Wednesday, March 25, 2026
More
    spot_img
    Homeသတင်းအရှေ့အလယ်ပိုင်း စစ်ရေးပဋိပက္ခများကြောင့် ရေနံနှင့် လောင်စာဆီ အကျပ်အတည်း နောက်ဆက်တွဲအဖြစ် မွန်ပြည်နယ်တွင် စက်သုံးဆီ ပြဿနာ ရင်ဆိုင်နေရ

    အရှေ့အလယ်ပိုင်း စစ်ရေးပဋိပက္ခများကြောင့် ရေနံနှင့် လောင်စာဆီ အကျပ်အတည်း နောက်ဆက်တွဲအဖြစ် မွန်ပြည်နယ်တွင် စက်သုံးဆီ ပြဿနာ ရင်ဆိုင်နေရ

    -

    အရှေ့အလယ်ပိုင်းတွင် ဖြစ်ပွားနေသော စစ်ရေးပဋိပက္ခများကြောင့် ရေနံနှင့် လောင်စာဆီ အကျပ်အတည်း နောက်ဆက်တွဲ အကျိုးဆက်အနေဖြင့် မွန်ပြည်နယ်အတွင်း၌လည်း စက်သုံးဆီ ပြဿနာကို ရင်ဆိုင်ကြုံတွေ့နေရသည်။

    စက်သုံးဆီ အခက်အခဲ ပြဿနာကို ဖြေရှင်းရန်အတွက်ဆိုပြီး ယာဉ်များကို “စုံ” “မ” နံပါတ်အက္ခရာစနစ်ဖြင့် ဆီဖြည့် သွားလာကြရန် စစ်ကော်မရှင်က ညွှန်ကြားထားပြီး ဆီကိုလည်း အကန့်အသတ်ဖြင့် ရောင်းချဖို့ ကန့်သတ်ထားသည်။

    လက်ရှိတွင် စက်သုံးဆီ ပြတ်လပ်ပြီး ဝယ်ယူရရှိရန် နာရီပေါင်းများစွာ တန်းစီစောင့်ဆိုင်းနေရသည့်အပြင် စျေးနှုန်းလည်း မြင့်တက်လာသည့်အတွက် သုံးစွဲသူများ အခက်အခဲကြုံတွေ့နေကြရသည်။ တဘက်တွင်လည်း စက်သုံးဆီ ဝယ်ယူရခက်ခဲသည့် နောက်ဆက်တွဲအနေဖြၚ် ကုန်စျေးနှုန်း မြင့်တက်တာ၊ ကားခစျေးတက်တာ လုပ်ငန်းမလည်ပတ်နိုင်သည်အထိ ဖြစ်လာသည်။

    စက်သုံးဆီ အခက်အခဲကို မွန်ဒေသခံများ ဘယ်လို ရင်ဆိုင်ကြုံတွေ့နေရလဲ။ ဘယ်လိုရင်ဆိုင်ဖြေရှင်းနေကြသလဲဆိုတာကို မွန်ဒေသခံတို့၏ စကားသံများကို စုစည်းတင်ပြထားသည်။

    အသက် ၃၀ ကျော် မော်လမြိုင်မြို့ခံ

    “ဆိုင်ကယ်နဲ့ဆိုလို့ရှိရင် အနည်းဆုံး ၁ နာရီလောက် တန်းစီပြီးတော့မှ ၅၀၀၀ ဖိုးပေါ့နော် တစ်လီတာကျော်ကျော်လေးပဲ ရတယ်။ အဲတော့ အချိန်ကုန်တယ် လူပင်ပမ်းတယ် နောက် ရတာနဲ့က သွားတာ လာတာနဲ့က မကာမိဘူးဖြစ်နေတယ် အနည်းဆုံး တရက်ကို နှစ်ခေါက်လောက် တန်းစီမှပဲ ဆီကို ဖူဖူလုံလုံ သုံးလို့ရမယ့် အနေအထားမျိုးရှိတယ်။ ကုန်ကားသမားတွေလည်း အဲဒီအတိုင်းပဲ ပစ္စည်းတခေါက်သယ်ဖို့အတွက်ကို ဆီအရင်စုရတယ်။ ဆီစုပြီးတော့ လောက်လောက်ငှငှရှိတော့မှပဲ ပစ္စည်းတွေသယ်ပြီးတော့ သွားရ လာရတဲ့အနေအထားရှိတယ်။ လောလောဆယ် စိုက်ပျိုးရေးသမားတွေအတွက် ဆီကို ဆီဆိုင်တွေက ပုံးနဲ့မရောင်းဘူးဆိုတော့ စိုက်ပျိုးရေးသမားတွေကတော့ လောလောဆယ် အခက်အခဲကြုံနေရတာပေါ့ ပုံးနဲ့ မရောင်းဘူးဆိုတော့ သယ်ရ ပြုရ သူတို့ လုပ်ငန်းခွင်ထဲ ဆီသယ်ဖို့က အဆင်မပြေကြဘူးဖြစ်နေတယ်။ သူတို့မှာရှိတဲ့ ဆိုင်ကယ် ကားတွေနဲ့ ဆီထုတ် ထုတ်ပြီးတော့မှ လယ်ယာမှာပြန်သုံးဖို့ ဆီကိုစုတ်ထုတ် သုံးနေရတဲ့အနေအထားရှိတယ်။ လောလောဆယ် စက်သုံးဆီအသုံးပြုနေရတဲ့ လုပ်ငန်းတွေကတော့ (ဒီလေ) ဖြစ်တာတွေရှိတာပေါ့ အချို့ကလည်း အချိန်ပိုင်း တရက်ခြား ဘာညာ အဲလိုမျိုး လျှောက်လုပ်နေရတဲ့အနေအထား ရှိတယ်။ အဖွဲ့စုံတွေနဲ့ ဆီဆိုင်တွေမှာ လိုက်စစ်နေတာမျိုးရှိတယ်။ အဓိက ဆိုင်ကယ် စုံရက်ဆိုရင် စုံဖြစ်နေရမယ် နောက် ဗီတက်ပါရမယ် ဗီတက်မပါရင် မရောင်းကြဖို့ပေါ့ ကားဆိုလည်း အဲအတိုင်းပဲ ကား (မှတ်ပုံတင်စာရွက်) ပေါ့ကွယ် အဲဒီဟာ ပါမှ ရောင်းပေးတယ်။ အဓိက စက်သုံးဆီ သုံးရတဲ့ လုပ်ငန်းတွေကတော့ တော်တော်လေးအကျပ်အတည်းရှိတယ်။”

    မော်လမြိုင်-ဘုရားသုံးဆူ ကားပြေးဆွဲနေသည့် အမျိုးသမီး

    “ဆီက ဝယ်ရခက်နေတယ် ဆိုတာ လူတိုင်းသိတယ် ဒါပေမဲ့ အခုကားရောဆိုင်ကယ်ရော တော်တော်များ ကြုံနေရတာက အချိန်အကြာကြီး တန်စီပြီးတော့ ဘာဖြစ်လဲ သိလား ဆီမရတော့တာပဲ ဆီကုန်လို့ ဆီမရတာမဟုတ်ဘူး အခုဆီဆိုင်အကြီးအချို့မှာ ဆီဖြည့်တာ ကားသမာ ဆိုင်ကယ်သမားတွေ ဆီမရလာဘူး တစ်ချို့က နည်းနည်းရလာတယ် ပိုက်ဆံပေးပြီး ဆီတာထည့်နေတာ ဆီလက်တံကမတတ်လာဘူး တစ်ခါတလေ ကိုယ့်ကားကပဲ ပျက်နေတာလား ဇဝေဇဝါ ဖြစ်သွားတယ် နောက်တော့ သူများတွေကို မေးကြည့်လိုက်တယ် သူများလဲ ကြုံနေတယ်တဲ့ ဆီလျော့ပြီးထည့်နေတာ ပိုက်ဆံပေးပြီး ဆီလဲမရလားဘူးဆို ဒီလိုမလုပ်သင့်ဘူးနော်အခုက ဆီနည်းလို့ ၃၀၀၀၀ ထည့်ရင် နည်းနည်းရလဲ ဘာမဖြစ်ဘူး အခုက ဆီလုံးဝမရခဲ့တာ နေပူထဲစောင့်ရတာ စောင့်ရတဲ့အချိန်ကလဲ အကြာကြီးပဲလေ မော်လမြိုင်မြို့အနားမှာပဲ ထည့်ထားနော်အဲ့တာ မော်လမြိုင်တောင်မရောက်ဘူး ဆီကပြန်ကုန်သွားပြီး ဒုက္ခရောက်တာပေါ့ဟာ ခရီးဝေးသွားနေရင်းနဲ့ဆိုတော့ ပြန်မလှည့်မပြောတော့ဘူးလေဆိုပြီး နောက်တစ်ဆိုင်မှာ ထပ်ထည့်လိုက်တယ် ရင်ထဲမှာတော့ မျက်ရည်တွေ ကျခဲ့ရတယ်ပေါ့ တခါမဟုတ်တော့ဘူး ထိနေတာအဲဆိုင် ဆီဆိုင်နာမည်တော့မပြောတော့ဘူး”

    ရေးဒေသခံ အမျိုးသားတစ်ဦး

    “ဆီက ဝယ်တော့ ဝယ်ရတယ် ဒါပေမဲ့ ဈေးကြီးပေးပြီး ဝယ်နေရတာရှိတယ် ဒါကတန်းစီရတာ အချိန်သိပ်မကြာဘူး ဈေးကတော့ တစ်သောင်းခွဲထိ ပေးရတယ် ဆီဆိုင်ကြီးအချိ့က တစ်နာရီလောက်ပဲ ဖွင့်တယ် ဘယ်အချိန်မှာ ဖွင့်မလဲဆိုတာလဲ ကြောညာထားတာမရှိဘူး သိတဲ့သူက ဆီရမှာပေါ့ မသိတဲ့သူက မရပြန်ဘူးပေါ့ တစ်ချို့ဆိုင်သေးသေးလေတွေမှာ ကြိုက်သလောက်ဝယ်လို့ရတယ် ဈေးကြီးတာပေါ့၊ ဒီနေ့သွား တလီတာ တစ်သောင်းပေးရတယ် နောက်နေ့သွားထည့်တယ် တစ်သောင်းနှစ်ထောင် နောက်နေ့ပြန်ထည့်တယ် တစ်သောင်းလေးထောင်ဖြစ်သွားတယ် တစ်နေ့နေ့ ဆီဈေးက ပိုပိုတက်လာနေတော့ ဆိုင်အသေး‌တွေမှာ ထည့်လို့ မနိုင်တော့ဘူးလေ ဆိုင်ကြီးမှာ တစ်နာရီဖွင့်ပဲဖွင့်တော့ အကုန်ဒုက္ခရောကုန်တာပေါ့ ကောင်းတာတစ်ခုက စုံ၊ မ ခွဲထားတာမရှိဘူး လိုင်စင်ရှိမရှိမကြည့်ဘူး အကုန်ထည့်ပေးတယ် ဆိုင်ကယ်ဆို တစ်သောင်း၊ ကားဆို ငါးသောင်း ထည့်ပေးတယ် ပုံးနဲ့တော့ မရဘူး မထည့်ပေးဘူး ဆိုင်အသေးမှာဆို ပုံးနဲ့ထည့်လို့ရတယ်”

    ရေးမြို့နယ်က သီးနှံစိုက်တောင်သူ အမျိုးသား

    “ဝယ်လို့ မရဘူး။ ဆိုင်ကြီးတွေကနေ ပုံးနဲ့ ဂါလံနဲ့ လာဝယ်တာ သူတို့ ဘာမှမပေးဘူး။ ထောက်ခံစာပါလဲ သူတို့မပေးဘူး။ အခုက ကွမ်းသီးတွေ၊ ဒူးရင်းသီးတွေ၊ နံနတ်သီးတွေ အကုန်လုံးက ရေပေးရတယ်။ ဆီမရှိတော့ ဘာမှ လုပ်လို့မရဘူး။ အပင်တွေကလည်း ခြောက်ပြီး သေကုန်တယ်။ အပင်တွေက သေမှာပဲ စက်နဲ့ ရေသွင်းဖို့က ဆီမှ ဝယ်မရတာ၊ ရေမသွင်းနိုင်တော့ သေကုန်တယ်။ အခု ဒူးရင်းသီးတွေ ပန်းတယ်။ အသီးတွေ ထွက်တာ အကုန်ကြွေကုန်တယ်။ ၂၅% လောက်ပဲ ကျန်တယ်။ အသီးတွေ ကွမ်းသီးအရွယ်လောက်ဖြစ်ပြီး ကြွေသွားတာလည်း အများကြီး။ ရေရှိနေပေမဲ့ ဓာတ်ဆီက ယူမရတော့ ရေပေးလို့မရဘူး။ အဲဒါကြောင့် ဒီနှစ် အသီးတွေ အထွက်နှုန်းနည်းမယ်။ ဓာတ်ဆီကို မှောင်ခိုစျေးကွက်မှာ တစ်လီတာ တစ်သောင်း နှစ်ထောင်နဲ့ စျေးကြီး ပေးဝယ်ရတယ်။ အဲဒီကနေပဲရနေတာ အခု အဲမှောင်ခိုမှာလည်း ဝယ်လို့မရတော့ဘူး။ ဆီမရှိတော့တာ အဲကြောင့် ကျွန်တော်တို့အတွက် ပိုခက်ခဲသွားတယ်။ စိုက်ခင်းတွေမှာ ရေကို ကိုယ်တိုင်သွင်းပြီး ပေးဖို့က အဆင်မပြေဘူး။ ရေတိုင်ကီအကြီးကြီးနဲ့ သယ်မနိုင်ဘူး။”

    ကုန်မျိုးစုံ ရောင်းသည့် အမျိုးသမီး

    “စျေးနှုန်းတွေ တဖြည်းဖြည်း တက်နေတယ်။ တကယ်က အခု ထိုင်းဘတ်ငွေကျချိန် ထိုင်းကုန်တွေ စျေးကျရမှာကို ဆီပြဿနာကြောင့် ကားခက အဆင့်ဆင့်စျေးတက်လို့ စျေးတွေက လိုက်တက်လာတယ်။ ကားခက လမိုင်း (ရေး) ကနေ မော်လမြိုင်အထိ ၁၃၀၀၀ ကနေ ၁၈၀၀၀ ဖြစ်သွားတယ်။ ပစ္စည်းတွေလည်း အမျိုးအစားပေါ် မူတည်ပြီး၂၀၀၀ ကနေ ၃၀၀၀ ပေါ့။ ဆန်တစ်အိတ်ဆိုရင် ၄၀၀၀ ကနေ ၆၀၀၀ ဖြစ်တယ်။ အကုန် စျေးတက်နေတယ်။ ပစ္စည်းလည်း ဝင်တာနည်းတယ်။ စားသုံးဆီတို့ဆို တစ်ဖာ ၁ သောင်းလောက် တက်သွားတယ်။ ဆီအထုတ်တစ်ဖာဆို ၇၀၀၀၀ ကျော် ကနေ ၈၅၀၀၀ ခွဲဖြစ်တယ်။ ပုစွန်ဆီတို့ဆို ၈၀၀၀၀ ကနေ ၉၀၀၀၀ ဖြစ်တယ်။ အချိုမှုန့်တစ်ထုတ် ၂၀၀ စီတက်တယ်။ ပစ္စည်းတင်ကားတွေ နေ့တိုင်းသွားလို့ရတယ်။ အနီရောင် လိုင်စင်ရထားတယ်။ ဒါပေမဲ့ ဆီတန်းစီဖို့ အခက်အခဲကြောင့်နဲ့ ဆီရမှ သူတို့ တစ်ခေါက်သွားတယ်။ သင်္ကြန်မှာ ပုံမှန် ကုန်စျေးနှုန်းတက်တယ်။ အခု ဆီအခြေအနေနဲ့ဆိုရင် သင်္ကြန်ဆို စျေးတွေ ပိုတက်မယ် ထင်တယ်။ မိသားစုများတဲ့အိမ် ကလေးများတဲ့အိမ်တွေက စားဖို့ သောက်ဖို့ မလုံလောက်ဖြစ်မယ်။ ဆန် ၁၂ ပြည်တစ်အိတ်ဆိုရင် ၆ သောင်းကျော် အခု ၆၇၀၀၀ ရောင်းရမယ်။ အဲဒါ ဟိုအပတ်ကတည်းက စျေး ဒီအခေါက် ထပ်မှာထားရင် စျေးဘယ်လိုပြောင်းမလဲ မသိဘူး” 

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,300SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks