့ဘူး။ ဆယ်ဘီးကားကြီးတွေဆို ပိုပြီး ဒုက္ခရောက်တယ်။ မိုးတွင်းတုန်းကဆို တစ်ချို့ဆယ်ဘီးကားတွေ လမ်းမှာ ၇ ရက်လောက်ကြာတယ်။ မိုးထဲ ရေထဲ တော်တော်လေး ဒုက္ခဖြစ်ရပါတယ်” ဟု ပြောသည်။

    လက်ရှိတွင် နယ်စပ်ဒေသကုန်သွယ်ရေး အခြေအနေများ ကောင်းမွန်လျက်ရှိပြီး ထိုင်းကုန်ပစ္စည်းများကိုလည်း နေ့စဉ်ပုံမှန် ဆယ်ဘီးကားကြီးများနှင့် တင်ပို့လျက်ရှိကြပြီး ထိုင်းနိုင်ငံမှ တင်ပို့သော CP မွေးမြူရေး ကြက်များမှာလည်း တစ်နေ့လျှင် အနည်းဆုံး အကောင်ရေ တစ်သောင်း ဝန်းကျင်ခန့် မြန်မာပြည်တွင်းသို့ တင်ပို့နေသည်။ မြန်မာကုန်ပစ္စည်းများကိုလည်း ထိုင်းနိုင်ငံသို့ နေ့စဉ် တင်ပို့နေလျက်ရှိသည်။ ဤကဲ့သို့ ပုံမှန်လည်ပတ်နေသော ကုန်သွယ်ရေးသည် ၂၀၂၆ ခုနှစ်တွင် ဘုရားသုံးဆူနယ်စပ်ဒေသအတွက် ကောင်းသောအလားလာများသာဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပေသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,400SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks