Monday, March 16, 2026
More
    spot_img
    Homeသတင်းဂျပန်နိုင်ငံ၏ ကုန်ဈေးနှုန်းနှင့် နေထိုင်မှုကုန်ကျစရိတ်ကြောင့် နိုင်ငံခြားကျောင်းသားများ ဖိအားပိုများလာ

    ဂျပန်နိုင်ငံ၏ ကုန်ဈေးနှုန်းနှင့် နေထိုင်မှုကုန်ကျစရိတ်ကြောင့် နိုင်ငံခြားကျောင်းသားများ ဖိအားပိုများလာ

    -

    ဂျပန်နိုင်ငံတွင် စားသောက်စရိတ်၊ သယ်ယူပို့ဆောင်ရေးနှင့် ကျန်းမာရေးအာမခံ ကုန်ကျစရိတ်များ တစ်နှစ်ထက်တစ်နှစ် မြင့်မားလာနေသည်ဟုဆိုပြီး ဂျပန်ရှိ နိုင်ငံခြားကျောင်းသားများအတွက် ဖိအားပိုမိုများလာပြီး ရပ်တည်ရန်ခက်ခဲလာကြောင်း သိရသည်။

    နေထိုင်သည့် နေရာဒေသအပေါ်မူတည်၍ ကွဲပြားနိုင်သော်လည်း ဂျပန်ယန်းငွေကျဆင်းမှုကြောင့် ကုန်ဈေးနှုန်းနှင့် နေထိုင်မှုကုန်ကျစရိတ်မြင့်မားလာသည့်ဒဏ်ကို တန်းတူရင်ဆိုင်နေရကြောင်း ဂျပန်ရောက် မြန်မာကျောင်းသားများက ပြောသည်။

    အိမ်ငှားခမြင့်တက်လာခြင်း၊ အာမခံငွေများပြားလာခြင်းသည် နိုင်ငံခြားကျောင်းသားများအတွက် အိမ်ရာရရှိရန် ပိုမိုခက်ခဲလာစေပြီး ကျောင်းနှင့်ဝေးကွာရသည့်နေရာများတွင် နေရခြင်းကြောင့် သယ်ယူပို့ဆောင်စရိတ်များလည်း ပိုမိုကုန်ကျနေရကြောင်းဆိုသည်။

    ဂျပန်ရောက် မွန်လူငယ် ကျောင်းသားတစ်ဦးက “ဂျပန်မှာနေလာတာ၊ အကျဘက်ကိုမရှိဘူး။ အိမ်စရိတ်တွေလည်း ဈေးတက် အကုန်လုံးဈေးတက်နေတာချည်းပဲ၊ တကယ်စိတ်ညစ်တယ်။ တစ်လတစ်လ လုပ်နေတာ ဘာမှမကျန်ဘူး။ မသိရင် အနုနည်းနဲ့ နှင်ထုတ်နေသလိုပဲ၊ သူတို့နိုင်ငံမှာ မပေးနေချင်လို့လေ”ဟု ပြောသည်။

    နိုင်ငံခြားသားကျောင်းသားအများစုသည် ဥပဒေအရ အလုပ်လုပ်ချိန်ကန့်သတ်ထားမှုရှိသဖြင့် ကုန်ကျစရိတ်မြင့်တက်မှုကို လုံလောက်စွာ မဖြေရှင်းနိုင်ဘဲ စာသင်ချိန်နှင့် အလုပ်ချိန်ကို ညှိနှိုင်းရင်း စိတ်ဖိစီးမှုများနှင့် ကြုံနေကြရသည်ဟုလည်း ပြောသည်။

    ဥပဒေအရ နိုင်ငံခြားကျောင်းသားတစ်ဦး၏ တစ်ပတ်အလုပ်လုပ်ချိန် ၂၈ နာရီသာဟု သတ်မှတ်ထားသော်လည်း မြန်မာနိုင်ငံကဲ့သို့ အရှေ့တောင်အာရှ ကျောင်းသားအများစု ၂၈ နာရီထက်ပို၍ အလုပ်လုပ်ကိုင်နေကြသည်။

    သို့သော် ကုန်ကျစရိတ်မကာမိသည့်အပြင် လာမည့် ဧပြီလတွင်လည်း အစိုးရမှ အခွန်စရိတ်များ တိုးမြှင့်ရန်ရှိသဖြင့် ကျောင်းသားများ ပိုမိုခက်ခဲလာမည်ဟုလည်း ဆိုသည်။

    ပုံ-RITSUMEIKAN UNIVERSITY

    "ကြားနေရတာက နောက်လကစပြီး လူပျိုအပျိုခွန်လို့ခေါ်တဲ့ ကလေးသူငယ်ထောက်ပံ့ ရေးအတွက် လည်း ပေးဆောင်ရမယ်တဲ့၊ ကျန်းမာရေးအခွန်၊ နေထိုင်အခွန်၊ လမ်းခင်းအခွန်တွေလည်း တိုးဖို့ ရှိသေးတယ်။ ဒါမဲ့ ဘယ်လောက်တိုးလဲဆိုတာ သေချာမသိသေးဘူး” အထက်ပါကျောင်းသားက ဆိုသည်။

    နေထိုင်မှုကုန်ကုစရိတ် ကြီးမြင့်မှုကြောင့် တစ်နာရီလုပ်အားခတန်ဖိုး တိုးမြှင့်ပေးစေလိုကြောင်းလည်း ဂျပန်ရောက် နိုင်ငံခြားကျောင်းသားများ လိုလားနေကြသည်။

    ကျွမ်းကျင်သူများက ကုန်ကျစရိတ်ကြီးမြင့်မှုနှင့် ဆက်လက်ရှိနေပါက နိုင်ငံခြားသားကျောင်းသားများ၏ ပညာသင်ကြားရေး အရည်အသွေးနှင့် ဂျပန်နိုင်ငံတွင် လာရောက်သင်လိုသူ အရေအတွက်ကိုပါ သက်ရောက်မှုရှိနိုင်ကြောင်းလည်း သတိပေးထားသည်။

    ဂျပန်ရှိ နိုင်ငံခြားသားနေထိုင်သူဦးရေသည် ၂၀၂၅ ခုနှစ်ကုန်ပိုင်းအထိ ၄.၁၃ သန်း အထိ တိုးလာခြင်းနှင့် လူဝင်မှုကြီးကြပ်ရေးစနစ်များ၊ ဒစ်ဂျစ်တယ်စနစ်များနှင့် နိုင်ငံခြားသား ဆိုင်ရာ စီမံခန့်ခွဲမှုများအတွက် အသုံးစရိတ်များလည်း မြင့်တက်လာသည့်အခြေအနေကြောင့် ဗီဇာကြေးတိုးမြှင့်ရန် ဂျပန်အစိုးရမှ စီစဉ်နေကြာင်းလည်း သိရသည်။

    ထို့အပြင် အဆိုပါ ဥပဒေပြင်ဆင်မှုကို မကြာခင် ဂျပန်လွှတ်တော်အတွင်း ဆွေးနွေးတင်ပြသွားမည်ဖြစ်ပြီး တရားဝင်အတည်ပြုပြီးလျှင် နောင်ဘဏ္ဍာရေးနှစ်များအတွင်း စတင်အကောင်အထည် ဖော်နိုင်မည်ဟု ခန့်မှန်းထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks