မွန်ပြည်နယ်၊ ရေးမြို့နယ် မြောက်ပိုင်းအတွင်းရှိ ကျေးရွာများဘက်တွင် စစ်ကော်မရှင်တပ် အင်အား ထပ်မံဖြည့်တင်းလာသည့်အတွက် တော်လှန်ရေးတပ်ဖွဲ့တို့နှင့် စစ်ရေးတင်းမာနေသည်ဟု ဒေသခံသတင်းအရင်းမြစ်များနှင့် တော်လှန်ရေးတပ်ဖွဲ့တို့၏ ပြောပြချက်အရ သိရသည်။
ဖေဖော်ဝါရီလအတွင်းက စစ်ကြောင်းထိုး ဝင်ရောက်လာခဲ့သည့် အင်အား ၁၅၀ ခန့်ရှိ စစ်ကော်မရှင် စစ်ကြောင်းများသည် တစ်လကျော်ကြာလာသည်အထိ ပြန်လည်ဆုတ်ခွာသွားခြင်းမရှိဘဲ ရေးမြောက်ပိုင်း၊ အောင်သာယာကျေးရွာအနီးတစ်ဝိုက်တွင် နေရာယူထားသည့်အပြင် အင်အားများ ထပ်မံဖြည့်တင်းထားသည်လည်း ရှိနေသည်။

“အခုထိ စစ်ကြောင်းက ရှိနေတုန်းပဲ။ အင်အားက ၁၅၀ လောက်ရှိတယ်။ နောက်ထပ် သူတို့အင်အားတွေလည်း ထပ်ဖြည့်ထားတာ ရှိတယ်ပေါ့နော်။ ရွာတွေ အနားတဝိုက်မှာပဲ ဆက်လှုပ်ရှားနေတယ်။ စစ်ရေးအခြေအနေကလည်း တင်းမာနေဆဲပဲ” ဟု မွန်ပြည်တော်လှန်ရေးတပ် (MSRF) ပြောရေးဆိုခွင့်ရှိသူ မိတလညဏ်က ပြောသည်။
စစ်ကော်မရှင် စစ်ကြောင်း နေရာယူထားသည့် အောင်သာယာကျေးရွာနှင့် လိမ္မော်ခြံကျေးရွာအနီးတစ်ဝိုက်တွင် ယခုမတ်လအတွင်း နှစ်ဖက် ထိတွေ့တိုက်ပွဲ ၅ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့သည်။
ပြီးခဲ့သည့် မတ်လ ၁၉၊ ၂၀၊ ၂၁ ရက်နေ့တွင်လည်း စစ်ကော်မရှင် စစ်ကြောင်းကို မွန်-တနင်္သာရီ ညီနောင်ဒရုန်းတပ်ပေါင်းစုနှင့် တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တို့က ဒရုန်းဖြင့် ဗုံးအလုံး ၂၀ နီးပါး ကြဲချတိုက်ခိုက်ခဲ့သည်။
“သူ စစ်ကြောင်းထိုးနေတာ တစ်လလောက်တော့ရှိနေပြီ။ ဒါပေမဲ့ သူတို့ စစ်ကြောင်းက ပျောက်လိုက် ပေါ်လိုက် အဲ့လိုဖြစ်နေတာပေါ့နော်။ အဲဒါကို တော်လှန်ရေးတပ်ဖွဲ့တွေက သူတို့ ပေါ်လာတဲ့အချိန် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်။ စစ်ရေးကို အဲ့လိုလှုပ်ရှားနေတာရှိတယ်” ဟု မိတလညဏ်က ဆက်ပြောသည်။
ရေးမြောက်ပိုင်းတွင် ဖြစ်ပွားနေသည့် နှစ်ဖက်တိုက်ပွဲများအတွင်း စစ်ကော်မရှင်တပ်ဘက်က ထိခိုက်သေဆုံးမှုများရှိနေသလို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်ကလည်း ထိခိုက်မှုများ ရှိနေသည်ဟု ဒေသတွင်း သတင်းအရင်းမြစ်များထံမှ သိရသည်။
စစ်ကော်မရှင် စစ်ကြောင်းထိုးစဉ် ဥယျာဉ်ခြံလုပ်ကိုင်နေသည့် ဒေသခံတို့၏ ဖုန်းနှင့် ငွေတို့ကို သိမ်းဆည်းခြင်း၊ ဖမ်းဆီးခြင်း၊ ခြိမ်းခြောက်မှုများ လုပ်ဆောင်နေသည်လည်း ရှိသည်။
စစ်ကြောင်းထိုးနေခြင်းနှင့် နှစ်ဖက်ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားနေခြင်းကြောင့် ဒေသခံများ ဥယျာဉ်ခြံသွားရန် အခက်အခဲ ကြုံတွေ့နေရပြီး လုပ်ငန်းများ ရပ်နားထားရသည်ဟု ဒေသခံတို့က ပြောသည်။
စစ်တပ်က ရေးမြို့နယ် မြောက်ပိုင်း၊ ရေး-သံဖြူဇရပ်ကြား အမှတ် ၈ ပြည်ထောင်စုလမ်းပိုင်းကို ထိန်းချုပ်နိုင်ရန် အပြင်းအထန် ထိုးစစ်ဆင်နေသည့်အတွက် တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တို့နှင့် မကြာခဏ တိုက်ပွဲဖြစ်ပွားနေသည်။
ဒေသခံပြည်သူများအနေဖြင့် ရေးမြို့နယ် မြောက်ပိုင်းနှင့် ရေး-သံဖြူဇရပ်ကြား လမ်းပိုင်းတွင် အချိန်မရွေး တိုက်ပွဲများ ဖြစ်လာနိုင်သည့်အတွက် သတိပြု သွားလာနေထိုင်ကြရန် တော်လှန်ရေးတပ်ဖွဲ့ဘက်က တိုက်တွန်းထားသည်။



