Wednesday, March 25, 2026
More
    spot_img
    Homeသတင်းစက်သုံးဆီအခက်အခဲကြောင့် အလုပ်လက်မဲ့ဖြစ်မည်ကို ထိုင်းရောက် မွန်ရွှေ့ပြောင်းလုပ်သားများ စိုးရိမ်

    စက်သုံးဆီအခက်အခဲကြောင့် အလုပ်လက်မဲ့ဖြစ်မည်ကို ထိုင်းရောက် မွန်ရွှေ့ပြောင်းလုပ်သားများ စိုးရိမ်

    -

    ထိုင်းနိုင်ငံအတွင်း စက်သုံးဆီပြတ်လပ်မှု ပိုမိုကြုံတွေ့လာနေရပြီး စက်သုံးဆီဖြင့် လည်ပတ်နေရသည့် လုပ်ငန်းများ ရပ်ဆိုင်းကာ အလုပ်လက်မဲ့ဖြစ်မည်ကို စိုးရိမ်နေရသည်ဟု မွန်ရွှေ့ပြောင်းလုပ်သားများက ပြောသည်။

    ထိုင်းရောက် မွန်အပါအဝင် မြန်မာရွှေ့ပြောင်းလုပ်သားအများစုသည် ဆောက်လုပ်ရေးလုပ်ငန်း၊ စက်ရုံလုပ်ငန်း၊ ငါးဖမ်းလုပ်ငန်း၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းနှင့် စိုက်ပျိုးရေးလုပ်ငန်းများတွင် အဓိက လုပ်ကိုင်နေကြသည်။

    လက်ရှိတွင် ထိုင်းနိုင်ငံအတွင်း စက်သုံးဆီအရောင်းဆိုင်အများစုတွင် မော်တော်ယာဉ်တစ်စီး (သို့မဟုတ်) လူတစ်ဦးကို ဘတ် ၅၀၀ မှ ဘတ် ၁၀၀၀ အထိသာ ရောင်းချပေးနေပြီး တန်းစီစနစ်ဖြင့် ဝယ်ယူနေရသည့်အတွက် အခက်အခဲများစွာ ဖြစ်ပေါ်နေသည်။

    ထိုသို့ ကန့်သတ်လိုက်ခြင်းကြောင့် စက်သုံးဆီဖြင့် လည်ပတ်နေရသည့် လုပ်ငန်းအများစုက ပုံမှန်လည်ပတ်နိုင်ခြင်း မရှိတော့သလို လုပ်ငန်းများ ရင်ဆိုင်းပြီး အလုပ်ပြုတ်သွားမည်ကို စိုးရိမ်းနေကြရသည်ဟု မဟာချိုင်မြို့မှ ပစ္စည်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းတွင် ဝင်ရောက်လုပ်ကိုင်နေသည့် မွန်ရွှေ့ပြောင်းလုပ်သားတစ်ဦးက ပြောသည်။

    “ထိုင်းနိုင်ငံမှာတော့ စက်သုံးဆီရဖို့က တစ်နေ့နဲ့ တစ်နေ့က အခြေအနေတွေက တော်တော်ဆိုးလာနေတယ်။ ကျနော်တို့လို လုပ်ငန်းမျိုးက စက်သုံးဆီမရှိတာနဲ့ အလုပ်ပြုတ်သွားနိုင်တယ်လေ။ တခြားသော စက်သုံးဆီနဲ့ လည်ပတ်နေရတဲ့လုပ်ငန်းက အလုပ်သမားတွေလည်း အလုပ်ပြုတ်မှာကို စိုးရိမ်းနေကြတယ်။ အခုတောင် အလုပ်က ပုံမှန်သိပ်မဟုတ်တော့ဘူး။ စက်သုံးဆီရတဲ့နေ့မှ ပစ္စည်းတွေ ပို့ရတယ်။ မရတဲ့နေ့ဆို နားလိုက်ရတယ်။ ဒီတိုင်းပဲ ဆက်ဖြစ်နေရင်တော့ အဆင်မပြေနိုင်တော့ဘူး” ဟု အထက်ပါ မွန်ရွှေ့ပြောင်းလုပ်သားက ပြောသည်။

    ဘန်ကောက်မြို့ စက်ချုပ်လုပ်ငန်းတွင် လုပ်ကိုင်နေသည့် မွန်အမျိုးသမီးတစ်ဦးကလည်း စက်သုံးဆီအခက်အခဲကြောင့် စက်ချုပ်လုပ်ငန်း ရပ်ဆိုင်းသွားမည်ကို စိုးရိမ်နေသည်ဟု ဆိုသည်။

    “လောလောဆယ်တော့ သိပ်ပြီးတော့ မခက်ခဲသေးဘူးပေါ့။ အလုပ်သွား၊ အလုပ်ဆင်းတာက ကုမ္မဏီကားနဲ့ပဲဆိုတော့လေ။ ကိုယ်တွေက သိပ်မခက်ခဲပေမဲ့ ကုမ္မဏီဘက်ကတော့ အခက်အခဲ ဖြစ်နေတယ်၊ စက်သုံးဆီရဖို့ကိုလေ။ သူတို့ပဲ အလုပ်သမားတွေကို ကြိုပို့နေတာဆိုတော့ သူတို့မှ စက်သုံးဆီမရတော့ရင် ကိုယ်တွေအလုပ်သမားကလည်း ဒီလိုမျိုး စက်သုံးဆီခက်ခဲတဲ့ကာလမှာ အလုပ်ပုံမှန်သွားနိုင်ဖို့ကလည်း ခက်ခဲသွားမယ်လေ” ဟု အထက်ပါ အမျိုးသမီးက ဆိုသည်။

    စက်သုံးဆီအခက်အခဲကြောင့် မလည်ပတ်နိုင်သည့် စက်ရုံ၊ အလုပ်ရုံများ ရှိလာနေပြီး ထိုင်းနိုင်ငံ အတွင်းရှိ မြန်မာရွှေ့ပြောင်းလုပ်သားများအနေဖြင့် အလုပ်ဖြုတ်ခံရမည်ဆိုပါက သက်ဆိုင်ရာ အလုပ်သမား အကူအညီပေးနေသည့် အဖွဲ့အစည်းများကို ဆက်သွယ်အကြောင်းကြားရန် လိုအပ်သည်ဟု မြန်မာအလုပ်သမားအရေး လှုပ်ရှားသူတို့က ပြောသည်။

    “စက်သုံးဆီပြဿနာက နိုင်ငံတော်တော်များများက ကြုံတွေ့နေရတဲ့ပြဿနာတွေပေါ့နော်။ ဒီအခက်အခဲတွေအပေါ်မှာ ထိုင်းမှာရောက်နေတဲ့ ရွှေ့ပြောင်းလုပ်သားတွေအတွက်တော့ နစ်နာဖွယ်ရာတွေ ရှိတယ်။ ထိခိုက်ဖွယ်ရာတွေ ရှိတယ်။ ဒါပေမဲ့ အဲဒီအချိန်ကာလဟာ အရမ်းကြီးတော့ ကြာမှာမဟုတ်ဘူး။ အဲဒီအပေါ်မှာ ကိုယ့်ကိုကိုယ် ချွေချွေသာသာ စုစုဆောင်းဆောင်းနဲ့ ရပ်တည်ပြီး နေကြဖို့ပေါ့။ အလုပ်တွေ ဖြုတ်ခံလာရပြီးဆိုရင်လည်း အလုပ်သမားအရေးကူညီသူတွေကို ဆက်သွယ်အကြောင်းကြားပါ” ဟု ထိုင်းနိုင်ငံရှိ အလုပ်သမားအရေးလှုပ်ရှားသူတစ်ဦးက ပြောသည်။

    အလုပ်သမားများအနေဖြင့် စက်သုံးဆီကျပ်တည်းမှု၊ အလုပ်အကိုင်ရှားပါးလာမှုနှင့် ကုန်ပစ္စည်း မြင့်တက်လာနေသည့် ယခုလိုကာလတွင် အလုပ်ပြောင်းခြင်း၊ နေရာရွှေ့ပြောင်းနေထိုင်ခြင်းများ မပြုလုပ်ကြရန်လည်း အလုပ်သမားအရေးလှုပ်ရှားသူတို့က တိုက်တွန်းထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,300SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks