မွန်ပြည်နယ်အတွင်း စက်သုံးဆီဝယ်ယူရရှိမှု ပိုမိုခက်ခဲလာပြီး ပဲစိုက်တောင်သူများ အချိန်မီရိတ်သိမ်းရန် အခက်ကြုံနေရသဖြင့် ယခုနှစ်တွင် ပဲရရှိရန်မသေချာကြောင်း ဒေသခံတောင်သူများက ပြောသည်။
မတ်လဆန်းပိုင်းမှစ၍ စက်သုံးဆီများကို စုံ/မ စနစ်ဖြင့် ရောင်းချရန်ကန့်သတ်ထားသည့်အပြင် လုပ်ငန်းသုံးအတွက် ဝယ်ယူလိုသူများကို သက်ဆိုင်ရာထောက်ခံစာအပါအဝင် အသုံးပြုသည့်ယာဉ်ပါမှသာ ရောင်းချပေးမည်သဖြင့် တစ်နိုင်တစ်ပိုင် စိုက်ပျိုးရေးလုပ်ငန်းမှ တောင်သူများ စက်သုံးဆီရရှိရန် ခက်ခဲနေသည်။
ရိတ်သိမ်းထားသည့်ပဲများကို အချိန်ကြာသည်အထိ ခြွေလှေ့ခြင်းမလုပ်နိုင်သေးသဖြင့် ပဲအရည်အသွေးကျဆင်းနိုင်သည့်အပြင် အညှောက်ပေါက်ပြီး ပျက်စီးသွားနိုင်ကြောင်းလည်း ကျိုက်မရောမှ ပဲစိုက်တောင်သူတစ်ဦးက ဆိုသည်။

“ကားနဲ့လာမှ သူတို့ရောင်းပေးမယ်တဲ့။ ဒီရိတ်သိမ်းတဲ့ကားတွေကို ဓာတ်ဆီဆိုင်အထိ သွားဖို့က အဆင်မပြေဘူးလေ။ ပြီးတော့ အခုချိန်က ရိတ်သိမ်းဖို့ အရေးကြီးတဲ့အချိန်။ ဒါပေမယ့် ဆီမရလို့ စက်တွေမသုံးနိုင်တော့ အချိန်မီမပြီးနိုင်ဘူး။ မိုးတွေရွာပြီး နောက်ကျသွားရင် ပဲအရည်အသွေးလည်း ကျနိုင်တယ်။ လူလုပ်အားနဲ့လုပ်ဖို့က အဆင်မပြေဘူး။ အလုပ်သမားတွေလည်း ရှာမရဘူး” ဟု ပဲစိုက်တောင်သူက ပြောသည်။
ကျိုက်မရောအပါအဝင် မုဒုံ၊ ချောင်းဆုံနှင့် ဘီးလင်းမြို့နယ်ရှိ ပဲစိုက်ခင်း ဧကရာနှင့်ချီ ရိတ်သိမ်းမနိုင်သေးဘဲ ရပ်နားထားရကြောင်းလည်း IMNA မှ စုံစမ်းသိရှိရသည်။
ရင့်မှည့်သောသီးနှံများကို ရိတ်သိမ်းခြွေလှေ့နိုင်ရန် လိုအပ်သည့် စက်သုံးဆီများကို ဦးစားပေးဖြန့်ဝေပေးနိုင်ရေး ရပ်ကွက်၊ မြို့နယ်နှင့် ဌာနဆိုင်ရာများ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ တိုက်တွန်းထားသော်လည်း မြေပြင်တွင် တောင်သူများ စက်သုံးဆီရရှိရေး ပူးပေါင်းဆောင်ရွက်ပေးသူမရှိဟုလည်း တောင်သူများက ပြောသည်။
ယခုကဲ့သို့ စက်သုံးဆီရရှိမှု အခက်အခဲများနှင့် ဈေးနှုန်းမြင့်တက်မှုများကြောင့် ပဲစိုက်လုပ်ငန်းများသာမက မိုးစပါးရာသီအတွက်ပါ ထိခိုက်မှုရှိလာမည်ကိုလည်း တောင်သူများ စိုးရိမ်နေသည်။
“ဆီက ဈေးကြီးပေးနိုင်ရင်တောင် လိုသလောက်ဝယ်မရဘူး။ ဒီလကုန်ရင် စပါးစိုက်ဖို့အတွက် ပြင်ဆင်ရတော့မှာ အခုကတည်းက ဆိုင်တွေပိတ်နေတယ်။ ပြီးတော့ နွားတွေနဲ့ လယ်လုပ်ဖို့က နွားတွေကိုလည်း ရောင်းလိုက်ကုန်ပြီး အချိန်တန်လို့ ဘာမှမလုပ်နိုင် မစိုက်နိုင်ရင် ခက်ခဲမှုများ ပြဿနာများ အများကြီးနဲ့ ရင်ဆိုင်ရမယ်” ဟု သံဖြူဇရပ်မှ တောင်သူတစ်ဦးက ပြောသည်။
ပုံးဖြင့် စက်သုံးဆီသယ်ယူသူ တောင်သူများထံ စစ်ကော်မရှင်စစ်ဆေးရေးဂိတ်များက ၁ ဂါလံလျှင် ၁ သောင်းနှုန်းဖြင့် ငွေကြေးကောက်ခံနေရသည်ဟု ပဲစိုက်တောင်သူများက ပြောသည်။
စက်သုံးဆီဈေးနှုန်းများ ဝယ်ယူရခက်ခဲပြီး ဈေးနှုန်းအဆမတန် မြင့်တက်လာသည့် ရိုက်ခတ်မှုကြောင့် မြို့ပေါ်မှ ဝယ်ယူရသော ကုန်ပစ္စည်းများ ဈေးနှုန်းမြင့်တက်သော်လည်း ဒေသထွက်ကုန်များ ဈေးနှုန်းကျဆင်းနေကြောင်းလည်း သိရသည်။
ပြင်ပစက်သုံးဆီဈေးနှုန်းများအရ မွန်ပြည်နယ် မြို့ပေါ်တွင် စက်သုံးဆီတစ်လီတာ ငွေကျပ် ၁ သောင်းကျော် ပေါက်ဈေးရှိပြီး လုံလုံလောက်လောက် ဝယ်ယူနိုင်ခြင်းမရှိနေကြောင်း သိရသည်။
ပုံ- ပဲတောင်သူတစ်ဦး Facebook



