Wednesday, March 11, 2026
More
    spot_img
    Homeသတင်းလောင်စာဆီအသုံးပြုမှုချွေတာနိုင်ရေး  စက်သုံးဆီဆိုင်များကို ည ၁၀ နာရီအထိသာ ဖွင့်လှစ်ခွင့်ပြုရန် ထိုင်းအစိုးရစီစဉ်

    လောင်စာဆီအသုံးပြုမှုချွေတာနိုင်ရေး  စက်သုံးဆီဆိုင်များကို ည ၁၀ နာရီအထိသာ ဖွင့်လှစ်ခွင့်ပြုရန် ထိုင်းအစိုးရစီစဉ်

    -

    ကမ္ဘာ့လောင်စာဆီများ တင်သွင်းရန် ခက်ခဲနေသည့် အခြေအနေတွင် လောင်စာဆီအသုံးပြုမှုကို ထိန်းချုပ်နိုင်ရန် တစ်နိုင်ငံလုံးရှိ စက်သုံးဆီအရောင်းဆိုင်များကို ည ၁၀ နာရီအထိသာ ဖွင့်လှစ်ခွင့်ပြုရန် ထိုင်းအစိုးရက စီစဉ်နေကြောင်း သိရသည်။

    ထိုင်းနိုင်ငံ၏ လတ်တလောလောင်စာဆီအသုံးပြုမှုနှင့် စွမ်းအင်သုံးစွဲမှုကို လျှော့ချရန် ထိုင်းအစိုးရဌာနများနှင့် နိုင်ငံပိုင်လုပ်ငန်းများအတွက် စွမ်းအင်ချွေတာရေး အချက် ၆ ချက်ပါ အစီအစဉ်တစ်ရပ်ကို ထိုင်းအစိုးရက ချမှတ်ခဲ့သည်ဟု သိရသည်။

    စွမ်းအင်ချွေတာရေးအစီအစဉ်များအရ ထိုင်းနိုင်ငံတစ်ခုလုံးတွင် အဝေးပြေးလမ်းမကြီးများပေါ်ရှိ ဆီဆိုင်များမှ လွဲ၍ ကျန်ဆီဆိုင်များကို ည ၁၀ နာရီအထိသာ ဖွင့်လှစ်ခွင့်ပြုရန်၊ အစိုးရဌာနများနှင့် နိုင်ငံပိုင်လုပ်ငန်းများတွင် လေအေးပေးစက်များကို ၂၆ မှ ၂၇ ဒီဂရီ စင်တီဂရိတ်အတွင်း သတ်မှတ်ထားပြီး အခမ်းအနားများမှ လွဲ၍ ဝတ်စုံအပြည့် (Suit and Tie) ဝတ်ဆင်ခြင်းထက် လက်တိုရှပ်အင်္ကျီများ ဝတ်ဆင်ရန် ထိုင်းအစိုးရက စီစဉ်လျှက်ရှိသည်။

    ၎င်းအပြင် မလိုအပ်ဘဲ မီးများနှင့် လျှပ်စစ်ပစ္စည်းများကို ပိတ်ထားရန်နှင့် ကွန်ပျူတာများတွင် Energy Saver Mode ကို အသုံးပြုရန် အချက်များလည်း ပါဝင်သည်။

    အဆောက်အဦးအတွင်း အထပ်အနည်းငယ်သာ တက်ရမည့်အခါ ဓာတ်လှေကားအစား လှေကားကို အသုံးပြုရန်၊ စက္ကူသုံးစွဲမှု လျှော့ချပြီး အီလက်ထရွန်နစ်စနစ် (e-document) ကို ပြောင်းလဲအသုံးပြုရန်၊ အွန်လိုင်းအစည်းအဝေးများ ပြုလုပ်ရန်နှင့် အိမ်တွေနေ၍ အလုပ်လုပ်ခြင်း (Work From Home – WFH) စနစ်ကို ပိုမိုအသုံးပြုရန်အတွက် စီစဉ်နေသည်။

    စွမ်းအင်လိုအပ်ချက်အခြေအနေ ပိုမိုဆိုးရွားလာပါက စီးပွားရေးလုပ်ငန်းများနှင့် ရုပ်ရှင်ရုံများ၏ ဆိုင်းဘုတ်မီးများကို ည ၁၀ နာရီနောက်ပိုင်း ပိတ်ထားရန်  ချမှတ်သွားမည်ဖြစ်သည်။

    ကမ္ဘာ့စွမ်းအင်ဈေးနှုန်း မတည်ငြိမ်မှုများကြောင့် စီးပွားရေးနှင့် ပြည်သူများ၏ လူမှုဘဝအသုံးစရိတ်များအပေါ် သက်ရောက်မှုကို လျော့ပါးစေရန်အတွက် စွမ်းအင်ဝန်ကြီးဌာနက တင်ပြလာသော အများပြည်သူကဏ္ဍ စွမ်းအင်အသုံးပြုမှု လျှော့ချရေး လမ်းညွှန်ချက်များကို အစိုးရအဖွဲ့က လက်ခံအသိအမှတ်ပြုထားကြောင်း ထိုင်းအစိုးရ၏ ဒုတိယပြောရေးဆိုခွင့်ရှိသူ အိုင်ရင် ဖန်ရစ်က မတ်လ ၁၀ ရက်တွင် ထိုင်းသတင်းမီဒီယာများကို ပြောကြားထားသည်။

    ထိုင်းနိုင်ငံတွင် စက်သုံးဆီသုံးစွဲမှုကို ၅ ရာခိုင်နှုန်း လျှော့ချနိုင်ပါက တစ်လလျှင် ဘတ် ၁၀ သန်းကျော် (လီတာ ၃ သိန်းကျော်) ခန့် ချွေတာနိုင်မည်ဖြစ်ပြီး လျှပ်စစ်သုံးစွဲမှုကို ၅ ရာခိုင်နှုန်း လျှော့ချနိုင်ပါက တစ်လလျှင် စွမ်းအင်ယူနစ် ၃၁ သန်းခန့် ချွေတာနိုင်မည်ဟု ခန့်မှန်းထားသည်။

    ထိုင်းနိုင်ငံ၏  လောင်စာလိုအပ်ချက်သည် အရှေ့အလယ်ပိုင်းဒေသမှ ရေနံစိမ်း တင်သွင်းမှုအပေါ်များစွာ မှီခိုနေပြီး နိုင်ငံတစ်ဝှမ်းတစ်ရက်လျှင် ပျမ်းမျှ လောင်စာ လီတာ ၁၂၄ သန်းခန့် အသုံးပြုနေကြောင်းလည်း သိရသည်။

    ကိုးကား-The Nation Thailand

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks