Friday, March 27, 2026
More
    spot_img
    Homeသတင်းစက်သုံးဆီအခက်အခဲနှင့် နေ့စဉ် လူနေမှုဘဝအပေါ် ရိုက်ခတ်မှု

    စက်သုံးဆီအခက်အခဲနှင့် နေ့စဉ် လူနေမှုဘဝအပေါ် ရိုက်ခတ်မှု

    -

    အရှေ့အလယ်ပိုင်းတွင် ဖြစ်ပွားနေသော စစ်ရေးပဋိပက္ခကြောင့် ရေနံနှင့် လောင်စာဆီ အကျပ်အတည်း တကမ္ဘာလုံးအနှံ ရိုက်ခတ်နေသည်။ စက်သုံးဆီဂယက်သည် လောင်စာဆီ ရှားပါးမှုသက်သက်ဟု ထင်ရသော်လည်း နောက်ဆက်တွဲ အကျိုးဆက်သည် ကဏ္ဍပေါင်းစုံကို ကပ်ဘေးတစ်ခုကဲ့သို့ ကူးစက် ပြန့်ပွားစေသည်။

    မြန်မာနိုင်ငံတွင်လည်း စက်သုံးဆီ နောက်ဆက်တွဲ အကျိုးဆက်များ ခံစားနေရပြီး ဆီဈေးနှုန်း မြင့်တက်လာခြင်း၊ ဆီကို အကန့်အသတ်ဖြင့် ဝယ်ယူ သုံးစွဲရခြင်း၊ ဆီရရှိရန် နာရီပေါင်းများစွာ တန်းစီ ဝယ်ယူရသည့် အကျပ်အတည်းများနှင့် ရင်ဆိုင် ကြုံတွေ့နေရသည်။ အာဏာသိမ်း စစ်တပ်ကလည်း စက်သုံးဆီ ချွေတာရေးနှင့် ဖူလုံမှုရှိစေရေးအတွက် မူဝါဒများ ချမှတ်ပြီး လုပ်ဆောင်နေသော်လည်း ထိရောက်သည့် အစီအမံများ ဆောင်ရွက်နိုင်ခြင်း မရှိပဲ ပြည်သူကို ပိုပြီး ကျပ်တည်း ခက်ခဲလာစေသည်။

    စစ်ကော်မရှင်၏ စက်သုံးဆီဆိုင်ရာ မူဝါဒ ကန့်သတ်ချက်များ

    စက်သုံးဆီပြဿနာကို ဖြေရှင်းရန်အတွက်ဆိုပြီး ယာဉ်များကို “စုံ” “မ” နံပါတ်အက္ခရာဖြင့် ဆီဖြည့်ရန်နှင့် သွားလာရန် သတ်မှတ် ထုတ်ပြန်ထားသည်။ စက်သုံးဆီအရောင်းဆိုင်များလည်း ဆိုင်ကယ်တစ်စီး ၅,၀၀၀ ကျပ်၊ အိုးဝေ/သုံးဘီးတစ်စီး ၁၀,၀၀၀ ကျပ်၊ အိမ်စီးကား ၃၀,၀၀၀ ကျပ်၊ ခရီးသည်တင်ယာဉ် ၁၀၀,၀၀၀ ကျပ်၊ ပရီမီယံ ဒီဇယ် နံပါတ်အနီ ၄၀,၀၀၀ ကျပ်၊ နံပါတ်အနက် ၃၀,၀၀၀ ကျပ်ဖြင့် နေ့စဉ် နံနက် ၆ နာရီကနေ ညနေ ၆ နာရီအထိ ရောင်းချသွားရန်လည်း ညွှန်ကြားထားသည်။

    ၎င်းပြင် စက်သုံးဆီများကို ပုံး/ပေပါဖြင့် ရောင်းချခြင်း လုံးဝ မပြုလုပ်ရန်နှင့် စျေးနှုန်း မြှင့်တင် ရောင်းချခြင်း လုံးဝ မပြုလုပ်ရန်လည်း စက်သုံးဆီအရောင်းဆိုင်များကို ညွှန်ကြားထားသည်။ စက်သုံးဆီများကို ကားဆိုလျှင် Bar Code၊ ဆိုင်ကယ်ဆိုလျှင် QR Code ဖြင့် တစ်ကြိမ် (သို့မဟုတ်) နှစ်ကြိမ်သာ ဝယ်ယူနိုင်မည့်စနစ် ကျင့်သုံးရန် စစ်ကော်မရှင်က ထုတ်ပြန်ထားသည်။

    စက်သုံးဆီ ရရှိရေး ရင်ဆိုင် ကြုံနေရသည့် အခက်အခဲများ

    မတ်လဆန်းပိုင်းကစပြီး ကမ္ဘာ့လောင်စာဆီဂယက်ကြောင့် စက်သုံးဆီ ပြတ်လပ်မည့် စိုးရိမ်ချက်ဖြင့် ပြည်သူများ စက်သုံးဆီကို အလုအယက် ဝယ်ယူကြရာမှ စက်သုံးဆီအရောင်းဆိုင်များတွင် တိုးဝှေ့ပြီး တန်းစီ စောင့်ဆိုင်း ဝယ်ယူနေကြရသည်။ တစ်လနီးပါး ကြာလာသည်အထိ စက်သုံးဆီ တိုးဝှေ့ တန်းစီ ဝယ်ယူသူများနေဆဲ ဖြစ်ပြီး အခြေအနေသည် တစ်နေ့ထက်တစ်နေ့ ပိုဆိုးလာသည်ဟု စက်သုံးဆီ သုံးစွဲသူတို့က ပြောသည်။ လက်ရှိတွင်လည်း စက်သုံးဆီ ဝယ်ရရှိရန် ဆီဆိုင်ရှေ့ နေပူကျဲကျဲအောက်တွင် နာရီပေါင်းများစွာ တန်းစီ စောင့်ဆိုင်းနေကြရသည်။

    စက်သုံးဆီရရှိရန် တန်းစီရာတွင် အနည်းဆုံး တစ်နာရီကနေ နေ့တစ်ဝက်ခန့်အထိ ကြာတတ်ပြီး ရရှိသည့် ဆီကလည်း ဆိုင်ကယ်တစ်စီး ကျပ် ၅,၀၀၀ ဖိုး ဆီတစ်လီတာကျော်သာ ရရှိသည်။ ထိုသို့ အချိန်ကုန်ခံ၊ လူအပင်ပန်းခံပြီး တန်းစီ ဝယ်ယူရရှိလာသည့် ဆီသည် သွားရေးလာရေးပင် မကာမိသည့် အခြေအနေရှိနေသည်။ အနည်းဆုံး တစ်ရက် နှစ်ခေါက်ခန့် တန်းစီမှသာ ဆီကို ဖူလုံစွာ သုံးနိုင်မည့် အနေအထားမျိုးရှိသည်။ ဆီဆိုင်များတွင် ဆီဖြည့်ရန် တန်းစီ စောင့်ဆိုင်းနေကြသည့် ကား၊ ဆိုင်ကယ်တန်းသည် မိုင်ချီရှိပြီး ညအိပ် တန်းစီကြသူများလည်း ရှိနေသည်။

    စစ်ကော်မရှင်က ဆီအခက်အခဲကို ဖြေရှင်းရန်ဆိုပြီး စုံ၊ မ စနစ် အစီအစဉ်များ ချမှတ်ခဲ့သော်လည်း လက်တွေ့မြေပြင်တွင် ဆီတန်းစီ ဝယ်ယူနေရသည့် အရှိန် လျော့မသွားပဲ ယခင်ကထက်ပင် ပိုမိုများပြားလာသည်။

    စစ်အုပ်စု၏ ကန့်သတ်ချက်၊ ဆီအရောင်းဆိုင်များတွင် နာရီပေါင်းများစွာ တန်းစီပြီး လိုသလောက် ဝယ်မရသည့်အတွက် ပြင်ပ မှောင်ခိုစျေးကွက်ကို အားထားကြသည့်အပြင် ဆီအရောင်းဆိုင်များတွင် ဆီဝယ်ခွင့်မရှိသည့် လိုင်စင်မဲ့ မော်တော်ယာဉ်များကလည်း ပြင်ပ မှောင်ခိုစျေးကွက်သာ ၎င်းတို့အတွက် အားထားရာနေရာ ဖြစ်နေသည်။

    ပြင်ပ စက်သုံးဆီမှောင်ခိုစျေးကွက် တွင်ကျယ်လာ

    စက်သုံးဆီ ပြဿနာဖြစ်တိုင်း ပြင်ပ စက်သုံးဆီမှောင်ခိုစျေးကွက်ကလည်း ပေါ်လာတတ်သည်။ လက်ရှိတွင်လည်း စက်သုံးဆီ ပြတ်လပ်ပြီး ဝယ်ယူရ ခက်ခဲလာချိန်တွင် မှောင်ခိုစျေးကွက်က ပြန်ပေါ်လာပြီး တဖြည်းဖြည်း တွင်ကျယ်လာသည်။ ဆီအရောင်းဆိုင်များတွင် တန်းစီ စောင့်ဆိုင်းရန် အချိန်မရှိသူ ငွေကြေးတတ်နိုင်သူတို့က မှောင်ခိုစျေးကွက်ကို အားထားလာကြသည်။ တစ်ဖက်တွင်လည်း ဆီအရောင်းဆိုင်များတွင် အကန့်အသတ်ဖြင့် ရောင်းချပေးနေချိန်မှာ မှောင်ခိုစျေးကွက်တွင် ဆီလိုသလောက် ဝယ်ယူရနေသည့်အခြေအနေကလည်း မှောင်ခိုစျေးကွက်ကို ပိုမို ကြီးထွားလာစေသည်။ ဆီဆိုင်များကလည်း သတ်မှတ်ပေါက်စျေးထက် စျေးပိုရသည့် မှောင်ခိုစျေးကွက်သို့ ဆီထုတ်ရောင်းနေသည့်အတွက် ဆီဆိုင်တွင် ဆီပြတ်လပ်ပြီး တန်းစီ ဝယ်ယူသူများကို အလုံအလောက် မပေးနိုင်သည့် အခြေအနေ ဖြစ်နေသည်။

    စက်သုံးဆီနှင့် ပတ်သက်ပြီး စစ်အုပ်စု၏ စီမံ ကိုင်တွယ်ပုံများသည် ပြည်သူအတွက် အခက်အခဲ ပိုဖြစ်စေပြီး အခြေအနေကို ပိုမို ဆိုးရွားလာစေသည်။ စစ်အုပ်စုက မော်တော်ယာဉ်များကို စုံ၊ မ စနစ် သတ်မှတ်ခြင်း၊ ဆီကို အကန့်အသတ်ဖြင့် ရောင်းချခြင်း၊ Bar Code၊ QR Code ဖြင့် ဆီဝယ်ယူသည့် စနစ်များ ဆောင်ရွက်ထားခြင်းတို့ကြောင့် ပြည်သူများ အဆင်မပြေမှုများနှင့် ရင်ဆိုင်နေရသည်။

    တစ်ဖက်တွင်လည်း စစ်အုပ်စုက ဆီကို ပုံး/ပေပါဖြင့် မရောင်းချရန် ညွှန်ကြားထားသော်လည်း ဆီဆိုင်အများစုက ညွှန်ကြားချက်ကို မလိုက်နာဘဲ မှောင်ခိုရောင်းချနေသည့်အပေါ် အရေးယူနိုင်ခြင်း မရှိသည့်အချက်သည်လည်း စက်သုံးဆီ ပြဿနာကို ပိုမို ကြီးထွားလာစေသည့် အဓိကအချက်တစ်ချက် ဖြစ်သည်။

    လက်ရှိတွင် စက်သုံးဆီအရောင်းဆိုင်များတွင် ဆီတစ်လီတာ ကျပ် ၃၃၀၀ နှင့် ၃၅၀၀ ကြားရှိနေပြီး ဒီဇယ်တစ်လီတာလျှင် ကျပ် ၄၀၀၀ နှင့် ၄၃၀၀ ကြား ရှိနေသော်လည်း ပြင်ပ မှောင်ခိုစျေးကွက်တွင် စက်သုံးဆီစျေး တစ်လီတာ ကျပ် ၁၅,၀၀၀ ကနေ ၂၀,၀၀၀ နီးပါးအထိ စိတ်ကြိုက်စျေးဖြင့် အရောင်းအဝယ် ပြုလုပ်နေကြသည်။

    နေ့စဉ် လူမှုဘဝအပေါ် ရိုက်ခတ်မှုများ

    စက်သုံးဆီအခက်အခဲသည် သာမန် စွမ်းအင်ပြဿနာထက် ကျော်လွန်ပြီး ပြည်သူလူထု၏ နေ့စဉ် စားဝတ်နေရေးနှင့် စိတ်ပိုင်းဆိုင်ရာအထိ ရိုက်ခတ်နေသည့် အကျပ်အတည်းတစ်ခု ဖြစ်သည်။

    ဆီအရောင်းဆိုင်များတွင် နာရီပေါင်းများစွာ တန်းစီ စောင့်ဆိုင်းနေရသည့်အတွက် အလုပ်လုပ်ချိန်၊ အနားယူချိန်များ ဆုံးရှုံးနေသည်။ ဆီဆိုင်များကလည်း အကန့်အသတ်ဖြင့်သာ ရောင်းချပေးနေသည့်အတွက် ခရီးဝေးသွားလာသူများနှင့် အငှားယာဉ်မောင်းများအတွက် အခက်တွေ့စေသည်။

    စက်သုံးဆီ ဝယ်ရခက်သည့်အပြင် စျေးလည်း မြင့်တက်လာသည့်အတွက် ယာဉ်စီးခနှုန်းထားများ၊ ကုန်စည်ပို့ဆောင်သည့် ကုန်တင်ကားခများလည်း မြင့်တက်လာသည်။ ကုန်စည်ပို့ဆောင်ရေး စရိတ်များ မြင့်တက်လာသည့်နှင့်အမျှ ကုန်စျေးနှုန်းများလည်း မြင့်တက်လာသည်။ အခြေခံ စားသောက်ကုန်ဈေးနှုန်းများ မြင့်တက်လာခြင်းကြောင့် ဝင်ငွေနည်းပါးသော မိသားစုများအတွက် စားနပ်ရိက္ခာ မလုံလောက်မှု ပြဿနာများလည်း ရင်ဆိုင် ကြုံတွေ့လာနေရသည်။

    စက်သုံးဆီအခက်အခဲကြောင့် စက်သုံးဆီ အသုံးပြုပြီး လည်ပတ်နေရသည့် စိုက်ပျိုးရေးလုပ်ငန်းများ၊ ရေလုပ်ငန်းများ၊ တနိုင်တပိုင် စီးပွားရေးလုပ်ငန်းများ အခက်အခဲ ကြုံတွေ့ရပြီး အချို့ လုပ်ငန်းများ ရပ်နားထားရသည်အထိ ဖြစ်သည်။

    “အဓိကအခက်အခဲဖြစ်နေတာ ကျနော်တို့ရဲ့ စိုက်ပျိုးရေးသမားတွေပါ။ မြက်ခုတ်မယ် ရှင်းမယ်။ စိုက်ခင်းရေသွင်းမယ် လောင်းမယ်။ စက်နဲ့ပဲ လုပ်နေတော့ ဆီမရှိလို့ မရဘူး။ ပုံးတွေနဲ့လည်း မရောင်းပေးဘူး။ ဆိုင်ကယ်၊ ကားနဲ့ တန်းစီ ရလာတဲ့ဆီကို စုတ်ထုတ်ပြီး သုံးနေရတဲ့ အနေအထား ရှိတယ်။ ဆီကို ပုံးနဲ့ မရောင်းပေးတော့လည်း လုပ်ငန်းတွေက ရှေ့ဆက်ဖို့ ခက်ခဲတယ်”

    လက်ရှိ ကြုံတွေ့နေရသည့် စက်သုံးဆီ အခက်အခဲသည် စစ်အုပ်စု၏ မူဝါဒ အလွဲများကြောင့် ပိုပြီး အခက်တွေ့စေသည်။ စက်သုံးဆီ ပြဿနာကို ထိရောက်သည့် မူဝါဒများဖြင့် ဖြေရှင်းရန် လိုအပ်နေပြီး အချိန်မီ ဖြေရှင်းနိုင်ခြင်း မရှိပါက ပြည်သူလူထု၏ နေ့စဉ်ဘဝသည် ပိုပြီး ခက်ခဲနက်နဲသည့် အခြေအနေဆီကို ဦးတည်သွားနိုင်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,300SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks