Monday, March 23, 2026
More
    spot_img
    Homeသတင်းအမှတ်(၈)လမ်းမကြီးဘေးရှိ လိမ္မော်ခြံရွာအနီးတွင် ၃ ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားနေ

    အမှတ်(၈)လမ်းမကြီးဘေးရှိ လိမ္မော်ခြံရွာအနီးတွင် ၃ ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားနေ

    -

    မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အမှတ်(၈) ပြည်ထောင်စုလမ်းမကြီးနံဘေး လိမ္မော်ခြံရွာအနီးတွင် စစ်ကော်မရှင်စစ်ကြောင်းနှင့် တော်လှန်ရေးတပ်ဖွဲ့တို့ကြား မတ်လ ၁၉ ရက်နေ့မှစ၍ တိုက်ပွဲဖြစ်ပွားနေပြီး နှစ်ဖက်ထိခိုက်သေဆုံးမှုများလည်း ရှိနေသည်ဟု ဒေသခံတွင်း သတင်းအရင်းမြစ်များမှ စုံစမ်းသိရှိရသည်။

    မတ်လ ၁၉ ရက်နေ့က ရေးမြောက်ပိုင်းရှိ အောင်သာယာကျေးရွာနှင့် လိမ္မော်ခြံကျေးရွာအနီးတစ်ဝိုက်တွင် အင်အား ၁၀၀ ကျော်ဖြင့် စစ်ကြောင်းထိုးလာသည့် စစ်ကော်မရှင်တပ်သားအဖွဲ့နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ကြား နှစ်ဖက်အပြန်လှန်ပစ်ခတ်မှု စတင်ဖြစ်ပွားခဲ့သည်။

    တိုက်ပွဲအတွင်း လက်နက်ကြီး၊ လက်နက်ငယ်ဖြင့် ပစ်ခတ်မှုများကြောင့် နှစ်ဖက်ထိခိုက်သေဆုံးမှုများရှိနေပြီး ယမန်နေ့မတ်လ ၂၁ ရက်နေ့ အထိ တိုက်ပွဲများ ဆက်လက်ပြင်းထန်နေသည်ဟု ဆိုသည်။

    ပုံ- ရေး-သံဖြူဇရပ်လမ်းပိုင်း တစ်နေရာ(ပုံဟောင်း)

    “ တိုက်ပွဲက အောင်သာယာရွားနဲ့ လိမ္မာခြံအနီးမှာ ဖြစ်နေတာ သုံးရက်ဆက်တိုက် အပြန်အလှန်ပစ်ခတ်နေတယ် ရက်ဆက်ပါပဲ။ ၂၀ ရက်နေ့ကလဲ ၄၅ မိနစ်လောက်ဖြစ်သွားသေးတယ် မနေ့ကတော့ ၁၀ မိနစ် ၁၅ မိနစ်လောက်ဖြစ်သွားသေးတယ် လက်နက်ကြီးလဲပစ်တယ် တိုက်ပွဲမှာ နှစ်ဖက်စလုံးတော့ ထိခိုက်သေဆုံးမှုရှိတယ်” ဟု ရေးဒေသခံတစ်ဦးက ပြောသည်။

    စစ်ကြောင်းထိုးလာသည့် စစ်ကော်မရှင်အဖွဲ့များ ဒေသခံများကို ဖမ်းဆီးခြင်း၊ စစ်ဆေးမေးမြန်ခြင်းနှင့် တန်းဖိုးကြီးပစ္စည်များကို သိမ်းဆည်းမှုများ လုပ်ဆောင်ခဲ့သေးကြောင်းလည်း ဆိုသည်။

    ထို့ကြောင့် သံဖြူဇရပ်-ရေး ကားလမ်းမဘေးရှိ ရော်ဘာအစေးခြစ်ဒေသခံပြည်သူများ လုပ်ငန်းရပ်နားထားရပြီး ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု သိရသည်။

    ယနေ့အထိ လိမ္မော်ခြံရွာအနီးတဝိုက်တွင် စစ်ကော်မရှင်စစ်ကြောင်းအဖွဲ့ ပြန်လည်ဆုတ်ခွာခြင်း မရှိသေးသည့်အပြင် ဒေသတွင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ရေးအခြေအနေများ တင်းမားနေဆဲဖြစ်သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

    “အခြေအနေကတော့ တင်းမားနေဆဲပဲ ရော်ဘာခြံသမားတွေလဲ ရှောင်လိုက်ကုန်ပြီး ဘယ်သူမှ အစေးမခြစ်ရဲကြဘူး၊ သူတို့စစ်ကြောင်းက ရွာအနီးတဝိုက်မှာ ရှိနေတုန်းပဲဆိုတော့လေ ‌ခြံသမားတွေကို ဖမ်းဆီးတာရှိတယ် ၊ ပစ္စည်းဆိုလဲ ဘာမဆို အကုန်ယူကြတာ၊ အခြေအနေကတော့ နဲနဲဆိုးတယ်ပေါ့နော်။ လုံခြုံရေးအရ ပြောပြလို့မရတဲ့တာတွေလဲ အများကြီးရှိတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

    စစ်တပ်၏ အစိုးရသစ်ပြောင်းအလဲကာလတွင် အမှတ် ၈ ပြည်ထောင်စု လမ်းမကြီးကို ထိန်းချုပ်နိုင်ရန် ရေးမြို့နယ်မြောက်ပိုင်းနှင့် ရေး-သံဖြူဇရပ် နယ်စပ်ကြားတွင် စစ်ကော်မရှင်အဖွဲ့မှ အပြင်းအထန် စစ်ကြောင်းထိုးဝင်ရောက်ခြင်းများ လုပ်ဆောင်နေပြီး တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်များနှင့် မကြာခဏ ထိတွေ့တိုက်ပွဲဖြစ်ပွားနေသည်။

    ပြီးခဲ့သည့် မတ်လ ၈ ရက်နေ့ကလည်း အောင်သာယာကျေးရွာအနီးတွင် စစ်ကော်မရှင်စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့အကြား တစ်ရက်အတွင်း နှစ်ဖက်တိုက်ပွဲ သုံး ကြိမ် ဖြစ်ပွားခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော် ၃ ဦး ကျဆုံးခဲ့သည်။

    ထို့ကြောင့် ဒေသခံပြည်သူများ‌အနေဖြင့် ရေးမြို့နယ်မြောက်ပိုင်းနှင့် ရေး-သံဖြူဇရပ် နယ်စပ်ကြားတွင် စစ်ကြောင်းထိုးနေစဉ် အချိန်မရွေးတိုက်ပွဲများဖြစ်လာနိုင်သည့်အတွက် သတိပြုသွားလာနေထိုင်ကြရန် တော်လှန်ရေးတပ်ဖွဲ့များမှ တိုက်တွန်းပြောဆိုထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,300SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks