Thursday, March 12, 2026
More
    spot_img
    Homeသတင်းကတုံးပေါ်ရွာ မီးဘေးသင့်ပြည်သူများ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို မိမိတို့ဆန္ဒအတိုင်း လုပ်ဆောင်လိုဟုဆို

    ကတုံးပေါ်ရွာ မီးဘေးသင့်ပြည်သူများ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို မိမိတို့ဆန္ဒအတိုင်း လုပ်ဆောင်လိုဟုဆို

    -

    မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကတုံးပေါ်ကျေးရွာရှိ မီးဘေးသင့်ပြည်သူများ သက်ဆိုင်ရာအလှုရှင်များ၏ အလှုငွေဖြင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို မိမိတို့ဆန္ဒအတိုင်း လုပ်ဆောင်လိုကြောင်း IMNA သို့ ပြောကြားသည်။

    ကတုံးပေါ်ကျေးရွာတွင် ပြီးခဲ့သည့် ဇန်နဝါရီလ ၈ ရက်နေ့က ပေါ့ဆမှုကြောင့် မီးလောင်မှုဖြစ်ပွားခဲ့ပြီး နေအိမ်ပေါင်း ၅၇ လုံး မီးလောင်ပြာကျကာ လူဦးရေ စုစုပေါင်း ၂၁၃ ဦးတို့ မီးဘေးသင့်ခဲ့ရသည်။

    မီးဘေးသင့်ချိန်မှစ၍ ပြည်တွင်း၊ ပြည်ပအလှုရှင်များက ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်အတွက် လာရောက်ကူညီထောက်ပံ့ပေးနေပြီး ကျေးရွာအုပ်ချူပ်ရေးအဖွဲ့နှင့် ရွာဦးဘုန်းကြီးကျောင်းတွင် အလှုငွေစုစုပေါင်း သိန်းသုံးထောင်ကျော် ရရှိထားကြောင်း ဒေသခံများက ပြောသည်။

    အဆိုပါအလှုငွေများကို ကျေးရွာအုပ်ချူပ်ရေးအဖွဲ့နှင့် ရွာဦးဘုန်းကြီးကျောင်းမှ ထိန်းသိမ်းထားပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ပွင့်လင်းမြင်သာမှုမရှိဘဲ ၎င်းတို့အစီအစဉ်အတိုင်းသာ ဆောင်ရွက်နေသဖြင့် မီးဘေးသင့်ဒေသခံအများစု ကျေနပ်မှုမရှိနေကြောင်း ကတုံးပေါ်ရွာဒေသခံတစ်ဦးက ဆိုသည်။

    “အဲငွေတွေက အုပ်ချူပ်ရေးမှုးနဲ့ ရွာဦးကျောင်းဆရာတော်မှာပဲ ရှိနေတာ။ ဟိုလူသိန်း ၅၀၊ ဒီလူသိန်း ၁၀၀ နဲ့ စုစုပေါင်း သိန်းပေါင်းသုံးထောင်အထက် ရှိနေတယ်၊ အဲဒီရွာဦးကျောင်းမှာ။ မီးဘေးသင့်ပြည်သူတွေကိုတော့ အခုထိ မခွဲပေးသေးဘူး။ အလှုရှင်တွေလှုထားတဲ့ခြံမှာလည်း နေအိမ်ဆောက်ပေးမယ်လို့ ပြောသေးတယ်။ ပြည်သူတွေက ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဆောက်ချင်တာ ” ဟု အထက်ပါ ဒေသခံကပြောသည်။

    ၎င်းအပြင် အလှုရှင်များမှ လှုဒါန်းထားသည့်  ခြံကွက်များပေါ်တွင် ကျောက်ပြားကာနေအိမ်များ ဆောက်လုပ်ပေးမည့် အုပ်ချုပ်ရေးမှုးအဖွဲ့၏ အစီအစဉ်ကို အိမ်ထောင်စု ၁၅ စုခန့်သာလက်ခံပြီး လက်မခံသူ မီးဘေးသင့်ဒေသခံအချို့ ကိုယ့်နည်းကိုယ့်ဟန်ဖြင့် နေအိမ်ဆောက်လုပ်နေသူများလည်းရှိကြောင်း ဆက်ပြောသည်။

    မီးဘေးသင့်ပြည်သူများအတွက် အလှူရှင်များ လာရောက်လှူဒါန်းထားသည့် ငွေများကို အုပ်ချူပ်ရေးမှုးးအဖွဲ့နှင့် ရွာဦးကျောင်းဆရာတော်မှ  ထိန်းသိမ်းပေးထားကြောင်း၊ မီးဘေးသင့်ပြည်သူများ၏ ပြန်လည်ထူထောင်ရေးလုပ်ငန်းတစ်ခုတည်းအတွက်သာ အသုံးပြုနေသည်ဟု ကတုံးပေါ်ကျေးရွာအုပ်ချူပ်ရေးမှုးက ပြောသည်။

    “သူတို့အတွက် အလှုငွေက တစ်အိမ်ကို သိန်း ၁၂၀ ကျော်ပေါ့လေ။ ကျနော်တို့ကတော့ အဲဒီခြံကွက်မှာ သပ်သပ်ရပ်ရပ်လေးနဲ့ တစ်ပြေညီဖြစ်အောင်လို့ အခုလို စီစဉ်ပေးတာပါ။ ရွာကဆရာတော်နဲ့ တိုင်ပင်ပြီးတော့မှ လုပ်တာပါ။ အဲဒါကို မကြိုက်ကြဘူး။ ၁၅ အိမ်လောက်ပဲ သဘောတူလို့၊ အဲဒီ ၁၅ အိမ်ကိုပဲ သံအိမ်တွေ ဆောက်ပေးနေတာ။ ကျန်တာက သူတို့ဟာသူတို့ အရင်မီးလောင်တဲ့နေရာမှာ ဆောက်နေကြတာ။ ကျနော်တို့လည်း ဘာမှမပြောပါဘူး” ဟု ဆိုသည်။

    နေအိမ်ဆောက်လုပ်ရန် ပြင်ဆင်ဆောင်ရွက်ထားပြီးဖြစ်သည့်အတွက် လက်မခံသူဒေသခံများအတွက် အလှုငွေများကို ခွဲဝေပေးရန် အစီအစဉ် မရှိကြောင်းလည်းဆိုသည်။

    အုပ်ချူပ်ရေးမှုးအဖွဲ့၏ နေအိမ်ဆောက်လုပ်ရေး အစီအစဉ်တွင် နေအိမ်တစ်လုံးသိန်း ၉၀ ကျပ်တန်ဖိုးဖြင့် သတ်မှတ်ဆောက်လုပ်ပေးနေပြီး အဆိုပါ ကုန်ကျစရိတ်ကိုလည်း မီးဘေးသင့်ဒေသခံများက အယုံကြည်မရှိနေကြောင်းလည်း ဒေသခံများကဆိုသည်။

    ကတုံးပေါ်ရွာ မီးလောင်မှုဖြစ်ပွားပြီးနောက် ဒေသခံပြည်သူများ၏ အရေးပေါ်အကူအညီများကို ကျေးရွာအခြေစိုက်လူမှုကူညီရေးအသင်းများ၊ နိုင်ငံရေးပါတီများနှင့် မော်လမြိုင်အခြေစိုက် လူမှုကယ်ဆယ်ရေးအဖွဲ့ ၇ ဖွဲ့မှလည်း အကူအညီပေးဆောင်ခဲ့ကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks