ဟော်မုဇ်ရေလမ်းကြောင်းအနီးတွင် ထိုင်းကုန်တင်သင်္ဘောတစ်စင်း တိုက်ခိုက်ခံခဲ့ရပြီး ပေါက်ကွဲမှုနှင့်အတူ မီးလောင်မှုဖြစ်ပွားခဲ့ပြီး သင်္ဘောသားများ သင်္ဘောမှ စွန့်ခွာထွက်ပြေးခဲ့ရကြောင်း ထိုင်းတော်ဝင်ရေတပ်က ယနေ့ မတ်လ ၁၁ ရက်နေ့တွင် ထုတ်ပြန်ပြောကြားသည်။
ထိုင်းအခြေစိုက် ပရီရှပ်စ် ရှစ်ပင်း (Precious Shipping) ကုမ္မဏီမှ မယူရီ နာရီ (Mayuree Naree) အမည်ရှိ ကုန်တင်သင်္ဘောသည် ယူအေအီးနိုင်ငံရှိ ခါလီဖာဆိပ်ကမ်း (Khalifa Port) အနီးမှ ထိုင်းစံတော်ချိန် မနက် ၃ နာရီခန့်တွင် ထွက်ခွာခဲ့ပြီး သင်္ဘောသည် Oman (အိုမန်နိုင်ငံ) အနီးရှိ ပင်လယ်ပြင်သို့မောင်းနှင်ဖြတ်သန်းနေစဉ် ယနေ့နံနက် ၁၁ နာရီ ၁၀ မိနစ်ခန့်တွင် အမည်မသိ လက်နက်တစ်မျိုးဖြင့် နှစ်ကြိမ်ထိမှန် တိုက်ခိုက်ခံခဲ့ရသည်ဟု ဆိုသည်။
တိုက်ခိုက်ခံရမှုကြောင့် သင်္ဘောအနောက်ပိုင်းနှင့် အင်ဂျင်ခန်းတစ်ဝိုက် ပေါက်ကွဲခဲ့ပြီး သင်္ဘောကိုယ်ထည်အတွင်း၌လည်း မီးလောင်းမှုများ ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

ထိုင်းတော်ဝင်ရေတပ် (Maritime Traffic and Maritime Security Operations Centre)၏ အဆိုအရ အဆိုပါသင်္ဘောပေါ်တွင် ထိုင်းနိုင်ငံသား သင်္ဘောသား ၂၃ ဦး လိုက်ပါနေခဲ့ပြီး အရေးပေါ်အခြေအနေကြောင့် သင်္ဘောသား ၂၀ ဦးသည် အသက်ကယ်လှေများဖြင့် သင်္ဘောမှ ထွက်ခွာနိုင်ခဲ့ပြီး ၃ ဦးမှာ သင်္ဘောပေါ်တွင် ကျန်နေခဲ့ကြောင်း သိရသည်။
ထွက်ပြေးလာသူ သင်္ဘောသား ၂၀ ဦးကို ကယ်ဆယ်နိုင်ခဲ့ပြီး အိုမန်တော်ဝင်ရေတပ် (Royal Navy of Oman)မှKhasab (ခာဆပ်မြို့) သို့ လုံခြုံစွာ ပို့ဆောင်ခဲ့သည်။
သို့သော် သင်္ဘောပေါ်ကျန်ရှိနေသူ ၃ ဦးကို ကူညီကယ်ဆယ်နိုင်ရေး ဆောင်ရွက်မှုများ ဆက်လက်ပြုလုပ်နေကြောင်း သိရသည်။
ထိုင်းတော်ဝင်ရေတပ်က ပြောကြားရာတွင် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများကို ထောက်ပံ့နိုင်ရန် ဘာရိန်းနိုင်ငံအခြေစိုက် ကွန်ဘိုင်းဒ် မေရိုင်းတိုင်း ဖို့စ် (Combined Maritime Forces) နှင့်အတူ ဘာရိန်း၊ United Arab Emirates (ယူအေအီး) နှင့် Oman (အိုမန်) နိုင်ငံများရှိ ထိုင်းသံရုံးများနှင့် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်နေကြောင်း သိရသည်။
ထို့ပြင် ရေကြောင်းလုံခြုံရေးနှင့် ကယ်ဆယ်ရေးဆောင်ရွက်မှုများကို ညှိနှိုင်းကူညီရန် United Kingdom Maritime Trade Operations (ယူနိုက်တက်ကင်းဒမ်း မေရိုင်းတိုင်း ကုန်သွယ်ရေး လုပ်ငန်းဆောင်ရွက်မှုဌာန) ထံမှလည်း အကူအညီ တောင်းခံထားကြောင်း ဖော်ပြထားသည်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန လက်အောက်ရှိ Department of Consular Affairs Thailand (ကောင်စစ်ရေးရာဌာန) နှင့် Marine Department Thailand (ရေကြောင်းဌာန) အပါအဝင် ထိုင်းအာဏာပိုင်များသည် ရေတပ်နှင့် ပူးပေါင်းကာ သင်္ဘောသားများကို ကူညီပံ့ပိုးပေးခြင်းနှင့် ထိုင်းနိုင်ငံသို့ လုံခြုံစွာ ပြန်လည်ရောက်ရှိစေရန် ဆောင်ရွက်နေကြောင်း သိရသည်။
အာဏာပိုင်များ၏ ပြောကြားချက်အရ ယခုတိုက်ခိုက်မှုနှင့် ပတ်သက်၍ အသုံးပြုခဲ့သည့် လက်နက်အမျိုးအစားနှင့် တိုက်ခိုက်မှုတွင် ပါဝင်ပတ်သက်သူများကို စုံစမ်းစစ်ဆေးမှုများ ဆက်လက်ပြုလုပ်နေကြောင်း သိရသည်။
ကိုးကား- Khasod English



