ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါသည့် မြဝတီကုန်သွယ်ရေးဇုန်နှင့် အာရှလမ်းပိုင်း ပြန်ဖွင့်ရန် စီစဉ်နေသည်ဟု စစ်ကော်မရှင် ကရင်ပြည်နယ်အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးစောခင်မောင်မြင့်က IMNA သို့ ပြောသည်။
မတ်လ ၂၆ ရက်နေ့တွင် မြဝတီကုန်သွယ်ရေးဇုန်ရှိ အဆောက်အဦးများ ပြင်ဆင်ခြင်း၊ သန့်ရှင်းရေးလုပ်သည့် လုပ်ငန်းစဉ်များ ဆောင်ရွက်နေပြီး အာရှလမ်းပိုင်းတလျှောက် ပျက်စီးနေသည့် တံတားများကိုလည်း တည်ဆောက်ကာ ပြီးစီးလုနီးပါး ဖြစ်နေပြီဟု ဆိုသည်။
မြဝတီကုန်သွယ်ရေးဇုန်နှင့် အာရှလမ်းပိုင်းကို ဧပြီလ ၁ ရက်နေ့တွင် ပြန်ဖွင့်မည်ဟု သတင်းများ ထွက်နေသော်လည်း ကရင်ပြည်နယ်အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီးကတော့ ရက်အတိအကျ မသတ်မှတ်ရသေးဘူးဟု ဆိုသည်။

“ကျွန်တော်တို့ ပြန်ဖွင့်ဖို့ အစီအစဉ်တော့ ရှိတယ်။ ဒီလမ်းမှာ အရင်က တိုက်ပွဲတွေဖြစ်တော့ ကျိုးသွားတဲ့ တံတားတွေ ရှိတယ်။ ဒီတံတားတွေ ပြန်ဆောက်တာ ၉၀ ရာခိုင်နှုန်းလောက်ပြီးပါပြီ။ ဒါပေမယ့် ရက်အတိအကျ ကျွန်တော်တို့ မသတ်မှတ်ရသေးပါဘူး။ အားလုံးပြီးစီးပြီဆိုမှ ပြန်ပြီး ဆွေးနွေးရမှာပါ” ဟု ဦးစောခင်မောင်မြင့်က ပြောသည်။
သို့သော်လည်း ကော့ကရိတ်မြို့ မြောက်ဘက်ရှိ အာရှလမ်းပိုင်းတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် စစ်ကော်မရှင်တပ်တို့အကြား တိုက်ပွဲများ ပြင်းထန်နေဆဲ ဖြစ်ကြောင်း သိရသည်။
ကော့ကရိတ်မြို့အခြေစိုက် စစ်ကော်မရှင် စကခ (၁၂) လက်အောက်ခံ တပ်ဖွဲ့များသည် အာရှလမ်းအနီးရှိ အောက်ဘိုတဲ လမ်းပိုင်းသို့ စစ်ကြောင်းထိုးနေပြီး လေကြောင်းဖြင့်ပါ ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်နေသည်။
ကျားဖြူတပ်ခွဲမှ မြေပြင်ရဲဘော်တစ်ဦးက “တိုက်ပွဲက ဆက်ဖြစ်နေတုန်းပါ။ လေယာဉ်က လာတယ်။ သူတို့ဘက်က အရင်ထိုးတာ၊ နယ်မြေရှင်းလင်းရေး သဘောမျိုး သူတို့က ဝင်တာ” ဟု ပြောသည်။
ကရင်ပြည်နယ်အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီးကလည်း အာရှလမ်းပိုင်း ပြန်ဖွင့်ရန် လုံခြုံရေးအခြေအနေ စိန်ခေါ်မှုများ ရှိနေသည်ဟု ဆိုသည်။
“လမ်းပိုင်း ပြန်ဖွင့်ဖို့ဆိုတာကလည်း လုံခြုံရေး ထိထိရောက်ရောက်ရှိဖို့တော့ လိုသေးတာပေါ့။ မဟုတ်ရင်လည်း ကုန်သည်တွေက ဒီလမ်းကို မသုံးရဲရင် အလကားပဲလေ။ လုံခြုံရေး ထိထိရောက်ရောက် ဖြစ်ဖို့ကိုလည်း လုပ်နေပါတယ်” ဟု ပြောသည်။
ယမန်နေ့ မတ်လ ၂၅ ရက်နေ့က ထိုင်း-မြန်မာ ဒေသဆိုင်ရာ နယ်စပ်ကော်မတီ (TBC) ဥက္ကဋ္ဌနှင့် စစ်ကော်မရှင်တပ် အရာရှိများ တွေ့ဆုံပြီး နယ်စပ်ကုန်သွယ်ရေးနှင့် နယ်စပ်ဒေသ လုံခြုံရေးအခြေအနေများ ဆွေးနွေးခဲ့ပြီးနောက် မြဝတီကုန်သွယ်ရေးဇုန်နှင့် အာရှလမ်းပိုင်း ပြန်ဖွင့်ရန် စီစဉ်လာခြင်း ဖြစ်သည်။



