Wednesday, March 25, 2026
More
    spot_img
    Homeဆောင်းပါးအနာဂတ်မျိုးဆက်သစ်များအတွက် မွန်စကားသံများ ပျိုးထောင်ပေးနေသူ

    အနာဂတ်မျိုးဆက်သစ်များအတွက် မွန်စကားသံများ ပျိုးထောင်ပေးနေသူ

    -

    “ကျနော်ကလေး မွန်စကားမတတ်မှာစိုးလို့ သင်ပေးတာကနေ စာသင်ခန်းတစ်ခု ဖြစ်လာတာ”

    ဒါကတော့ မွန်ကျေးရွာတစ်ရွာမှာဖြစ်ပြီး မွန်စကားမပြောတတ်ကြတော့တဲ့ လူမှုအသိုင်းအဝိုင်းမှာ ဖေးမကူညီသူမရှိဘဲ ကိုယ်ထူကိုယ်ထနဲ့ မွန်စာ၊ မွန်စကား သင်ကြားပေးနေတဲ့ နိုင်ကော့ဟနွတ် (ခေါ်) နိုင်မင်းထွန်းရဲ့ စကားသံပါ။

    အသားညိုညို၊ ခန္ဓာကိုယ်ကျစ်ကျစ်လစ်လစ်၊ မျက်မှန်လေးနဲ့ သပ်သပ်ရပ်ရပ် နေထိုင်လေ့ရှိတဲ့ အသက် ၃၉ အရွယ် နိုင်မင်းထွန်းကတော့ မွန်ပြည်နယ်၊ ဘီလူးကျွန်း (ချောင်းဆုံမြို့နယ်)၊ သက္ကောရွာသား တစ်ယောက်ပါ။

    နိုင်မင်းထွန်းသည် အလှူပွဲ၊ မင်္ဂလာပွဲတွေမှာ ဓာတ်ပုံရိုက်တဲ့အလုပ်နဲ့ အသက်မွေးဝမ်းကျောင်းပြုနေသူ ဖြစ်ပါတယ်။

    နိုင်မင်းထွန်းဟာ ပေါင်မြို့နယ်၊ ကျွဲခြံကျေးရွာ၊ မွန်စုရပ်ကွက်သူနဲ့ အိမ်ထောင်ကျပြီး ၂၀၁၅ ခုနှစ်မှာ သူ့အမျိုးသမီးဇာတိရွာဘက်ကို ပြောင်းရွှေ့အခြေချနေထိုင်ကြပါတယ်။ နိုင်မင်းထွန်းတို့ ဇနီးမောင်နှံမှာ သားတစ်ယောက် ထွန်းကားခဲ့ပါတယ်။

    နိုင်မင်းထွန်း လက်ရှိနေထိုင်နေတဲ့ ကျွဲခြံကျေးရွာဟာ ပေါင်မြို့အနီးမှာ ရှိပြီး မွန်လူမျိုးတွေ တည်ထားတဲ့ တကယ့်မွန်ရွာစစ်စစ်ဖြစ်ပါတယ်။

    ဒါပေမဲ့ အခုနောက်ပိုင်း အသက် ၇၀ ကျော် အဘိုးအဘွားအချို့ကလွဲပြီး လူလတ်ပိုင်း၊ လူငယ်ပိုင်းနဲ့ ကလေးငယ်တွေက မွန်စကားမပြောတတ်ကြတော့ဘဲ ဗမာရွာတစ်ရွာလိုတောင် ဖြစ်နေပါတယ်။

    “ကျနော်အမျိုးသမီးလည်း မွန်စကားမပြောတတ်ဘူးလေ။ ကျနော် ဒီရွာကိုပြောင်းလာတုန်းက မွန်ရွာဆိုတာ မသိခဲ့ဘူး။ ဘာလို့လဲဆိုတော့ သက်ကြီးပိုင်းလောက်ပဲ မွန်စကားပြောတတ်တယ်လေ”

    ကျွဲခြံကျေးရွာဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀ ခန့်က တိုက်ပွဲကြောင့် ဘီလူးကျွန်းက မွန်ဒေသခံတွေ၊ ဘားအံက မွန်ဒေသခံတွေနဲ့ ပေါင်က မွန်ဒေသခံတွေ ပြောင်းရွှေ့လာပြီးတော့ စုပေါင်းတည်ထားတဲ့ ရွာဖြစ်တယ်ဆိုတာကို ရှေးလူကြီးတွေကို မေးမြန်းရင်း သိလာခဲ့တယ်လို့ နိုင်မင်းထွန်းက ပြောပါတယ်။

    ဒါပေမဲ့ အနီးတစ်ဝိုက်မှာတော့ ဗမာကျေးရွာ၊ ကရင်ကျေးရွာတွေသာ ရှိပြီး ကျွဲခြံကျေးရွာအတွင်းကိုလည်း ဗမာလူမျိုးစုတွေ ပြောင်းရွှေ့နေထိုင်မှု တစ်စတစ်စ များလာတဲ့အတွက် မျိုးနွယ်စုရောနှောပြီး အချိန်ကြာလာတော့ ကလေးတွေက မွန်စကားမပြောတတ်တဲ့အထိ ဖြစ်လာခဲ့တာပါ။

    အဲဒီလိုနဲ့ နိုင်မင်းထွန်းရဲ့ သားလေးတစ်ယောက် ကျောင်းနေအရွယ်ရောက်ချိန်မှာတော့ ရွာထဲက တခြားကလေးတွေလိုပဲ မွန်စကားမပြောတတ်ဘဲ သူ့သူငယ်ချင်းတွေနဲ့ စကားပြောတဲ့အခါ တစ်ယောက်နဲ့ တစ်ယောက် ဗမာစကားသာ ပြောဆိုနေကြပါတယ်။

    ဒါကိုမြင်တော့ မျိုးချစ်စိတ်ကိန်းအောင်းနေတဲ့ နိုင်မင်းထွန်းက သူ့ကလေး မွန်စကားမတတ်တော့မှာကို စိုးရိမ်လာပြီး သူ့သားကို မွန်စကားသင်ပေးရမယ်ဆိုတဲ့ အတွေးတွေက စိုးမိုးလာခဲ့ပါတယ်။

    “ကလေးတွေက ဒီတိုင်းလွှတ်ထားရင် မွန်စကား လုံးဝမတတ်ကြတော့ဘူးလေ။ အဲဒီကြောင့် ကျနော်တို့ရွာမှာ မွန်စကားပြောသင်တန်းဖွင့်ဖို့ ပေါင်မြို့ဘက်ကို ဆရာတစ်ယောက်ရဖို့ ကျနော် ဆက်တိုက်ရှာခဲ့ပါတယ်။ ဟိုဌာန၊ ဒီမွန်ဌာနမှာ သွားရှာတာပေါ့လေ။ မွန်စကားပဲ သင်ပေးပါလို့ စာတော့ မသင်ပေးရဘူးလို့။ ဒါပေမဲ့ လာသင်ပေးမဲ့လူ မရခဲ့ဘူး”

    သူ့သား မွန်စကားပြောတတ်ရမယ်ဆိုတဲ့ အတွေး လွှမ်းမိုးနေတဲ့ နိုင်မင်းထွန်းသည် မွန်စာသင်ကြားပေးမယ့် ဆရာ၊ ဆရာမရှာမရတဲ့အဆုံး သူသိတတ်ထားတဲ့ မွန်စာပေ၊ မွန်စကားနဲ့ပဲ သူ့ကလေးနဲ့ ရွာထဲက ကလေးတွေကို မွန်စာ၊ မွန်စကား သင်ကြားပေးဖို့ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။

    အဲဒီနောက် နိုင်မင်းထွန်းသည် သူ့အိမ်မှာပဲ မွန်စာ၊ မွန်စကား သင်ကြားတဲ့ စာသင်ဝိုင်းတစ်ခုကို ၂၀၂၅ ခုနှစ်မှာ စတင်ခဲ့ပါတယ်။ အစမှာတော့ သူ့ကလေးနဲ့ သူ့သူငယ်ချင်းကလေးတွေ ၆ ယောက်လောက်နဲ့ပဲ စာသင်ဝိုင်းကို စခဲ့ပါတယ်။

    ရွာထဲက ကလေးတွေကို မွန်စာ၊ မွန်စကား လာသင်ကြားဖို့ လိုက်လံစည်းရုံးရင်း ကလေး ၆ ယောက်နဲ့ စခဲ့တဲ့ မွန်စာသင်ဝိုင်းဟာ တဖြည်းဖြည်း လူများလာပြီး ကလေးအယောက် ၄၀ ကျော် ဖြစ်လာပါတယ်။

    မွန်စကားလုံးဝနားမလည်တဲ့ ကလေးတွေကို မွန်စာ၊ မွန်စကား သင်ကြားပေးရတာက နိုင်မင်းထွန်းအတွက် ကြီးမားတဲ့ စိန်ခေါ်မှုတစ်ရပ် ဖြစ်ပါတယ်။

    စာသင်ဝိုင်းမှာ ကလေးတွေ ပျော်ရွှင်ပြီး လာချင်စိတ်ဖြစ်အောင်၊ မွန်စာ၊ မွန်စကား သင်ချင်စိတ်ဖြစ်အောင် ဖန်တီးရတာကလည်း နိုင်မင်းထွန်းအတွက် လွယ်တဲ့ကိစ္စမဟုတ်ပေ။

    “ကလေးတွေကို သူတို့က မွန်စကားမပြောတတ်တော့လေ၊ စာကိုတော့ ဦးစာပေပြီး မသင်ခဲ့ဘူး။ မွန်စကားကိုပဲ ရအောင် သင်ပေးတာ။ သူတို့က မွန်စကားလည်း နားမလည်တော့ မွန်စကားကို ဗမာအသံထွက်နဲ့ သင်ပေးပြီး အဓိပ္ပာယ်ကို ရှင်းပြပေးရတာပေါ့။ ပြီးတော့ တစ်နေ့ကို ၃ နာရီပဲ သင်ပေးတယ်။ မုန့်စားချင်ဆို မုန့်ကျွေးတယ်။ အချိုရည်သောက်ချိန်ဆို ဝယ်တိုက်ပေးရတယ်”

    အစိုးရကျောင်းဖွင့်ချိန်မှာတော့ မွန်စာ၊ မွန်စကား လာသင်တဲ့ ကလေးတွေ သိပ်မရှိပေမဲ့ အခုလို နွေရာသီ ကျောင်းပိတ်ရက်မှာတော့ မွန်စာ၊ မွန်စကား သင်တဲ့ကလေးတွေ များပါတယ်။

    နိုင်မင်းထွန်း စာသင်ဝိုင်းမှာ အသက် ၄ နှစ် မူကြိုအရွယ်ကလေးကစ အသက် ၁၅ နှစ်ဝန်းကျင်ရှိ ၁၁ တန်းအရွယ် ကလေးအထိ သင်ကြားနေကြပြီး မွန်စာ၊ မွန်စကား ပြောတတ်ချင်တဲ့ လူရွယ်၊ လူကြီး မည်သူမဆိုကိုလည်း ကြိုဆိုတယ်လို့ နိုင်မင်းထွန်းက ဆိုပါတယ်။

    တစ်ဖက်မှာလည်း မွန်စာ၊ မွန်စကား လာသင်တဲ့ ကလေးတွေ များလာတာနဲ့အမျှ သင်ထောက်ကူပစ္စည်းတွေ လိုအပ်ချက် ရှိလာပါတယ်။

    ၂၀၂၆ ခုနှစ်မှာတော့ နိုင်မင်းထွန်း၏ မွန်စာ၊ မွန်စကား စာသင်ဝိုင်းအတွက် လိုအပ်နေတဲ့ စာအုပ်၊ ခဲတံ၊ ဖောင်တိန်၊ မုန့်အပြင် အလှူငွေအချို့လည်း မွန်လူမှုအဖွဲ့အစည်းတို့ကနေ ကူညီထောက်ပံ့ပေးလာတဲ့အတွက် နိုင်မင်းထွန်း၏ စာသင်ဝိုင်းဟာ ပိုပြီး အသက်ဝင်လာပါတယ်။

    ဒါအပြင် မွန်ပညာရေးဌာနကလည်း နိုင်မင်းထွန်း စာသင်ဝိုင်းအတွက် ဆရာမ နှစ်ဦး လွှတ်ပေးပါတယ်။ လက်ရှိမှာ နိုင်မင်းထွန်း စာသင်ဝိုင်းအတွက် ဆရာ၊ ဆရာမ ၄ ဦးနဲ့ သင်ကြားပေးပါတယ်။

    ကိုယ့်သား မွန်စကားမတတ်မှာကို စိုးရိမ်တဲ့စိတ်တစ်ခုတည်းနဲ့ စတင်ခဲ့တဲ့ နိုင်မင်းထွန်းရဲ့ မွန်စာ၊ မွန်စကား စာသင်ဝိုင်းဟာ အခုလို ကလေးတွေ စိတ်ဝင်တစားနဲ့ မွန်စာ၊ မွန်စကား သင်ယူလေ့လာတာ မြင်ရတဲ့ နိုင်မင်းထွန်းအတွက်တော့ ပြောပြမတတ်တဲ့ ပီတိတွေနဲ့ ပြည့်နှက်လို့နေပါတယ်။

    “အခုက ကလေးတွေက ကျနော်တို့စာသင်ခန်းကနေ သူတို့အိမ်ကို ပြန်ရောက်ရင် ဘိုးဘွားတွေနဲ့ မွန်စကားပြောတတ်နေကြပြီ။ ဘိုးဘွားတွေကလည်း နှစ်ပေါင်းဆယ်ချီ မွန်စကားပြောဖော် မရှိခဲ့ဘူးလေ။ အခုက သူတို့မြေးလေးတွေနဲ့ မွန်စကားတွေ ပြောခွင့်ရခဲ့ပြီပေါ့။ အဲဒါကို မြင်ရ၊ ကြားရလို့ ကျနော်လည်း စိတ်ကြည်နူးဖြစ်မိတယ်”

    နိုင်မင်းထွန်း၏ ကြိုးပမ်းဆောင်ရွက်မှုသည် ပုဂ္ဂိုလ်ရေး၊ မိသားစုအရေး၊ ရပ်ရေးရွာရေးအတွက် မဟုတ်ဘဲ မွန်လူမျိုးတို့ရဲ့ စာပေ၊ စကား မပပျောက်ရေးအတွက် တစ်ထောင့်တစ်နေရာကနေ ရုန်းကန်ကြိုးပမ်းခြင်းသာဖြစ်ပါတယ်။

    နိုင်မင်းထွန်း စာသင်ဝိုင်းရှိတဲ့ ကျွဲခြံကျေးရွာလိုပဲ မွန်ရွာစစ်စစ်တွေမှာတောင် မွန်စာ၊ မွန်စကား အသုံးပြုမှု အားနည်းလာတာ တွေ့နေရပါတယ်။ အထူးသဖြင့် မြို့နဲ့နီးတဲ့ မွန်ကျေးရွာတွေ၊ မွန်လူမှုအသိုင်းအဝိုင်းနဲ့ အလှမ်းဝေးတဲ့ မွန်ရွာတွေမှာ မွန်စာ၊ မွန်စကား အသုံးပြုမှု သိသိသာသာ ပျောက်ကွယ်လာနေပါတယ်။

    မွန်စာပေ၊ မွန်စကားကို ထိန်းသိမ်းဖို့ အချိန်တန်နေပါပြီ။ မွန်စာ၊ မွန်စကားကို နိုင်မင်းထွန်းလို တာဝန်သိစိတ်၊ တာဝန်ယူစိတ်ရှိတဲ့ လူတွေ ပေါ်ထွန်းလာဖို့ လိုသလို မွန်စာပေ၊ မွန်စကားသည် မွန်တစ်မျိုးသားလုံးနဲ့ သက်ဆိုင်တဲ့ အရာဖြစ်တဲ့အတွက် မွန်တစ်မျိုးသားလုံး ဝိုင်းဝန်းထိန်းသိမ်းကြဖို့ လိုပါတယ်။ အနာဂတ်မျိုးဆက်တွေရဲ့ နှုတ်ဖျားမှာ မွန်စာပေ၊ မွန်စကား ဆက်လက်ရှင်သန်နေဖို့ဆိုရင် မွန်တစ်မျိုးသားလုံးရဲ့ စုပေါင်းအားထုတ်မှုအပေါ်မှာပဲ မူတည်နေပါတယ်။

    မဟုတ်ဘူးဆိုရင် မွန်စာပေ၊ မွန်စကားဟာ သမိုင်းမှာသာ ကျန်ရစ်ခဲ့တော့မှာ။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,300SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks