Thursday, March 12, 2026
More
    spot_img
    Homeသတင်းကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း စက်သုံးဆီတင်သွင်းနိုင်ခြင်းမရှိသဖြင့် တစ်လီတာကျပ် တစ်သောင်းကျော်မြင့်တက်

    ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း စက်သုံးဆီတင်သွင်းနိုင်ခြင်းမရှိသဖြင့် တစ်လီတာကျပ် တစ်သောင်းကျော်မြင့်တက်

    -

    ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးဒေသအတွင်းသို့ ဝင်ရောက်မည့်စက်သုံးဆီများကို စစ်ဆေးကန့်သတ်နေသဖြင့် ဆီပြတ်လပ်မှုဖြစ်ပေါ်နေပြီး၊ တစ်လီတာဈေးနှုန်း ၁ သောင်းကျော် အထိဖြစ်လာကြောင်း ဒေသခံများထံမှ သိရသည်။

    ကတုံးပေါ်ဆိပ်ကမ်းမှ ဓာတ်ဆီခွဲတမ်းများကို ယခင်ကနားလည်မှုဖြင့် ကြာအင်းဆိပ်ကြီးဘက် တင်သွင်းနေသာ်လည်း မွန်ပြည်နယ် ဆီခွဲတမ်းရရှိမှုခက်ခဲလာသည့်အပြင်  တော်လှန်ရေးတပ်ဖွဲ့များထံ စက်သုံးဆီမရောက်ရှိရေး စစ်ကော်မရှင်မှ ကန့်သတ်နေသဖြင့် ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ဆီပြတ်လပ်မှုဖြစ်နေကြောင်းလည်း သိရသည်။

    ကြာအင်းဆိပ်ကြီးမြို့တစ်ဝိုက်ရှိ ဆီဆိုင် ၆ ဆိုင်ထက်မနည်းဓာတ်ဆီပြတ်လပ်မှုကြောင့် ပိတ်ထားရဆဲဖြစ်ပြီ၊ လက်ကျန် ဓာတ်ဆီဆိုင်များမှ တစ်လီတာလျှင် ၈၀၀၀ ကျပ် မှ ၁၀၀၀၀ ကျပ်အထိ ဝယ်ယူအသုံးပြုနေရသည်ဟု  ဝေသာလီဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။

    ပုံ-ဒေသခံတစ်ဦး၏ လူမှုကွန်ရက် စာမျက်နှာ

    “ကျမတို့ဘက် ဆီဆိုင်ကြီး ၆ ဆိုင်လောက်ရှိတယ်အကုန်နီးပါးပြတ်လပ်ပါတယ်၊ မုဒုံကနေဝယ်လို့ရရင် နည်းနည်းထုတ်ရောင်းပေးတယ်၊ ဓာတ်ဆီပြတ်တာအဆိုးဆုံးပဲ အကုန်လုံးဆီသုံးစွဲရတော့ ကြာအင်းဆိပ်ကြီးကနေ ဘုရားသုံးဆူကို ပြေးဆွဲနေတဲ့ ကားဆို တစ်ဝက်လောက်တယ် တောင်ကလေးဘက်ကတော့ သွားလို့ရပေမဲ့ သွားဖူးနေကျမဟုတ်တော့လေ သူတို့စိမ်းနေတော့ ပိုခက်ခဲနေမလားပဲ” ဟုပြောသည်။

    အဘစ်စစ်ဆေးဂိတ်မှ ဖေဖော်ဝါရီပထမအပတ်မှစ၍ ကြာအင်းဆိပ်ကြီးသို့ စက်သုံးဆီတင်သွင်းခွင့် ကန့်သတ်ထားပြီး လက်ရှိတွင် စံပယ်ဂူတံတားမှတစ်ဆင့်မယ်တရိုဘက်သို့ စက်သုံးဆီတင်သယ်ယာဉ်များကိုလည်း ဖမ်းဆီးမှုလုပ်ဆောင်နေသည်ဟု ယာဉ်မောင်းတစ်ဦးကပြောပြသည်။

    “အဘစ်မှာကသူတို့မပေးတင်ဘူးမွန်ဘက်ဆီ မပေးသွားဘူး၊ ကရင်ပြည်နယ်ဆိုတော့ ရန်ကုန်ကဆီသွားရမှာ ဒါမဲ့ဆီတွေကို တော်လှန်ရေးအဖွဲ့ဆီ ရောက်သွားကုန်မှာစိုးလို့။ ဆီဆိုင်ကြီးတွေလည်းဆီမရနေဘူး ၊ ခါတိုင်းကတော့ မုဒုံကနေပဲခွဲတမ်းရနေတယ်။ ဒီနောက်ပိုင်းဆီသင်္ဘောမရောက်တဲ့အတွက်ကြောင့်နဲ့ သူတို့လည်း ဆီမခွဲပေးတော့ဘူး” ဟု ပြောသည်။

    အလားတူ မြဝတီမှတင်သွင်းသည့် စက်သုံးဆီကို အာထားနေရသည့် ကော့ကရိတ်မြို့နယ်တွင်လည်း ထိုင်းနိုင်ငံမှစက်သုံးဆီဝယ်ယူခွင့် ပိတ်လိုက်သည့်နောက် မော်လမြိုင်မှတစ်ဆင့် ရသည့်နည်းလမ်းဖြင့်တင်သွင်းဝယ်ယူနေရပြီး ဆီဈေးနှုန်းကြီးမြင့်နေခြင်းဖြစ်သည်ဟု ကော့ကရိတ် ဒေသခံတစ်ဦးကပြောသည်။

    “ဈေးကြီးတယ် မော်လမြိုင်သွားတဲ့ကားတွေကထုတ်ရောင်းရတယ်၊ အဲ့ကနေပဲဝယ်ရတယ်၊ ကော့ဘိန်းဆီဆိုင်ကြီးတွေဆိုရင် ပိတ်လိုက်ကုန်တယ် ဆိုင်ကယ်သွားလာနည်းတယ်၊ သုံးဘီးတွေလည်းသွားလာနည်းသွားတယ်။ မီးဖိုးချောင်းသုံးစားသောက်ကုန်တွေပဲဈေးတက်တယ်။ ပင်လယ်ကရတဲ့ငါးတွေ၊ပုစွန်တွေကတက်တယ် ပဲပြားတို့ဆိုလည်း ၅၀၀ တက်လာတယ်” ဟု ပြောသည်။

    စက်သုံးဆီရှားပါးမှုနှင့် ဈေးကြီးပေးဝယ်ရသည့်အတွက် မော်လမြိုင်-ကြာအင်းဆိပ်ကြီး ယာဉ်စီးခ ၁၂၀၀၀၀ ကျပ်အထိမြင့်တက်လာနေပြီး၊ ဘတ် ၁၀၀၀ ခန့်ကောက်ခံနေသည်ဟု ယာဉ်မောင်းတစ်ဦးက ပြောသည်။

    ယခုကဲ့သို့ဓာတ်ဆီသယ်ယူမှု၊ ရောင်းဝယ်မှုကန့်သတ်ခြင်းတို့ကြောင့် မှောင်ခိုဈေးကွက်ကို အာထားနေရပြီး၊ ဒေသခံပြည်သူများအပေါ်တွင်သာ အခြေခံလူတန်းစားများ အခက်အခဲပိုများစေသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks