မွန်ပြည်နယ်အပါအဝင် တိုင်းနှင့် ပြည်နယ်အများစုတွင် အပူချိန်မြင့်တက်လာနေပြီး သက်ကြီးရွယ်အိုများ၊ ကလေးများ၊ ရောဂါအခံရှိသူများ အထူးဂရုပြုရန် လိုအပ်သည်ဟု ကျန်းမာရေးဝန်ထမ်းများနှင့် လူမှုကယ်ဆယ်ရေးအဖွဲ့တို့က တိုက်တွန်းလိုက်သည်။
တိုင်းနှင့် ပြည်နယ်အများစုသည် နေ့အပူချိန် ၃၅ ဒီဂရီကနေ ၄၀ ဒီဂရီအထိ မြင့်တက်လာနိုင်ကြောင်း စစ်ကော်မရှင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။
မွန်ပြည်နယ်တွင် ပြင်းထန်လာသည့် အပူဒဏ်ကြောင့် အပူရှပ်ပြီး ဆေးရုံတက် ကုသမှုခံရသူများလာသည်ဟု မော်လမြိုင်မြို့ရှိ ဘိုဘိုဝင်း လူမှုကယ်ဆယ်ရေးအသင်းတာဝန်ရှိသူ ကိုဘိုဘိုဝင်းက ပြောသည်။

“မော်လမြိုင်ဆေးရုံကြီးကို လူနာသွားပို့တဲ့အခါ ဘာကိုမြင်ရတာလဲဆိုတော့ အပူချိန်ကြောင့် အပူရှပ်ပြီး ဆေးရုံကို ရောက်နေကြတဲ့ လူနာတွေက တော်တော်များများ တွေ့လာရတယ်။ ဒီလိုအချိန်ကာလမှာ အပူချိန်တွေ မြင့်မားလာသည့်အတွက် အပြင်ထွက်တဲ့အခါ ဂရုစိုက်ဖို့ လိုတယ်။ နောက်တစ်ခုက ဆိုင်ကယ်ဆီ တန်းစီနေတဲ့လူတွေကိုလည်း သတိပေးချင်ပါတယ်။ ဆီတန်းစီတဲ့အထဲမှာ သက်ကြီးရွယ်အိုတွေ ပါနေတယ်ဆိုရင် ဆီတန်းစီတာတွေ မပေးလုပ်ကြပါနဲ့။ နေ့အပူချိန် အရမ်းများတဲ့အတွက် အပူရှပ်တာတွေ ဖြစ်တတ်ပါတယ်” ဟု ကိုဘိုဘိုဝင်းက ပြောသည်။
အပူချိန်ကြောင့် ခေါင်းမူးခေါင်းနောက်ခြင်း၊ ကြွက်တက်ခြင်း၊ ခန္ဓာကိုယ်အပူချိန်တက်ခြင်း၊ ချွေးခမ်းခြောက်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ သတိလစ်ခြင်း စသည့် အသက်အန္တရာယ်အထိ ဖြစ်ပေါ်လာနိုင်သည့်အတွက် နေပူထဲတွင် အလုပ်လုပ်ခြင်း၊ အပြင်ထွက်သွားလာခြင်းများကို ဆင်ခြင်ကြရန် လိုအပ်သည်ဟု ကျန်းမာရေးဝန်ထမ်းတို့က တိုက်တွန်းသည်။
၎င်းပြင် ကျန်းမာရေးဌာနက ထုတ်ပြန်ထားသည့် အပူဒဏ်ကာကွယ်ရေးဆိုင်ရာ ဆောင်ရန်၊ ရှောင်ရန် အချက်များကိုလည်း လိုက်နာသင့်ကြောင်းနှင့် မပေါ့ဆသင့်ကြောင်းလည်း ဆိုသည်။
“ဒီလိုကာလမှာတော့ အန်တာတွေ၊ ဝမ်းသွားတာတွေ အရမ်းကို ဖြစ်တတ်ပြီး အစာစားတာလည်း ဂရုစိုက်ရပါတယ်။ ပြီးတော့ လူတစ်ယောက်ရဲ့ ခံနိုင်ရည်အပူချိန်နဲ့ ဒီအပူချိန်က မမျှတလို့ ဖျားနာတာ ဖြစ်လွယ်တယ်။ ရေခဲရေတွေကိုလည်း လိုတာထက် ပိုမသောက်စေချင်ဘူး။ ပြီးတော့ နေလယ်ပိုင်းမှာလည်း ရေပေးမချိုးစေချင်ဘူးပေါ့နော်။ အပူဓာတ် မမျှလို့ တစ်ခါတည်း အပူရှပ်သွားနိုင်ပါတယ်။ တအားကြီးပူတဲ့နေရာတွေရယ်၊ တအားကြီးအေးတဲ့နေရာတွေရယ် နေလို့မသင့်ပါဘူး။ ဒီလိုမျိုး အပူအအေးမျှတတဲ့ သစ်ပင်အရိပ်နေရာတွေ၊ တောင်တန်းလိုနေရာမျိုးတွေ ပြောရရင် လေကောင်းလေသန့် ရနိုင်တဲ့နေရာမျိုးတွေ နေရင် ပိုကောင်းတာပေါ့နော်” ဟု မွန်အမျိုးသားကျန်းမာရေးဌာနမှ ဆေးမှူးတစ်ဦးက ပြောသည်။
ယခုလို အပူချိန်ပြင်းထန်သည့် ကာလတွင် နေရောင်ခြည်နှင့် တိုက်ရိုက်ထိတွေ့မှုများကြောင့် အရေပြားကင်ဆာအပါအဝင် အရေပြားနှင့် သက်ဆိုင်သည့် ကျန်းမာရေးဆိုးကျိုးများ ဖြစ်ပေါ်နိုင်သည့်အတွက် မဖြစ်မနေ အပြင်ထွက်သည့်အခါ ဦးထုပ်၊ ထီး၊ အင်္ကျီလက်ရှည်နှင့် နေကာမျက်မှန်ကိုလည်း အသုံးပြု ဝတ်ဆင်သင့်ကြောင်း ကျန်းမာရေးဝန်ထမ်းတို့က တိုက်တွန်းထားသည်။



