မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် စက်သုံးဆီများကို တရားမဝင် ရောင်းချသည်ဆိုပြီး ဆီဆိုင်ပိုင်ရှင်များနှင့် တာဝန်ရှိသူများကို စစ်ကော်မရှင်တပ်က ဖမ်းဆီးပြီး အရေးယူမှု ပြုလုပ်ထားကြောင်း သိရသည်။
မော်လမြိုင်မြို့၊ ဖားအောက်ကျေးရွာ မော်လမြိုင်-မုဒုံကားလမ်းဘေးရှိ မင်းသန့် (၁) စက်သုံးဆီအရောင်းဆိုင်တွင် ဆီများ သိုလှောင်ထားသော်လည်း ရောင်းချမှုမရှိသည့်အတွက် သက်ဆိုင်ရာက စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာမှ ဆီများကို ပေပါဖြင့် ထုတ်ရောင်းနေသည်ကို တွေ့ရှိခဲ့သည်။
ယင်းနောက် မင်းသန့် စက်သုံးဆီအရောင်းဆိုင်ပိုင်ရှင်ဖြစ်သူနှင့် အထွေထွေမန်နေဂျာ၊ မန်နေဂျာဖြစ်သူတို့ကို ဖမ်းဆီးပြီး မုပွန်နယ်မြေရဲစခန်းတွင် ရေနံနှင့် ရေနံထွက်ပစ္စည်းများဆိုင်ရာ ဥပဒေပုဒ်မ-၃၉ (က) ဖြင့် အမှုဖွင့် အရေးယူထားသည်။
အလားတူ မော်လမြိုင်မြို့၊ ညောင်ပင်ဆိပ်ရပ်ကွက်က မိဘမေတ္တာ စက်သုံးဆီဆိုင်က စက်သုံးဆီများကို ကရင်ပြည်နယ်ဘက်သို့ ပို့ဆောင်စဉ် ကျိုက်မရောမြို့နယ် စံပယ်ဂူတံတား လုံခြုံရေးဂိတ်တွင် ဖမ်းဆီးခံခဲ့ရပြီးနောက် ဆိုင်ပိုင်ရှင်နှင့် ဆိုင်မန်နေဂျာဖြစ်သူတို့ကို သက်ဆိုင်ရာက ဖမ်းဆီးပြီး အမှုဖွင့် အရေးယူထားသည်။

“စက်သုံးဆီ ရောင်းချလိုက်တဲ့သူရော၊ သယ်ဆောင်လာသူတွေရော အမှုဖွင့် အရေးယူထားတဲ့အပြင် မော်တော်ယာဉ်နဲ့ စက်သုံးဆီတွေကိုပါ သိမ်းဆည်းထားတယ်လို့ သိရပါတယ်” ဟု ပြောကြားသည်။
မော်လမြိုင်မြို့၊ ဈေးကြိုရပ်ကွက်၊ တက္ကသိုလ်ပတ်လမ်းရှိ “စွမ်းမြန်မာ” စက်သုံးဆီအရောင်းဆိုင်ပိုင်ရှင်နှင့် ဂိုဒေါင်တာဝန်ခံတို့ကိုလည်း စက်သုံးဆီများကို ပုံးဖြင့် ရောင်းချနေသည့်အတွက် ဖမ်းဆီး အရေးယူထားရသည်။
စက်သုံးဆီများ တရားမဝင် ရောင်းချခြင်း၊ ညွှန်ကြားချက်ကို ဖောက်ဖျက်ပြီး စက်သုံးဆီများ ရောင်းဝယ်ခြင်းကြောင့် ဖမ်းဆီးခံထားရသည့် ဆီဆိုင်ပိုင်ရှင်များနှင့် မန်နေဂျာများ၊ တာဝန်ရှိသူများကို စစ်ကော်မရှင်က သက်ဆိုင်ရာ နယ်မြေရဲစခန်းများတွင် ရေနံနှင့် ရေနံထွက်ပစ္စည်းများဆိုင်ရာ ဥပဒေပုဒ်မများဖြင့် အမှုဖွင့် အရေးယူထားသည်။
၎င်းပြင် ကရင်ပြည်နယ်ဘက်သို့ စက်သုံးဆီများ တရားမဝင် တင်ပို့ရောင်းချနေသည်ဆိုပြီး ရာဇာမင်း၊ KS စက်သုံးဆီအရောင်းဆိုင်ပိုင်ရှင်တို့လည်း ဖမ်းဆီး စစ်ဆေးမှုခံနေရကြောင်း ပြည်နယ် စစ်ကော်မရှင်နှင့် နီးစပ်သူတို့ထံမှ သိရသည်။
“လက်ရှိမှာ စက်သုံးဆီအကြပ်အတည်း ဖြစ်နေတော့ စက်သုံးဆီ ရည်ညွှန်းဈေးထက် ဈေးပိုရတဲ့ ကရင်ဘက်ကို တရားမဝင် တင်ပို့နေကြတာပါ။” ဟု စစ်ကော်မရှင်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
စက်သုံးဆီ တင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးရောင်းချခွင့်ရထားသည့် ကုမ္ပဏီအနေဖြင့် တခြားဒေသများသို့ တရားမဝင် စက်သုံးဆီများ သယ်ဆောင်ဖြန့်ဖြူးနေသည့်အတွက်ကြောင့်လည်း မွန်ပြည်နယ်အတွင်း စက်သုံးဆီ မလုံလောက်မှု ဖြစ်ပေါ်နေကြောင်းနှင့် စက်သုံးဆီအရောင်းဆိုင်များတွင် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းကာ ဝယ်ယူနေကြရသည်။



