တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ ဝင်းဝစခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်ဖွဲ့ထံ သတ်ဖြတ်ခံထားရသည့် စစ်ဘေးရှောင်ပြည်သူ ၂၀ ဝန်းကျင်၏ ရုပ်အလောင်းကို နယ်မြေရှင်လင်းရေးလုပ်ဆောင်စဉ် တွေ့ရှိခဲ့ရသည်ဟု တနင်္သရီတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ သတင်းနှင့်ပြန်ကြားရေးမှ ပြောပြချက်အရ သိရသည်။
မြိတ်-ထားဝယ် အမှတ်(၈) လမ်းမကြီးပေါ်ရှိ ဝင်းဝတပ်စခန်းကို ဖေဖော်ဝါရီလ ၇ ရက် နေ့ မှစ၍ KNLA နှင့်တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ စတင်တိုက်ခိုက်ခဲ့ရာ မတ်လ ၁၁ရက်နေ့တွင် အပြီးအပိုင်သိမ်းပိုက်နိုင်ခဲ့သည့်အချိန်မှစ၍ နယ်မြေရှင်းလင်းရေးများ လုပ်ဆောင်နေသည်။
နယ်မြေရှင်းလင်းရေးလုပ်ဆောင်နေသည့် ဝင်းဝတပ်စခန်းအနီးတစ်ဝိုက်ရှိ ဥယျာဉ်ခြံနှင့် လမ်းမကြီးပေါ်တွင် ကျည်ထိမှန်ဒဏ်ရာ၊ ဓားဒဏ်ရာများဖြင့် သေဆုံးနေသည့် စစ်ဘေးရှောင်ဟု ယူဆသူများကို တွေ့ရှိရကြောင်းလည်း တနင်္သာရီတိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ရဲဘော်ဂျိုကာက ပြောသည်။

“ အရေအတွက်က တိတိကျပြောလို့မရဘူး လောလောဆယ်က ဒေသခံယောက် ၂၀ လောက်ရှိမယ်။ စစ်ဘေးရှောင်ရင်း၊ ရွာပြန်ရင်းနဲ့ စစ်ကော်မရှင် စစ်ကြောင်းနဲ့ တိုးသွားလို့ ပစ်ခံရတာရှိတယ်၊ လမ်းမကြီးပေါ်မှာလဲ သေဆုံးနေတာရှိတယ် ” ဟု တနင်္သာရီတိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ရဲဘော် ဂျိုကာက ပြောသည်။
လက်ရှိအချိန်အထိ သေဆုံးနေသည့် ဒေသခံပြည်သူများ၏ ရုပ်အလောင်းများကို ရှာဖွေတွေ့ရှိနေဆဲဖြစ်ကြောင်းလည်း ဆက်ပြောသည်။
၎င်းအပြင် ဝင်းဝတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်စဉ် ထွက်ပြေးသွားသည့် စစ်ကော်မရှင်တပ်သားများကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက လိုက်လံရှင်းလင်းနေသဖြင့် တိုက်ပွဲငယ်များဆက်လက်ဖြစ်ပွားနေပြီး၊ စစ်ကော်မရှင်ဘက်မှ လေကြောင်းဖြင့် ဗုံံးကြဲတိုက်ခိုက်မှုများ နေ့စဉ်လုပ်ဆောင်နေသည်။
ယနေ့အထိ လုံခြုံရေးအရ ပိတ်ဆို့ကန့်သတ်ထားသည့် အမှတ် ၈ ပြည်ထောင်စုလမ်းမကြီး မြိတ်-ထားဝယ်လမ်းပိုင်းအပြင် ဖြတ်တောက်ထားသည့် ဖုန်းလိုင်းများ နယ်မြေရှင်လင်းရေး လုပ်ဆောင်အပြီးတွင် ပြန်လည်အဆင်ပြေစေရေး အမြန်ဆုံး စီစဉ်ဆောင်ရွက်ပေးမည်ဟုလည်း တနင်္သာရီတိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ရဲဘော် ဂျိုကာက ဆက်ပြောသည်။
“ တိုက်ပွဲဖြစ်နေတာက ဝင်းဝစခန်းကနေထွက်ပြေးနေတဲ့ စစ်ကော်မရှင် တပ်သားတွေကို လိုက်လံ ရှင်းလင်းနေတယ်။ ရှင်းပြီးတာနဲ့ လမ်းတွေ၊ အင်တာနက်တွေ ဖွင့်ပေးဖို့အစီအစဉ်ရှိပါတယ် ဒါပေမဲ့ စစ်ရေးအခြေအနေအရပဲ လမ်းတွေ ပိတ်ထားရတယ်။ အင်တာနက်ကို ဖြတ်တောက်ထားတယ်ပေါ့နော်။ ကျနော်တို့နယ်မြေရှင်းလင်းရေးလုပ်ပြီးတာနဲ့ အမြန်ဆုံးစီစဉ်ပေးမှာပါ ” ဟု ရဲဘော်ဂျိုကာက ဆက်ပြောသည်။
စခန်းသိမ်းတိုက်ပွဲကြောင့် တစ်လကျော်ကြာ တိုက်ပွဲပြင်းထန်ခဲ့သည့် သရက်ချောင်းမြို့နယ်တွင် ဖေဖော်ဝါရီလ ပထမအပတ်မှစ၍ ကျေးရွာ (၂၀) ရွာမှ ဒေသခံပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟုလည်း သိရသည်။
ထွက်ပြေးတိမ်းရှောင်နေသည့် ဒေသခံများ အကူအညီမရရှိသဖြင့် လုံခြုံမှုမရှိသည့် ကျေးရွာများအတွင်းပြန်လည်ဝင်ရောက်၍ စားနပ်ရိက္ခာများ ဝင်ရောက်ယူဆောင်နေရပြီး သတင်းအစအနမရဘဲ ပျောက်ဆုံးနေသူများလည်းရှိကြောင်း စစ်ဘေးရှောင်ကူညီပေးနေသူများက ဆိုသည်။



