မွန်ပြည်နယ်၊ ကျိုက်မရောအကျဉ်းထောင်တွင် ပြင်ပမှရေသန့်များ ပေးပို့ခြင်းကန့်သတ်ထားပြီး ထောင်အတွင်းသန့်ရှင်းမှုမရှိသည့်ရေများကို အကျဉ်းသားများ နေ့စဉ် သောက်သုံးနေရသဖြင့် ကျန်းမာရေးပြဿနာ ပိုမိုဖြစ်ပွားလာနေကြောင်း Justice Network for Political Prisoners (JNPP) က ပြောသည်။
JNPP မှ ကျိုက်မရောအကျဉ်းထောင်တွင် အကျဉ်းသားများ သောက်သုံးနေရသည့် ရေများတွင် အနံ့နံခြင်း၊ ရေညှိများနှင့် မသိရသည့်အဖက်များပါဝင်နေသည့်အပြင် ထုံးကဲ့သို့ အဖြူရောင်အမှုန်များလည်း ရေသိုလှောင်ထားသည့် ဗူးကြီးများတွင် ကပ်ညှိနေသည်ဟု ဆိုသည်။
ထိုသို့ မသန့်ရှင်းသော ရေများကိုသာ သောက်သုံးနေရပြီး ရေလုံလောက်စွာ သုံးစွဲခွင့်မပေးဘဲ ကန့်သတ်ထားသဖြင့် အကျဉ်းသားများ ဆီးကျောက်တည်ခြင်းနှင့် ကျောက်ကပ်ဆိုင်ရာရောဂါများ ဖြစ်ပွားနေကြသည်ဟု သိရသည်။
“အခုနွေရာသီမှာ သူတို့က အကျဉ်းသားတွေကို ချိုးဖို့နဲ့ အဝတ်လျှောဖို့အတွက် ရေကို တစ်ယောက်လျှင် ၇ ခွက် ၈ ခွက်ပဲပေးတယ်။ အရင်ကတော့ အကျဉ်းသားတွေက ရေသန့်တွေကို ဝယ်သောက်ကြတယ်။ အခုကသူတို့မပေးဝယ်ဘူး။ အဲညစ်ပတ်တဲ့ရေကိုပဲ သောက်ခိုင်းတယ်။ ချိုးခိုင်းတယ်။ အဲလိုတွေ နှိပ်စက်တယ်” ဟု JNPP မှ တာဝန်ရှိသူ အမျိုးသမီးတစ်ဦးက ပြောသည်။
သောက်သုံးရေမသန့်ရှင်းမှုနှင့် ရေလုံလောက်စွာသုံးစွဲခွင့်ကန့်ထားခြင်းကို ကျိုက်မရောအပါအဝင် အခြားအကျဉ်းထောင်မှ အကျဉ်းသားများလည်း ရင်ဆိုင်နေရပြီး အလားတူ ကျန်းမာရေးပြဿနာများနှင့် ရင်ဆိုင်နေရသည်။
ထိုသို့ ထောင်အတွင်း ရောဂါဖြစ်ပွားပါက လုံလောက်သည့် ဆေးဝါးများနှင့် ကျန်းမာရေးကုသခွင့်များ မရရှိနိုင်သည့်အခြေအနေများကြောင့် အကျဉ်းသားများ၏ ကျန်းမာရေးအခြေအနေ ပိုမိုဆိုးရွားလာနေသည်ဟု ဆိုသည်။

“အကျဉ်းထောင်မှာရှိနေတဲ့ အကျဉ်းသား ၈၀% လောက်က ဆီးကျောက်တည်တွေ၊ ကျောက်ကပ်တွေ၊ ယားနားတာတွေ၊ ကျန်းမားရေး အခြေအနေတွေ မကောင်းကြတော့ဘူး။ ပြီးတော့ ရောဂါတွေဖြစ်ရင်လည်း ထောင်က ဆေးဝါးတွေလုံလောက်မပေးလို့ မိသားစုဝင်တွေက ပို့ပေးတာကိုလည်း သူတို့ခွင့်မပြုဘူး။ ရေတွေ၊ ဆေးတွေကို လုံလောက်မပေးဘူး။ လူမှာ အခွင့်အရေးရှိသလို အကျဉ်းသားမှာလည်း အခွင့်အရေးရှိတယ်။” ဟု JNPP မှ တာဝန်ရှိသူက ပြောသည်။
သောက်သုံးရေနှင့် ကျန်းမာရေးဆိုင်ရာ ဝန်ဆောင်မှုများကို လုံလောက်စွာမပေးဘဲ ကန့်သတ်ထားခြင်းသည် နိုင်ငံရေးအကျဉ်းသားများအပေါ် ဖိနှိပ်မှုတစ်ရပ်ဖြစ်ပြီး နောက်ထပ်နိုင်ငံရေးလှုပ်ရှားမှုများတွင် ပါဝင်လိုစိတ် မရှိလာစေရန် ဖိအားပေးနေသည့် စစ်ကော်မရှင်တို့၏ နည်းလမ်းတစ်ရပ်ဖြစ်ကြောင်း ဆက်ပြောသည်။
JNPP မှ အကျဉ်းထောင်များအတွင်း အကျဉ်းသားများအတွက် သန့်ရှင်းလုံလောက်သော သောက်သုံးရေ ရရှိစေရန်နှင့် လုံလောက်သည့် ကျန်းမာရေးစောင့်ရှောက်မှုများ ပေးအပ်ရန် သက်ဆိုင်ရာ အာဏာပိုင်များ အရေးတယူ ဆောင်ရွက်ပေးရန် တိုက်တွန်းထားသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) နှင့် မြန်မာ့အကျဉ်းထောင်သက်သေ (MPW) တို့ ပူးတွဲလုပ်ဆောင်သည့် သုသေတနအရ မြန်မာနိုင်ငံတစ်ဝန်း အကျဉ်းထောင် (၃၂) ထောင်၌ နိုင်ငံရေးအကျဉ်းသား သေဆုံးမှုသည် ၂၀၂၃ မှစ၍ သိသိသာမြင့်တက်လာနေပြီး သေဆုံးရသည့်အကြောင်းအရင်းသည် လုံလောက်သော ကျန်းမာရေးစောင့်ရှောက်မှုမရရှိခြင်းနှင့် ညှင်းပန်းနှိပ်စက်မှုများ သေဆုံးရခြင်းများပါဝင်ကြောင်းလည်း ဖော်ပြသည်။



