Monday, March 16, 2026
More
    spot_img
    Homeသတင်းစစ်တပ် လွှမ်းမိုးသည့် အစိုးရသစ်နှင့် MUP ၏ အခန်းကဏ္ဍ

    စစ်တပ် လွှမ်းမိုးသည့် အစိုးရသစ်နှင့် MUP ၏ အခန်းကဏ္ဍ

    -

    စစ်တပ်အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာသည့် မြန်မာ့နိုင်ငံရေး အပြောင်းအလဲတွင် တိုင်းရင်းသားနိုင်ငံရေးပါတီများ၏ အခန်းကဏ္ဍသည် စိန်ခေါ်မှုများစွာရှိလာခဲ့သည်။ ထိုအထဲတွင် စစ်တပ်၏ အုပ်ချုပ်ရေးယန္တရားတွင် ပူးပေါင်းပါဝင်ခဲ့သည့် မွန်ညီညွတ်ရေးပါတီ (MUP) သည် ဝေဖန်မှုများ၊ စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသည်။ မွန်ညီညွတ်ရေးပါတီ (MUP) ၏ အခန်းကဏ္ဍသည် စစ်တပ်လွှမ်းမိုးထားသည့် အစိုးရအဖွဲ့အတွင်း၌သာမက၊ မွန်တစ်မျိုးသားလုံး၏ နိုင်ငံရေးဦးဆောင်မှု အပိုင်းတွင်ပါ စိုးရိမ်ဖွယ်ရာ အခြေအနေသို့ ရောက်ရှိနေသည်။

    အစိုးရသစ်တွင် မွန်ညီညွတ်ရေးပါတီ (MUP) ပါဝင်နိုင်သည့်အလားအလာ

    စစ်ကော်မရှင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် မွန်ညီညွတ်ရေးပါတီ MUP သည် အတော်အသင့် အနိုင်ရရှိခဲ့သည့် ပါတီဖြစ်ပြီး ပြည်နယ်အဆင့်မှာဆိုလျှင် စစ်တပ်ကျောထောက်နောက်ခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီပြီးလျှင် မဲအများဆုံး အနိုင်ရရှိထားသည့် ပါတီဖြစ်သည်။

    မဲအများဆုံးရသူ အနိုင်ယူစနစ် FPTP နှင့် အချိုးကျကိုယ်စားပြုစနစ် PR နှစ်ခုစလုံးဖြင့် ကျင်းသုံးကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် မွန်ညီညွတ်ရေးပါတီအနေဖြင့် ပြည်ထောင်စုအဆင့်တွင် ကိုယ်စားလှယ် ၁၀ ဦးနှင့် ပြည်နယ်အဆင့်တွင် ကိုယ်စားလှယ် ၇ ဦး စုစုပေါင်း ကိုယ်စားလှယ် ၁၇ ဦးအထိ အနိုင်ရရှိထားသည်။

    ရွေးကောက်ပွဲ ရလဒ်အရကြည့်လျှင် လာမည့်အစိုးရအဖွဲ့သစ်တွင် မွန်ညီညွတ်ရေးပါတီ (MUP) နေရာရရှိရန် အခွင့်အလမ်း မြင့်မားနေသည်။ ပြည်နယ်အဆင့်တွင် ဝန်ကြီးနေရာအချို့နှင့် ဗဟိုအဆင့်တွင် ဒုတိယဝန်ကြီးလို နေရာမျိုး MUP ရရှိလာနိုင်သည်။

    နိုင်ငံရေးအရကြည့်မည်ဆိုလျှင်လည်း စစ်တပ်က သူတို့လွှမ်းမိုးထားသည့် အုပ်ချုပ်ရေးစနစ်တွင် တိုင်းရင်းသားများ ပါဝင်သည်ကို ကမ္ဘာကို ပြသနိုင်ရန် MUP ကဲ့သို့သော ပါတီကြီးများကို နေရာပေးရန် ဖြစ်လာနိုင်သည်။

    အာဏာသိမ်း စစ်တပ်၏ အုပ်ချုပ်ရေးယန္တရားတွင် MUP ကိုယ်စားလှယ်များ ပူးပေါင်းပါဝင်နေသည့် သမိုင်းကြောင်းကလည်း လာမည့် အစိုးရအဖွဲ့သစ်မှာ MUP ပါတီ ကိုယ်စားလှယ်များကို နေရာပေးလာနိုင်သည့် အလားအလာ များနေသည်။

    MUP လှုပ်ရှားနိုင်သည့် ဒေသအကန့်အသတ်

    လက်ရှိမှာ နိုင်ငံရေးအရရော၊ စစ်ရေးအရပါ မွန်ညီညွတ်ရေးပါတီ (MUP) ၏ လှုပ်ရှားမှုနယ်မြေ အလွန်ကျဉ်းမြောင်းလာသည်။ ယခင်က မွန်ပြည်နယ်တစ်ပြည်နယ်လုံးသာမက ပြည်နယ်ချင်းထိစပ်သည့် တနင်္သာရီ၊ ကရင်ပြည်နယ်နှင့် မွန်လူမျိုးအများစုရှိသည့် ဒေသများကိုပါ လွှမ်းမိုးနိုင်ခဲ့သော်လည်း အာဏာသိမ်းစစ်တပ်နှင့် ပူးပေါင်းလိုက်သည့် လုပ်ရပ်ကြောင့် MUP ၏ လှုပ်ရှားမှုနယ်မြေ အထူးသဖြင့် တိုက်ပွဲ ပြင်းထန်နေသည့် မွန်ပြည်နယ် မြောက်ပိုင်းဒေသများဖြစ်သည့် ဘီးလင်း၊ သထုံ၊ ကျိုက်ထိုဒေသ၊  ရေးမြို့နယ်တောင်ပိုင်း သံဖြူဇရပ်၊ ရေး၊ ထားဝယ်နယ်စပ်နှင့် အရှေ့တောင်ပိုင်းဒေသ ကျိုက်မရော၊ ကရင်နယ်နယ်စပ်အထိ လှုပ်ရှားနိုင်ဖို့ အလွန်ခက်ခဲလာသည်။

    လက်ရှိ MUP ပါတီ လွတ်လပ်စွာ လှုပ်ရှားနိုင်သည့်နယ်မြေသည် အာဏာသိမ်းစစ်တပ် အပြည့်အဝထိန်းချုပ်ထားသည့် မော်လမြိုင်၊ မုဒုံ၊ ချောင်းဆုံ အစရှိသည့် မြို့ပေါ်ဒေသလို နေရာမျိုးလောက်သာ သွားလာလှုပ်ရှားနိုင်ပြီး ဒါသည် ပါတီကို မြို့ပြအခြေစိုက်ပါတီအဖြစ်သာ ရောက်ရှိသွားစေပြီး နယ်ဘက်က မွန်လူထုနှင့် ထိတွေ့မှု ပြတ်တောက်သွားစေနိုင်သည်။

    တဘက်တွင်လည်း အာဏာသိမ်းစစ်တပ်နှင့် ပူးပေါင်းထားသည့်အတွက် MUP အပေါ် လူထု ယုံကြည်မှု ကျဆင်းနေချိန် လာမည့် အစိုးရအဖွဲ့သစ်မှာလည်း အမည်ခံသက်သက်ပဲ ဖြစ်နေမယ်ဆိုရင် ပါတီအပေါ် လူထု၏ ယုံကြည်မှုကို ပိုပြီး ထိခိုက်စေနိုင်သလို၊ ပါတီအတွက် ရေရှည်မှာ နိုင်ငံရေးအရ အရှုံးပေါ်နိုင်သည်။

    မွန်ညီညွတ်ရေးပါတီ (MUP) အတွက် စိန်ခေါ်မှု – ဧရာမစီမံကိန်းကြီးများ

    အာဏာသိမ်းစစ်တပ်က မုဒုံမြို့နယ် ကော့ပရံကျေးရွာအနီး မြေ ၄၇၀၀ ဧကနီးပါးတွင် နိုင်ငံတကာအဆင့်မီ အပြည်ပြည်ဆိုင်ရာ လေယာဉ်ကွင်းနှင့် ဘလောက်ညောင်ဝိုင်းကျေးရွာနှင့် ဝဲကလိကျေးရွာအကြား အပြည်ပြည်ဆိုင်ရာ ရေနက်ဆိပ်ကမ်း စီမံကိန်းကို အကောင်အထည်ဖော်နေသည့်အပြင် နိုင်လှုံကျေးရွာအနီး မြေ ၃၆၀ ဧကကျော်မှာ စက်မှုဇုန် စီမံကိန်းတခုကိုလည်း အကောင်အထည်ဖော်နေသည်။

    စစ်တပ်က စီမံကိန်းများကို အကောင်အထည်ဖော်ရန်အတွက် ဒေသခံများ ခေတ်အဆက်ဆက်က မှီခို လုပ်ကိုင်စားသောက်လာကြသည့် မြေယာများစွာကို လျော်ကြေးအနည်းငယ်ပေးပြီး အတင်းအဓမ္မ သိမ်းဆည်းခဲ့သည်။ ဒေသခံတို့က စီမံကိန်းကို လက်မခံနိုင်ကြသော်လည်း ကန့်ကွက်လျှက် ဖမ်းဆီးထောင်ချခံရမည်ကို စိုးရိမ်သည့်အတွက် နှုတ်ပိတ်နေကြရသည်။

    စစ်တပ်က နောက်ထပ် အကောင်အထည်ဖော်နေသည့် စီမံကိန်းတခုကတော့ ချောင်းဆုံမြို့နယ်အတွင်းက ကျောက်မီးသွေးစက်ရုံ စီမံကိန်းဖြစ်သည်။ ကျောက်မီးသွေးစက်ရုံ စီမံကိန်းအတွက် အတင်းအဓမ္မ မြေယာသိမ်းဆည်းမှုတွေလည်း ရှိခဲ့သည်။ ဒေသခံတို့က ကျောက်မီးသွေးစက်ရုံ စီမံကိန်းကို အလိုမရှိကြောင်း လက်မှတ်ထိုးပြီး ကန့်ကွက်ခဲ့ကြသော်လည်း အရာမထင်ခဲ့ပေ။

    ဒေသခံတို့က စီးပွားအပျက်ခံပြီး လယ်ယာမြေများ သိမ်းဆည်းခံရသည့်အရေးထက် ကျောက်မီးသွေးစက်ရုံ စီမံကိန်းကြောင့် ဖြစ်ပေါ်လာမည့် ဘေးထွက်ဆိုးကျိုးများကို ပိုပြီး စိုးရိမ်ကြောက်ရွံ့နေကြသည်။ အံဒင်းကျောက်မီးသွေးစက်ရုံနှင့် MCL ဘိလပ်မြေစက်ရုံ အကောင်အထည်ဖော်တုန်းကလို လမ်းပေါ်ထွက် ကန့်ကွက်ဆန္ဒပြရန်လည်း စစ်အုပ်ချုပ်ရေးကာလဖြစ်သည့်အတွက် ဒေသခံများ နှုတ်ဆိတ်နေရသည်။

    အာဏာသိမ်းစစ်တပ်က အကောင်အထည်ဖော်ရန် ကြိုးပမ်းနေသည့် ဧရာမစီမံကိန်းကြီးများသည် နိုင်ငံရေးအရရော၊ စီးပွားရေးအရပါ အလွန်အရေးပါသလို အငြင်းပွားစရာများလည်း ရှိနေသည်။ အစိုးရအဖွဲ့သစ်တွင် ပါဝင်လာနိုင်သည့် MUP ပါတီအနေဖြင့် စီမံကိန်းများကို ကိုင်တွယ်ရမည့် အဓိက အခွင့်အလမ်းနှင့် စိန်ခေါ်မှုများ ဖြစ်လာသည်။

    စစ်တပ်လွှမ်းမိုးထားသည့် နိုင်ငံရေးအခင်းအကျင်းအောက်တွင် မွန်ညီညွတ်ရေးပါတီ (MUP) ၏ အခန်းကဏ္ဍသည် အလွန်ပင် ကျဉ်းမြောင်းလှသည်။ မွန်ညီညွတ်ရေးပါတီအနေဖြင့် အစိုးရအဖွဲ့တွင် ပါဝင်ခွင့် ရရှိနိုင်သော်လည်း လက်ရှိ ဖြစ်ပေါ်နေသည့် လက်နက်ကိုင်ပဋိပက္ခများနှင့် စစ်အုပ်ချုပ်ရေး ယန္တရားကြား ဟန်ချက်ညီအောင် ဘယ်လို ထိန်းကျောင်းမလဲဆိုတာကလည်း အဓိက စိန်ခေါ်ချက် ဖြစ်သည်။

    ပါတီအနေဖြင့် အစိုးရအဖွဲ့သစ်တွင် နေရာအချို့ ရရှိနိုင်သော်လည်း၊ ထိုနေရာမှတစ်ဆင့် မွန်ပြည်နယ်၏ လုံခြုံရေးနှင့် ဒေသခံများ၏ အကျိုးစီးပွားကို အမှန်တကယ် ကာကွယ်ပေးနိုင်ခြင်း ရှိ၊ မရှိ ဆိုသည့်အချက်ကသာလျှင် ပါတီ၏ အောင်မြင်မှုကို ဆုံးဖြတ်ပေးမည် ဖြစ်သည်။ ပါတီ၏ ရှင်သန်မှုသည် အစိုးရအဖွဲ့အတွင်း ရရှိသည့် နေရာထက် လူထု၏ ယုံကြည်ကိုးစားမှုကို မည်မျှပြန်လည် တည်ဆောက်နိုင်သနည်း ဆိုသည့်အချက်ပေါ်တွင်သာ မူတည်နေပေတော့သည်။

    အနှစ်ချုပ်ရလျှင် စစ်တပ်လွှမ်းမိုးထားသည့် အစိုးရသစ်တွင် MUP အနေဖြင့် ရာထူးနေရာနှင့် အခွင့်အရေးအချို့ ရရှိနိုင်သော်လည်း ထိုအရာသည် မွန်လူထုတရပ်လုံးက အမှန်တကယ် လိုလားတောင့်တနေသည့် ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ငြိမ်းချမ်းရေးအတွက် အဖြေဖြစ်လာမည်လား သို့မဟုတ် ရေရှည်နိုင်ငံရေးခရီးအတွက် အဟန့်အတားဖြစ်စေမည့် အမည်ခံရုံသက်သက် နေရာများဖြစ်နေမည်လားဆိုသည်မှာ ပါတီခေါင်းဆောင်များ အဓိက စဉ်းစားရမည့်အချက် ဖြစ်ပြီး ပါတီခေါင်းဆောင်များ၏ လုပ်ဆောင်ချက်နှင့် သမိုင်းကသာ အဆုံးအဖြတ်ပေးသွားမည် ဖြစ်ပေတော့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks