ခေတ်သစ်လူ့အဖွဲ့အစည်းတွင် အလှအပပြုပြင်ရေးဆေးခန်းများမှာ အများပြည်သူနှင့် မစိမ်းတော့ပေ။ တရုတ်၊ ကိုရီးယား၊ ဂျပန်နှင့် ထိုင်းကဲ့သို့သော နိုင်ငံများတွင် လွန်ခဲ့သည့် ဆယ်စုနှစ်များက စတင်လူသိများခဲ့ကြသော်လည်း ယခုအခါ မြန်မာနိုင်ငံတွင်ပင် အလှအပပြုပြင်ရေးဆေးခန်းများ အပြိုင်အဆိုင် ပေါ်ပေါက်လာသည်။
မြန်မာနိုင်ငံတွင် တရားဝင်လိုင်စင်ရရှိထားပြီး ဆေးဘက်ဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ လည်ပတ်နေသည့် ဆေးခန်းများစွာ ရှိပြီး အခြားတဘက်တွင်လည်း လိုင်စင်မရှိဘဲ ခွဲစိတ်ကုသမှုအထိ လုပ်ဆောင်နေကြသည့် ဆေးခန်းလည်း များစွားရှိနေသည်။
နှာခေါင်းခွဲစိတ်ပြုပြင်ခြင်း၊ ကြိုးထိုးခြင်း၊ အသားဖြူဆေးသွင်းခြင်းမှစ၍ လိင်အင်္ဂါများအထိပါ ခွဲစိတ်ကုသမှုများကို အလှအပဆေးပေးခန်းများတွင် ခွဲစိတ်မှုများ လုပ်ဆောင်လာကြပြီး အလွန်အန္တရာယ်ရှိကြောင်း ဆရာဝန်များက သတိပေးထောက်ပြကြသည်။

အထွေထွေရောဂါကု ဆရာဝန် ဒေါက်တာ အောင်စိန်က “ခွဲစိတ်တယ်ဆိုတာက အရမ်းကို အရေးကြီးတယ်။ ခွဲစိတ်ခန်းသုံးပစ္စည်းတွေဆိုတာ ပိုးသတ်ထားရတယ်။ အခန်းကစပြီး အားလုံးကို ပိုးသတ်ထားတဲ့အခန်း ဖြစ်ရမယ်။ ဒီလိုမှ မဟုတ်ဘဲ ဟော်တယ်မှာ ချိန်းပြီး ခွဲစိတ်တာတို့၊ သာမာန်ဆေးခန်းတွေမှာပဲ ခွဲစိတ်လိုက်တာတို့ ဒါတွေက ပိုးဝင်ဖို့အတော်ကို ဖြစ်နိုင်ချေများသွားပါတယ်။ တော်တော်လေးအန္တရာယ်ရှိတယ်” ဟု ထောက်ပြသည်။
ထို့ပြင် အဆိုပါဆေးခန်းများတွင် အသုံးပြုနေသည့် ဆေးအမျိုးအစားများမှာလည်း ပြည်တွင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဌာန (FDA) လက်မှတ် ရထားရှိထားခြင်း ရှိ၊ မရှိကိုပင် မသိနိုင်သည့် အခြေအနေ ဖြစ်သည်။
ပြီးခဲ့သည့် ရက်ပိုင်းကပင် မြန်မာနိုင်ငံသား နှစ်ဦး လိုင်စင်မရှိဘဲ အလှအပဆိုင်ရာ ဆေးကုသမှု လုပ်ဆောင်ခဲ့သည်ဆိုသည့် စွပ်စွဲချက်ဖြင့် ဂျပန်နိုင်ငံတွင် ဖမ်းဆီးခံခဲ့ရသည့်ဖြစ်စဉ် ရှိခဲ့သည်။
ထိုအမျိုးသားနှစ်ဦးသည် ဂျပန်နှင့် မြန်မာနိုင်ငံကို သွားလာနေသူများဖြစ်ကြပြီး မြန်မာနိုင်ငံတွင်လည်း အလှအပဆေးခန်း ဖွင့်ထားကြသူများ ဖြစ်သည်။
“ကျွန်တော်တို့မြင်တွေ့ရသလောက် ဒီပြဿနာတွေကို ၂၀၂၃ လောက်မှာ စပြီး တွေ့လာရတာ။ အလှအပပြုပြင်ဆေးခန်းတွေ ပေါ်လာတယ်။ တချို့က ဆရာဝန်တွေမဟုတ်ဘူး နိုင်ငံခြားမှာ ဒီအလှအပနဲ့ဆိုင်တဲ့ စက်တွေအသုံးပြုတာကို သီးသန့်သွားသင်လာပြီး ပြည်တွင်းမှာ ဆိုင်ပြန်ဖွင့်ကြတယ်။ ဆေးဘက်ဆိုင်ရာကို တကယ်နားလည်လို့ မဟုတ်ဘူး။ တချို့ကျတော့ ဘာလုပ်လည်းဆိုရင် အွန်လိုင်းကနေချိန်းတယ် ဟော်တယ်ကို။ အဲဒီမှာ ခွဲဖို့၊ ကြိုးထိုးဖို့ဆိုတဲ့ဟာတွေကို သွားလုပ်ကြတယ်။ ဒါတွေက ဘာကိုပြနေလဲဆိုရင် ကျန်းမာရေးပိုင်းမှာရော အုပ်ချုပ်ရေးပိုင်းမှာရော လုံးဝပျက်သွားပြီပဲ” ဟု CDM ဆရာဝန် ဒေါက်တာရှိန်က ဆိုသည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင်လည်း ရန်ကုန်မြို့၊ သင်္ကန်းကျွန်းမြို့နယ်ရှိ အလှအပဆေးပန်းခန်းတစ်ခုတွင် အဆီစုပ်ထုတ်သည့် ကုသမှု ခံယူခဲ့သူ အသက် ၂၇ နှစ်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးခဲ့သည့်ဖြစ်စဉ်တခုလည်း ဖြစ်ပွားခဲ့သည်။
မေ့ဆေးအလွန်အကျွံပေးမိရာကနေ သေဆုံးခဲ့မှုဖြစ်ပွားခဲ့ပြီး ဆေးခန်းဘက်မှ အလောင်းဖျောက်ခဲ့သော်လည်း မှုခင်းရဲဘက်က ဖော်ထုတ်နိုင်ခဲ့ခြင်းဖြစ်သည်။
“သတိထားရမှာတွေက အများကြီးပဲ ဆေးတွေက ဘယ်နိုင်ငံကလာသလဲ။ ဘယ်လောက်စိတ်ချရလဲ။ ဘယ်လောက်စမ်းသပ်ထားပြီလဲဆိုတာရှိတယ်။ တကယ်တော့ မေ့ဆေးဆိုတာကတောင် လူတိုင်းက ထိုးပေးရမယ့် အခြေအနေမဟုတ်ဘူး။ ဒါကို တကယ့်ဆရာဝန်အစစ်တွေပဲသိတယ်”ဟု ဒေါက်တာ အောင်စိန်က ဆက်ပြောသည်။
အလှအပဆေးပေးခန်းများတွင် ပြုပြင်ပြီး နောက်ဆက်တွဲ ဆိုးကျိုးများအနေဖြင့် မျက်စိပိတ်မရခြင်း၊ မျက်နှာများ ဖောင်းရောင်လာခြင်းအပြင် များစွာသော ဖြစ်စဉ်များ ရှိနေသေးပြီး အချို့ဆေးခန်းပိုင်ရှင်များက သင်တန်းပေးခြင်းများပင် လုပ်ဆောင်နေကြသည်။
စစ်တပ်ကလည်း ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းဆိုင်ရာ ဥပဒေကို ပြင်ဆင်လိုက်ပြီး ဥပဒေ ပုဒ်မ ၃၁ တွင် မည်သူမဆို ပုဂ္ဂလိက ပြင်ပလူနာခွဲစိတ်ကုသရေးလုပ်ငန်းကို လိုင်စင်မရှိဘဲ လုပ်ကိုင်ပါက အနည်းဆုံးထောင်ဒဏ် တနှစ်မှ အများဆုံး ထောင်ဒဏ် ငါးနှစ်အထိ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း ပြင်ဆင်ပြဌာန်လိုက်သည်။
သို့သော်လည်း မြေပြင်မှာ အလှအပဆေးခန်းများ အထိန်းအကွပ်မဲနေဆဲဖြစ်ပြီး စစ်တပ်ဘက်က ကိုင်တွယ်နိုင်ခြင်းမရှိပဲဘူးလို့ ဆရာဝန်တို့က ထောက်ပြကြသည်။



