မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းပြီးနောက် နိုင်ငံရေးမတည်ငြိမ်မှုများအပြင် စစ်မှုထမ်းဥပဒေကို အကောင်အထည်ဖော်ထားသဖြင့် ထိုင်းနိုင်ငံတွင် မြန်မာကျောင်းသားအရေအတွက် ၄ ဆကျော် မြင့်တက်လာကြောင်း “Student Migration from Myanmar to Thailand Following the 2021 Coup” အဖွဲ့၏ သုတေသနအစီရင်ခံစာ ဖော်ပြချက်အရ သိရသည်။
အဆိုပါသုတေသနအစီရင်ခံစာကို ဒေါက်တာ ညီညီကျော် (Dr. Nyi Nyi Kyaw, University of Bristol) နှင့် ဒေါက်တာ စီရာဒါ ခေမနစ်သထိုင်း (Dr. Sirada Khemanitthathai, Chiang Mai University) တို့က တွဲဖက်ပြုစုထားပြီး မတ် လ ၁၀ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

သုတေသနအဖွဲ့မှ ဖော်ပြထားချက်အရ စစ်အာဏာသိမ်းမှုမတိုင်ခင် ထိုင်းနိုင်ငံတွင် ပညာသင်ကြားနေသော မြန်မာတက္ကသိုလ်ကျောင်းသား အရေအတွက်သည် ခန့်မှန်းခြေ ၂,၈၀၀ ဦးဝန်းကျင်သာ ရှိခဲ့သော်လည်း၊ ၂၀၂၄ ခုနှစ်တွင် စုစုပေါင်း ၁၂,၀၀၀ ဦး ဝန်းကျင်အထိ တိုးလာခဲ့ကြောင်း တွေ့ရှိရသည်။
ယခင်က မြန်မာကျောင်းသားများသည် မြန်မာနိုင်ငံရှိ အစိုးရထိပ်တန်းတက္ကသိုလ်များသို့ဝင်ခွင့်လျှောက်ပြီး ရွေးချယ်တက်ရောက်လေ့ရှိခဲ့သော်လည်း လက်ရှိတွင် ဘန်ကောက်မြို့အနီးတစ်ဝိုက်ရှိ ပုဂ္ဂလိကတက္ကသိုလ်များတွင် အများစုရောက်ရှိနေသည်။
မြန်မာကျောင်းသားများ ထိုင်းနိုင်ငံသို့ ပညာသင်ရန် ရွှေ့ပြောင်းရောက်ရှိလာခြင်းသည် အဓိက လှိုင်းသုံးလှိုင်းကြောင့် ဖြစ်သည်ဟု ဆိုသည်။
စစ်အာဏာသိမ်းပြီးနောက် နိုင်ငံရေးဖိအားနှင့် ဖိနှိပ်မှုများ၊ မြန်မာနိုင်ငံအတွင်း ပညာရေးစနစ်ဆုတ်ယုတ်လာမှုကြောင့် ပြည်ပပညာရေးစနစ်ကို ရွေးချယ်လိုခြင်းနှင့် စစ်တပ်က စစ်မှုထမ်းဥပဒေကို အကောင်အထည်ဖော်လာခြင်းကြောင့် လူငယ်များ အတင်းအကြပ် စစ်မှုထမ်းခြင်းမှ ရှောင်ရှားရန် ပြည်ပနိုင်ငံသို့ ထွက်ခွာလာခြင်း ဖြစ်သည်ဟု ဖော်ပြသည်။
ထိုင်းနိုင်ငံအတွင်း ပညာသင်ကြားရန် ရွေးချယ်လာရသည့် အကြောင်းအရင်းသည်လည်း ကျောင်းစရိတ်၊ သင်တန်းကြေးနှင့် နေထိုင်မှုကုန်ကျစရိတ် သက်သာခြင်း၊ ဗီဇာလုပ်ထုံးလုပ်နည်းများ ရိုးရှင်းခြင်းနှင့် နှစ်နိုင်ငံယဉ်ကျေးမှုအရနီးစပ်ခြင်းတို့ ဖြစ်သည်ဟုလည်းဆိုသည်။
လာမည့်ပညာသင်နှစ်များတွင်လည်း ထိုင်းနိုင်ငံအတွင်းသို့ မြန်မာကျောင်းသား အရေအတွက် ၁၇,၀၀၀ ဦးဝန်းကျင်အထိ ရောက်ရှိနိုင်ကြောင်းလည်း သုတေသနအဖွဲ့မှ ခန့်မှန်းထားသည်။
ထိုင်းနိုင်ငံတွင် ပညာသင်ကြားနေသည့် မြန်မာကျောင်းသားများအနေဖြင့်လည်း ရက် ၉၀ တစ်ကြိမ် လူဝင်မှုကြီးကြပ်ရေးသို့ သတင်းပို့ရသည့် စည်းမျဉ်းများ၊ အချိန်ပိုင်း အလုပ်လုပ်ခွင့် မပေးသည့်ကန့်သတ်ချက်များ၊ တက္ကသိုလ်ဝန်ထမ်းအချို့နှင့် ဘာသာစကားဆိုင်ရာ အတားအဆီးများနှင့် အာဏာပိုင်အချို့မှ ခွဲခြားဆက်ဆံမှုများနှင့် ရင်ဆိုင်နေရသည်။
ထိုကြောင့် ထိုင်းအစိုးရအနေဖြင့် ဗီဇာစနစ်ကို ဒစ်ဂျစ်တယ်စနစ်အဖြစ်သို့ အပြည့်အဝပြောင်းလဲရန်၊ ခွဲခြားဆက်ဆံမှုများ လျှော့ချရန်နှင့် နိုင်ငံတကာကျောင်းသားများကို အချိန်ပိုင်းအလုပ်လုပ်ခွင့် ပေးနိုင်ရေး စဉ်းစားသင့်ကြောင်းလည်း တိုက်တွန်းထားသည်။
မြန်မာကျောင်းသားများ နိုင်ငံခြားသို့ ရွှေ့ပြောင်းပညာသင်ကြားနေရခြင်းသည် မြန်မာနိုင်ငံအတွက် ကြီးမားသည့် ပညာတတ်လူ့အရင်းအမြစ် ဆုံးရှုံးမှု “Brain Drain”တစ်ခု ဖြစ်ကြောင်း သုတေသနက ထောက်ပြထားသည်။
သုတေသနစစ်တမ်းတွင် ပါဝင်ဖြေကြားခဲ့သော ကျောင်းသားများအနက် ၁၂.၇ ရာခိုင်နှုန်းကသာ ဘွဲ့ရပြီးနောက် ချက်ချင်း မြန်မာနိုင်ငံသို့ ပြန်သွားရန် အစီအစဉ်ရှိသည်။
ကျန်ရှိသည့် ကျောင်းသားအများစုမှာ ထိုင်းနိုင်ငံတွင် အလုပ်လုပ်ရန် ဆက်လက်နေထိုင်လိုကြပြီး အချို့မှာ ထိုင်းနိုင်ငံမှတဆင့် တတိယနိုင်ငံသို့ သွားရောက်ရန် အစီအစဉ်ရှိနေကြကြောင်းဆိုသည်။
ယခုကဲ့သို့ မြန်မာလူငယ်ကျောင်းသားများ ပြည်ပသို့ ဆက်လက်ရွှေ့ပြောင်းမှု ထပ်များလာပါက အနာဂတ်နှစ်များတွင် မြန်မာနိုင်ငံအတွင်း ကျွမ်းကျင်လုပ်သားများ၊ ပညာရှင်များ လိုအပ်ချက် ပိုမိုမြင့်မားလာနိုင်ကြောင်း သုတေသနမှ သတိပေးဖော်ပြထားသည်။
“Student Migration from Myanmar to Thailand Following the 2021 Coup” ဟူသော သုတေသနစာတမ်းကို ဂျာမနီအခြေစိုက် Hanns Seidel Foundation အဖွဲ့၏ ထောက်ပံ့မှုဖြင့် ပြုစုထားခြင်းဖြစ်ပြီး ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း နိုင်ငံရေးနှင့် ပညာရေးဆိုင်ရာ အခြေအနေများ ပေါင်းစပ်ဖော်ပြထားသည်ဟု သိရသည်။
ကိုးကား-Thai PBS World



