မွန်ပြည်နယ်မှ အခြားပြည်နယ်နှင့်တိုင်းများသို့ ပြေးဆွဲနေသည့် ခရီးသည်တင်ယာဉ်များ စက်သုံးဆီဝယ်ယူရရှိမှုအခက်အခဲကြောင့် နေ့စဉ် ပြေးဆွဲနိုင်ခြင်း မရှိတော့ကြောင်း ယာဉ်မောင်းနှင့် ခရီးသွားပြည်သူများထံမှ သိရသည်။
စက်သုံးဆီချွေးတာရေးနှင့် ဖူလုံမှုရှိစေရေးအတွက် မွန်ပြည်နယ်ရှိစက်သုံးဆီဆိုင်များ ခရီးသည်တင်ယာဉ်နှင့် ကုန်တင်ယာဉ်တစ်စီး ကျပ်တစ်သိန်းနှုန်းဖြင့် ရောင်းချပေးကြရန် စစ်ကော်မရှင် ပြည်နယ်အစိုးရအဖွဲ့မှ ကန့်သတ်ထားသော်လည်း မြေပြင်ဆီဆိုင်များတွင် သုံးသောင်းကျပ်သာ ရောင်းချပေးနေသည်ဟု ယာဉ်မောင်းများက ပြောသည်။
ဆီရောင်းချပေးသည့်ပမာဏနည်းသည့်အပြင် တစ်ရက်တစ်ကြိမ် ဝယ်ယူခွင့်ပြုထားသဖြင့် နေ့စဉ်မောင်းနှင်ပြေးဆွဲရန် အဆင်မပြေဖြစ်လာကြောင်း မော်လမြိုင်-ဘုရားသုံးဆူ ယာဉ်မောင်းတစ်ဦးက ပြောသည်။

“ အများစုကတော့ မဆွဲနိုင်ကြတော့ဘူး။ စက်သုံးဆီလည်း လွယ်လွယ်ကူကူနဲ့ ရှာဝယ်လို့မရကြတော့လေ။ ပြီးတော့ အရင်ကလိုမျိုး ခရီးသည် တစ်ယောက်၊ နှစ်ယောက်၊ ပစ္စည်းနည်းနည်းနဲ့ဆိုရင်လည်း ပြေးဆွဲဖို့ အဆင်မပြေတော့ဘူး။ ကားသမားတွေက နေ့တိုင်းတော့ ပြေးဆွဲချင်ကြပါတယ်၊ စက်သုံးဆီမှ မရတော့တာ” ဟု အထက်ပါ ယာဉ်မောင်းက ပြောသည်။
လက်ရှိအခြေအနေအရ စက်သုံးဆီဝယ်ယူ စုဆောင်းထားနိုင်သည့် ခရီးသည်ယာဉ်အချို့သာ ဆက်လက်ပြေးဆွဲနေပြီး အများစုတို့ နေ့စဥ် ပြေးဆွဲနိုင်ခြင်း မရှိတော့ဟု ဆိုသည်။
တက္ကသိုလ်ဝင်စာမေးပွဲကာလ ပြီးဆုံးပါက စစ်ကော်မရှင်အဖွဲ့စုံ၏ စုံ/မစနစ်ဖြင့် ဖမ်းဆီးမှုတင်းကြပ်မှုကိုလည်း ယာဉ်မောင်းများ စိုးရိမ်နေပြီး ခရီးသည်တင်ယာဉ်များ နေ့စဉ်ပြေဆွဲရန် ပိုမိုခက်ခဲလာမည်ဟုလည်း ပြောသည်။
မုဒုံ-ရန်ကုန် ယာဉ်မောင်းတစ်ဦးက “အခုက စုံတစ်ရက်၊ မတစ်ရက်ဆိုတော့ ကားတွေက နေ့တိုင်းတော့ ဘယ်လိုပြေးဆွဲနိုင်တော့မလဲ။ ဒီနေ့ သွားတန်းစီပြီး နောက်နေ့မှ ကားတွေ ဆွဲရတာ။ ပြီးတော့ ဘယ်ကားပဲဖြစ်ဖြစ်၊ တစ်စီးကို သုံးသောင်းပဲ ထည့်ပေးတယ်။ တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေပြီးရင်တော့ စုံ၊ မ ပုံစံနဲ့ ဟုတ်မဟုတ်ကို ဆိုင်တွေအထိကို လာစစ်ကြတော့မယ်၊ စက်သုံးဆီဆိုင်တွေက အဲလိုတော့ ပြောတာပဲ။ QR code စနစ်က ဒီဘက်တော့ မရှိသေးဘူး။ ရန်ကုန်မှာတော့ အဲလိုလုပ်ရတယ်” ဟု အထက်ပါ ယာဉ်မောင်းက ဆိုသည်။
ခရီးသည်တင်ယာဉ်များ ပြေးဆွဲမှု နည်းပါးလာသည့်အပြင် ဈေးနှုန်းလည်း မြင့်တက်လာတဲ့အတွက် မော်လမြိုင်-ဘုရားသုံးဆူ လမ်းစရိတ် ယခင် ဘတ် ၈၀၀ မှ ဘတ် ၁၀၀၀ နီးပါး ပေးဆောင်ရကြောင်းလည်း ခရီးသွားလာသူများထံ စုံးစမ်းမေးမြန်းချက်အရ သိရသည်။
နိုင်ငံအတွင်း စက်သုံးဆီဖူလုံပြီး ပြတ်လပ်သွားမည်ကို စိုးရိမ်းစရာမလိုကြောင်း စစ်ကော်မရှင်ပြန်ကြားရေးတာဝန်ခံ ဗိုလ်ချူပ်ဇော်မင်းထွန်းက ပြောဆိုထားသော်လည်း
စက်သုံးဆီဝယ်ယူရောင်းချရေး တင်းကြပ်စေသည့် ဥပဒေများကို ဆက်တိုက်ထုတ်ပြန်နေပြီး ယာဉ်အသုံးပြုသူများ စက်သုံးဆီရရှိရေး တစ်ရက်ထက်တစ်ရက် ပိုမိုခက်ခဲလာနေသည်။
လက်ရှိတွင် မော်လမြိုင်မြို့မှ စက်သုံးဆီလုပ်ငန်းရှင်တချို့ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်ဘက်သို့ တရားမဝင် စက်သုံးဆီများတင်ပို့ခဲ့သည်ဟုဆိုပြီး သက်ဆိုင်ရာနယ်မြေရဲစခန်းတွင် ဖမ်းဆီးစစ်ဆေးခံနေရကြောင်းလည်း သိရသည်။



