Wednesday, March 25, 2026
More
    spot_img
    Homeသတင်းစက်သုံးဆီအခက်အခဲကြောင့် မွန်ပြည်နယ်အတွင်းက တောင်သူများ သီးနှံစိုက်ပျိုးရန် အခက်ကြုံ

    စက်သုံးဆီအခက်အခဲကြောင့် မွန်ပြည်နယ်အတွင်းက တောင်သူများ သီးနှံစိုက်ပျိုးရန် အခက်ကြုံ

    -

    စစ်ကော်မရှင်၏ စက်သုံးဆီကန့်သတ်ချက်များကြောင့် စက်သုံးဆီဝယ်ယူရရှိရန် ခက်ခဲသည့်အတွက် မွန်ပြည်နယ်အတွင်းက တောင်သူများ သီးနှံစိုက်ပျိုးရန်နှင့် ရိတ်သိမ်းရန်အတွက် အခက်အခဲကြုံတွေ့နေရသည်ဟု တောင်သူများထံမှ သိရသည်။

    စက်သုံးဆီ ခက်ခဲချိန်တွင် တောင်သူများအတွက် စစ်အုပ်စုက ထောက်ခံစာဖြင့် စက်သုံးဆီ ဝယ်ယူရရှိနိုင်သည်ဆိုပြီး ညွှန်ကြားချက်ထားသော်လည်း အရောင်းဆိုင်များက ပုံးဖြင့်ဆို၍ မရောင်းပေးကြကြောင်း တောင်သူတို့က ပြောသည်။

    တောင်သူများအနေဖြင့် စက်သုံးဆီကို ပြင်ပဈေးကွက်တွင် ဈေးနှစ်ဆ၊ သုံးဆပေးပြီး ဝယ်ယူအသုံးပြုနေကြရကြောင်း ယခုနောက်ပိုင်းတွင်လည်း ပြင်ပဈေးကွက်တွင် စက်သုံးဆီဝယ်ယူရရှိရန် ခက်ခဲလာကြောင်း ဆိုသည်။

    သီးပင်၊ စားပင်များ ရေအလုံအလောက် မသွင်းပေးနိုင်သည့်အတွက် အပင်ခြောက်တွေ့ပြီး ပျက်စီးဆုံးရှုံးမှုများရှိနေသည်ဟု ရေးမြို့နယ်အတွင်းက သီးနှံစိုက်တောင်သူတစ်ဦးက ပြောသည်။

    “ကျွန်တော်တို့ဆီကို ထောက်ခံစာနဲ့ သွားဝယ်လည်း ဆီမရဘူး။ မှောင်ခိုဈေးကွက်မှာလည်း ဆီပြတ်နေပြီး ဝယ်လို့မရတော့ဘူး။ အခုစိုက်ထားတဲ့ ဒူးရင်းပင်တွေအများစုက ခြောက်နေပြီး ရေမသွင်းပေးနိုင်လို့ အဖူးတွေကလည်း ကြွေကုန်ပြီး။ အပင်သေနေတာ ၁၀ ပင်ထက်မနည်းတော့ဘူး။ ကျန်တဲ့ ကွမ်း၊ မင်းကွတ်သီး၊ အခြားအသီးတွေ၊ ဟင်းသီးဟင်းရွက်တွေအကုန် ဒီတိုင်းပစ်ထားရတယ်” ဟု ရေးမြို့နယ်က တောင်သူတစ်ဦးက ပြောသည်။

    တောင်သူများအနေဖြင့် ဆီဝယ်ယူနိုင်ရေးအတွက် ကျေးရွာအုပ်ချုပ်ရေးမှူးထံ ထောက်ခံစာတစ်စောင်ကို ကျပ် ၅၀၀၀ ဝန်းကျင်အထိ ပေးဆောင်နေရသော်လည်း စက်သုံးဆီဝယ်ယူမရနေကြောင်း ထိုသူက ဆက်ပြောသည်။

    အလားတူ နွေစပါးစိုက်တောင်သူများလည်း စက်သုံးဆီ ဝယ်မရသည့်အတွက် အချိန်မီ စပါးရိတ်သိမ်းနိုင်ခြင်းမရှိကြောင်း ဆိုသည်။

    စပါးကို အချိန်မီ ရိတ်သိမ်းနိုင်ခြင်းမရှိပါက စပါးအရည်အသွေးကျပြီး အထွက်နှုန်းလည်း လျော့ကျနိုင်သည့်အပြင် မိုးရွာချလာမည်ကိုလည်း စိုးရိမ်နေရသည်ဟု နွေစပါးစိုက်တောင်သူတို့က ပြောသည်။

    “နွေစပါးက အချိန်မီ မရိတ်နိုင်ရင် အရည်အသွေးကျသွားမယ်။ ရာသီဥတုကလည်း ခန့်မှန်းလို့မရဘူး၊ မိုးရွာပြီး ရေဝင်ရင် ပုပ်သွားတာတွေပါ ဖြစ်နိုင်တယ်။ စက်မရှိဘဲ လူအားနဲ့ ရိတ်ဖို့လည်း မလွယ်ဘူး” ဟု ကျိုက်မရောမြို့နယ်အတွင်းက နွေစပါးစိုက်တောင်သူတစ်ဦးက ပြောသည်။

    စက်သုံးဆီအခက်အခဲကြောင့် သီးနှံများ ပျက်စီးဆုံးရှုံးမှုကြောင့် တောင်သူများ ဝင်ငွေထိခိုက်လာနိုင်ပြီး စားဝတ်နေရေး ပိုပြီး ခက်ခဲကျပ်တည်းလာနိုင်သည်ဟုလည်း တောင်သူတို့က ပြောသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,300SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks