Monday, March 23, 2026
More
    spot_img
    Homeသတင်းမွန်တွင် ဝန်ထမ်းများအား စက်သုံးဆီ ဦးစားပေးရောင်းချပေးနေသည့်အပေါ် ဒေသခံများ ဝေဖန်

    မွန်တွင် ဝန်ထမ်းများအား စက်သုံးဆီ ဦးစားပေးရောင်းချပေးနေသည့်အပေါ် ဒေသခံများ ဝေဖန်

    -

    မွန်ပြည်နယ်အတွင်း စစ်ကော်မရှင်လက်အောက်ခံ နိုင်ငံဝန်ထမ်းများ တန်းစီစောင့်ဆိုင်းရန်မလိုဘဲ ဝန်ထမ်းကဒ်များဖြင့် စက်သုံးဆီများကို ဦးစားဝယ်ယူခွင့်ပြုကြောင်းနှင့် ဒေသခံပြည်သူများကို ယာဉ်အမျိုးအစားအလိုက် ခွဲတမ်းစနစ်ဖြင့် ဝယ်ယူခွင့်လျှော့ချထားကြောင်း သိရသည်။

    စစ်ကော်မရှင်၏ အမှုထမ်း၊ အရာထမ်းများ စနေ၊ တနင်္ဂနွေနှင့် ဗုဒ္ဓဟူးနေ့များမှလွဲ၍ ဝန်ထမ်းကဒ်များဖြင့် နီးစပ်ရာဆိုင်များတွင် သတ်မှတ်အချိန်အတိုင်း တစ်ရက် ၁ ကြိမ် ဝယ်ယူခွင့် ရရှိမည်ဖြစ်ပြီး ဒေသခံပြည်သူများကို တစ်ပတ် ၂ ကြိမ်သာ ဝယ်ယူခွင့်ပြုသွားမည်ဖြစ်ကြောင်း စစ်ကော်မရှင်၏ စွမ်းအင်ဝန်ကြီးဌာနမှ ထုတ်ပြန်သည်။

    ၎င်းကိစ္စနှင့်ပတ်သက်၍ တရားဝင်အတည်ပြုချက်များ မတွေ့ရသေးသော်လည်း သံဖြူဇရပ်တွင် ဌာနဆိုင်ရာဝန်ထမ်းများကို စက်သုံးဆီဆိုင်များမှ ဦးစားပေးရောင်းချနေခြင်းများလည်း ရှိသည်ဟု သိရသည်။

    “ဝန်ထမ်းတွေအတွက် အထက်ကနေတစ်ဆင့် ဆီဆိုင်တွေကို အသိပေးထားတာတော့ ရှိတယ်။ တရားဝင်ထုတ်ပြန်တာမျိုးတော့ မရှိဘူး။ ဒါမဲ့ သူတို့ပြောထားတော့ ထည့်ပေးရတယ်ပေါ့လေ၊ ဝန်ထမ်းတွေဆို အရင်ကတည်းက ထည့်ခွင့်ရှိတယ်” ဟု ဆီဆိုင်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

    ဌာနဆိုင်ရာ ဝန်ထမ်းများအတွက် စက်သုံးဆီထည့်ရန် သီးသန့်ကဒ်ပြားများပါ ထုတ်ပေးရန် စီစဉ်နေကြောင်းလည်း သိရသည်။

    ယခုကဲ့သို့ ဝန်ထမ်းများအတွက် စက်သုံးဆီရရှိရန် သီးသန့်အခွင့်အရေးပေးထားခြင်းသည် နေပူတွင် နေ့တစ်ဝက်ကြာ တန်းစီစောင့်ဆိုင်းရသူများအပေါ် တရားမျှတမှုမရှိဆိုသည့် ဝေဖန်သံများလည်း ထွက်ပေါ်နေသည်။

    မုဒုံဒေသခံအမျိုးသမီးတစ်ဦးက “သာမန်ပြည်သူတွေဆို နေပူပူထဲမှာ အချိန်အကြာကြီးနဲ့ တန်းစီနေရတယ်။ ဒါမဲ့ ဝန်ထမ်းတွေကတော့ လာတာနဲ့ အထဲဝင်သွားရော၊ ဝန်ထမ်းကဒ်လေးပြပြီး ကြိုက်သလောက်ထည့်သွားတယ်၊ ပြီးရင် နောက်တစ်ခါထပ်လာပြန်ရော၊ ပြည်သူတွေက တန်းစီရလွန်းလို့ အချို့ဆို နေမကောင်းပါဖြစ်တာ” ဟု ၎င်းက ဆိုသည်။

    ထို့ကြောင့် စက်သုံးဆီအကြပ်အတည်းကာလတွင် လူတန်းစားမရွေး လုံလုံလောက်လောက် စီမံဆောင်ရွက်စေလိုပြီး ရှင်းလင်းမှုမရှိသည့် စက်သုံးဆီ စုံ/မ စနစ်ကို ပယ်ဖျက်ရန်လည်း ဒေသခံများ၏ အသံများ လိုလားနေသည်။

    စက်သုံးဆီ ရှားပါးလာခြင်းအပြင် ဈေးနှုန်းမြင့်တက်ခြင်းကို ထိန်းချုပ်ရန် ကြိုးပမ်းနေသည့် စစ်ကော်မရှင်သည် မတ်လ ၂၂ ရက်နေ့ မနေ့က ၎င်းတို့၏ လက်အောက်ခံဝန်ထမ်းများအားလုံးကို အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း နေအိမ်တွင်သာ အလုပ်လုပ်ရန်နှင့် တာဝန်မှအပ ခရီးသွားလာခြင်း မပြုရန်၊ ယာဉ်မသုံးစွဲရန် ထုတ်ပြန်ကြေညာခဲ့သည်။

    လက်ရှိတွင် စက်သုံးဆီကို ရက်ပေါင်း ၅၀ စာ သိုလှောင်ထားနိုင်ပြီး အခြားလမ်းကြောင်းသစ်မှလည်း တင်သွင်းရန် ချိတ်ဆက်ဆောင်ရွက်ထားခြင်းကြောင့် စိုးရိမ်စိတ်ဖြင့် ဝယ်ယူစုဆောင်းထားခြင်း မလုပ်ဆောင်ရန်လည်း တားမြစ်ထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,300SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks