မွန်ပြည်နယ်တွင် စက်သုံးဆီ ပြတ်လပ်ပြီး ဝယ်မရသည့် အခက်အခဲကြောင့် တနိုင်တပိုင် ရေလုပ်ငန်းများ ရပ်နားလာရပြီး ရေလုပ်သားများ အလုပ်လက်မဲ့ ဖြစ်လာသည်ဟု ဒေသခံရေလုပ်သားများထံမှ သိရသည်။
စစ်ကော်မရှင်၏ စက်သုံးဆီရောင်းချမှုအပေါ် ကန့်သတ်ချက်များနှင့်အတူ စက်သုံးဆီဈေးနှုန်းလည်း မြင့်တက်လာသည့်အတွက် တနိုင်တပိုင် ရေလုပ်ငန်းများ လည်ပတ်ရန် ခက်ခဲလာပြီး လုပ်ငန်း ရပ်နားရသည်အထိ ဖြစ်လာသည်။
တနိုင်တပိုင် ရေလုပ်သားများအနေဖြင့် ယခင်က လှေထွက်ရန် တစ်နေ့လျှင် အနည်းဆုံး စက်သုံးဆီ ၅ လီတာခန့် လိုအပ်သော်လည်း လက်ရှိတွင် ပြင်ပစျေးကွက်မှ အချိန်ကြာမြင့်စွာ တန်းစီနေရပြီး လှေတစ်စီးလျှင် တစ်နေ့ ၁ လီတာသာ ဝယ်ယူခွင့် ရရှိနေသည်ဟု ဆိုသည်။

“ပိုက်လှေကြီးတွေကတော့ ပေပါနဲ့ ဝယ်လို့ရတော့ အခက်အခဲ မရှိဘူး။ ကျွန်တော်တို့လို လှေကလေးတွေကတော့ တစ်နေ့ ၁ လီတာနဲ့ ဘယ်လိုမှ မထွက်နိုင်ဘူး။ အခုက လှေတစ်စီး နှစ်စီးနဲ့ လုပ်ကိုင်စားသောက်နေတဲ့သူတွေ အကုန်လုံးက အလုပ်လက်မဲ့ ဖြစ်နေတယ်။ အချို့က လှေသုံးစီးရှိတဲ့သူကြတော့ တစ်စီးပဲ ထွက်နိုင်ကြတယ်” ဟု ရေးမြို့နယ်ရှိ ရေလုပ်သားတစ်ဦးက ပြောသည်။
လုပ်ငန်းများ ရပ်နားထားရခြင်းကြောင့် ရေလုပ်သားများသာမက ၎င်းတို့ကို မှီခိုနေရသည့် မိသားစုဝင်များ စားဝတ်နေရေး ကျပ်တည်းလာပြီး ရေရှည်အတွင်း အငတ်ဘေးနှင့် ကြုံတွေ့ရနိုင်သည်ဟု တနိုင်တပိုင် ရေလုပ်သားတို့က ပြောသည်။
၎င်းပြင် စက်သုံးဆီအခက်အခဲကြောင့် အခြေခံစားသောက်ကုန် စျေးနှုန်းများလည်း မြင့်တက်လာနေခြင်းကြောင့် ဝင်ငွေ မရှိတော့သည့် ရေလုပ်သားများအတွက် ပိုပြီး အခက်အခဲ ကြုံတွေ့နေရသည်။
“ကျွန်တော်တို့က နေ့စားသမားတွေဆိုတော့ လှေမထွက်နိုင်ရင် ဝင်ငွေ မရှိတော့ဘူး။ အရည်အသွေး မကောင်းတဲ့ ဆန်တစ်အိတ်က အနည်းဆုံး ၅ သောင်းလောက်ရှိတယ်။ ကြက်ဥတွေ ဘာတွေ ဟင်းချက်ဖို့အတွက် ဝယ်ရတဲ့ ပစ္စည်းတွေလည်း ရှိသေးတယ်။ လှေထွက်ရရင် ငါးတွေ ဘာတွေ ရလာရင် ပူစရာ သိပ်မလိုဘူး။ အခုက လှေကလည်း ထွက်မရ ကုန်ပစ္စည်းတွေကလည်း စျေးတက်နေတော့ မိသားစုအတွက် မျက်နှာပူရတယ်” ဟု အထက်ပါ ရေလုပ်သားက ပြောသည်။
ရေလုပ်သားများသည် ပုံမှန်အားဖြင့် ငါးဖမ်းလုပ်ငန်းကို မိုးဦးကျ ငါးရစ်ငါးသန်ကာလများတွင်သာ ယာယီ ရပ်နားလေ့ရှိသော်လည်း ယခုနှစ်တွင် စက်သုံးဆီအခက်အခဲကြောင့် ငါးဖမ်းရာသီ မကုန်ခင်ကတည်းက လုပ်ငန်း ရပ်နားလိုက်ရသဖြင့် ငါးရရှိမှု သိသိသာသာ လျော့ကျလာနိုင်ကြောင်း ခန့်မှန်းထားကြသည်။
မွန်ပြည်နယ်တွင် မတ်လ ပထမပတ်မှ စတင်ကာ စက်သုံးဆီများကို လိုသလောက် ဝယ်ယူမရတော့ဘဲ စုံ/မ စနစ်ဖြင့်သာ အချိန်ကြာမြင့်စွာ တန်းစီစောင့်ဆိုင်း ဝယ်ယူနေရသည့်အပြင် ဆိုင်အများစုတွင်လည်း ဆီပြတ်လပ်မှုများ မကြာခဏ ဖြစ်ပေါ်နေသည်။




