Thursday, March 12, 2026
More
    spot_img
    Homeသတင်းစက်သုံးဆီပြဿနာကြီးမားနေချိန် စစ်တပ်က နေ့စဉ်ဗုံးကြဲတိုက်ခိုက်နေ

    စက်သုံးဆီပြဿနာကြီးမားနေချိန် စစ်တပ်က နေ့စဉ်ဗုံးကြဲတိုက်ခိုက်နေ

    -

    အရှေ့အလယ်ပိုင်းဒေသရှိ စစ်ပွဲများကြောင့် မြန်မာနိုင်ငံတွင် စက်သုံးဆီ ပြဿနာကြီးမြင့်နေပြီး ပြည်သူများ ဆီပြတ်လပ်မှုအခြေအနေ ရင်ဆိုင်နေရသော်လည်း စစ်တပ်မှာ နေ့စဉ် လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်နေသည်။

    ပြည်တွင်းစျေးကွက်တွင် စက်သုံးဆီကို အကန့်အသတ်ဖြင့် ရောင်းချနေချိန်၊ ပြည်သူများ တိုးကျိတ်တန်းစီဝယ်ယူနေရချိန်တွင် စစ်တပ်က နိုင်ငံ့ဘဏ္ဍာဖြင့် Jet AA 1 လေယာဉ်ဆီများ မပြတ် ဝယ်ယူသုံးစွဲနေသည်။

    အချို့သော နယ်ဘက်များတွင် စက်သုံးဆီ လုံးဝပြတ်လပ်လုနီးပါးဖြစ်နေ၍ စျေးအဆမတန်ပင် ပေး၍ ဝယ်နေကြရသည်။

    ကရင်နီပြည်နယ် ဒီမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းတွင် စစ်ဘေးရှောင်များအတွက် ကူညီဆောင်ရွက်ပေးနေသူတစ်ဦးက “အခုနောက်ပိုင်း ဆီက မရတော့လို့ စစ်ဘေးရှောင်စခန်းတွေဆီ ရေတောင်ရောက်အောင်မပို့နိုင်တော့ဘူး”ဟု ဆိုသည်။

    သို့သော်လည်း စစ်တပ်က ကရင်နီပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်း၊ မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်းရှိ ကျေးရွာဒေသများသို့ ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည်ကို IMNA က အချက်အလက်ကောက်ယူခဲ့သည်။

    မတ်လ ၅ ရက်နေ့တွင် ကရင်နီပြည်နယ် ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC ၏ အမှတ် ၂ အကျဉ်းစခန်းကို လေကြောင်းမှ တိုက်ခိုက်ခဲ့မှုကြောင့် အမျိုးသမီး ၅ ဦး သေဆုံးခဲ့ရသည်။

    အလားတူ ကောလင်း၊ ဖားကန့်နှင့် ပုလဲမြို့နယ်ရှိ ကျေးရွာများသို့လည်း လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သားများသေဆုံးခဲ့ရသည်။

    စစ်ကိုင်းတိုင်း ပုလဲမြို့နယ်မှ စစ်ဘေးရှောင်အရေး ကူညီပေးနေသူ ကိုအောင်ကြီးက “ ကျွန်တော်တို့ဆီ ဒီမှာ အရင်ထဲက ဆီက စျေးကြီးပါတယ်ဆို။ အခုကဆီက ပိုက်ဆံရှိရင်တောင် များများစားစား ဝယ်မရတော့ဘူး။ ဒါပေမယ့် အကြမ်းဖက်စစ်တပ်ကြတော့ဗျာ သူတို့က နိုင်ငံတော်ငွေတွေနဲ့ သုံးနိုင်တယ်။ သူတို့မှာ လိုသလောက် ဝယ်လို့ရနေတယ်။ တရုတ်ကြီးကလည်း လိုအပ်ရင်ထောက်ပံ့မှာပဲ အဲ့တာကြောင့် ဗုံးကြဲမပြတ်တာလေ။ ကျွန်တော်တို့ပြည်သူတွေကတော့ပိုသတိထားရမှာပေါ့ အခုဆိုရင် ဗုံးကလည်းကြဲတယ် မြေပြင်စစ်ကြောင်းတွေလည်း ရှိတယ်။ အရင်လို ဆီမရလို့ တချို့ဆိုရင် ဆိုင်ကယ်နဲ့တောင်ပြေးမရတော့ဘူး။ ဒီလိုအခြေအနေတွေရှိတယ်”ဟု ဆိုသည်။

    မတ်လ အစောပိုင်းကာလအတွင်း ရုရှားနိုင်ငံပိုင် IL 76 ကုန်တင်လေယာဉ်များ နေပြည်တော်သို့ နှစ်ကြိမ်တိုင်ဆင်းသက်ခဲ့သလို ရေကြောင်းကုန်သွယ်ရေးများလည်း ရှိခဲ့ကြောင်း CDM စစ်တပ်အရာရှိများထံမှ သိရသည်။

    “လေယာဉ်ဆီကို ပြည်ပကမပို့နိုင်ရင်တောင် မန္တလေးက မန်းသံပုရာရေနံချက်စက်ရုံတို့ဘာတို့မှာ စစ်တပ်က ကိုယ်တိုင်ချက်လာတာ ကြာပြီ။ အာဏာမသိမ်းခင်ထဲကပဲ။လုံတော့ မလုံလောက်ဘူးပေါ့ အဓိက အားထားရတဲ့ စင်္ကာပူလမ်းကြောင်းက ပိတ်သွားတော့ ရုရှားကို အပူကပ်ရတယ်။ ရေကြောင်းကနေကျ နည်းနည်းလှမ်းတော့ လေကြောင်းကိုအဓိကထားသုံးနေတယ်။ ရေကြောင်းကနေလည်း လာနေတာတွေရှိတယ်” ဟု လေတပ် CDM အရာရှိက ပြောပြသည်။

    မြန်မာနိုင်ငံတွင် ရက်ပေါင်း (၄၀) စာ အရန်စက်သုံးဆီ ရှိနေကြောင်းနှင့် စက်သုံးဆီတင်သင်္ဘောများ ထပ်မံရောက်ရှိရန်ရှိကြောင်း စစ်ကော်မရှင်၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက မတ်လ ၄ ရက်တွင် ထုတ်ဖော်ပြောဆိုထားသည်။

    စစ်ရေးနယ်မြေနှင့် နီးစပ်သည့် ဒေသများမှ ပြည်သူများ စစ်တပ်၏ ပိတ်ဆို့မှုများကြောင့် စက်သုံးဆီပြတ်လပ်မှုဒဏ်ကို ရင်ဆိုင်နေရသည့်အပြင် စစ်တပ်၏ တိုက်ခိုက်မှုများကို ရှောင်ရှားနိုင်ရန်ပင် ခက်ခဲလာသည့်အခြေအနေများ ကြုံတွေ့နေကြရပေသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks