Wednesday, March 11, 2026
More
    spot_img
    Homeသတင်းဖမ်းဆီးမှုစတင်တော့မည့် စစ်ကော်မရှင်၏ စုံ/မ စနစ်ကို ယာဉ်စီးနင်းအသုံးပြုသူအများစု နားမလည်

    ဖမ်းဆီးမှုစတင်တော့မည့် စစ်ကော်မရှင်၏ စုံ/မ စနစ်ကို ယာဉ်စီးနင်းအသုံးပြုသူအများစု နားမလည်

    -

    စစ်ကော်မရှင်မှ စုံ/မ စနစ် ပညာပေးရေးကာလအဖြစ် မတ်လ ၇ ရက်နေ့မှ ၁၃ ရက်နေ့အတွင်း သတ်မှတ်ထားစဉ် ပညာပေးခြင်းတစ်စုံတစ်ရာ မလုပ်ဆောင်သဖြင့် ယာဉ်စီးနင်းအသုံးပြုသူမွန်ဒေသခံအများစု ယနေ့အထိ နားလည်သဘောပေါက်ခြင်းမရှိသေးကြောင်း IMNA မှ ဆွယ်သွယ်မေးမြန်းချက်အရ သိရသည်။

    မွန်ပြည်နယ်တွင် စက်သုံးဆီ ချွေတာရေးအတွက် မော်တော်ယာဉ်များကို စုံ/မ ရက်ခွဲ၍ သွားလာရန်၊ အဆိုပါစည်းမျဉ်းကို လာမည့်မတ်လ ၁၄ ရက်မှစ၍ အဖွဲ့စုံဖြင့် ဖမ်းဆီးအရေးယူမှုစတင်လုပ်ဆောင်သွားမည်ဖြစ်ပြီး ပြစ်ဒဏ်နေဖြင့် ထောင်ဒဏ် ၁ လနှင့် ဒဏ်ငွေကျပ် ၂၀၀၀၀ သတ်မှတ်ထားသည်။

    မော်လမြိုင် စက်သုံးဆီဆိုင်များ၏ လက်ရှိ စုံ/မ ခွဲထားသည့်စနစ်အရ ယာဉ်အက္ခရာစဉ်၏ အနောက်ဂဏန်း စုံ/မ အတိုင်းသာ သတ်မှတ်ထားခြင်းဖြစ်ပြီး စက်သုံးဆီမျာကိုလည်း ထိုစနစ်အတိုင်းသာ ရောင်းချပေးနေသည်ဟုလည်း သိရသည်။

    သို့သော် စစ်ကော်မရှင် ယာဉ်ထိန်းရဲအဖွဲ့များမှ အက္ခရာစဉ်၏ ရှေ့ဂဏန်းအတိုင်း စုံ/မ အတည်ယူနေခြင်းအပေါ် ယာဉ်စီးနင်းအသုံးပြုသူများ ဗျာများပြီး မြေစာပင်ဖြစ်နေရသည့်အပြင် ထိုစနစ်ကြောင့် လုပ်ငန်းအခက်အခဲများစွာ ရှိခဲ့ရကြောင်းလည်း လုပ်ငန်းနယ်ပယ်အသီးသီမှ မွန်ဒေသခံများက IMNA သို့ ပြောကြားသည်။

    သယ်ယူပို့ဆောင်ရေးလုပ်ငန်းမှ တာဝန်ရှိသူအမျိုးသမီးတစ်ဦး

    “အခုက ပညာပေးကာလမို့လို့ သူတို့ ဖမ်းတာမျိုးတွေလုပ်တာကတော့ မကြားရသေးဘူး။ ၁၄ ရက်နေ့မှ သူတို့အတည်ပြုမယ်လို့ပြောတယ်။ ထောင်ဒဏ် တစ်လနဲ့ ဒဏ်ငွေပေးရမယ်။ ဓာတ်ဆီပဲ သူတို့မပေးထည့်တာ၊ စုံရက် မရက် ခွဲပြီးထည့်နေတော့ ကျမတို့လုပ်ငန်းအတွက် အများကြီးအခက် ကြုံရတယ်။ အခုက ဘုရားဖူးသွားဖို့အတွက် ကားကြိုးငှားတဲ့ သူတွေအကုန်လုံးကို ဘာမှ မလက်ခံရဲဘူး။ လောလောဆယ်တော့ ဓာတ်ဆီကို ဒီနေ့ မ နေ့ဆို မ ကားရော စုံ ကားရော တက်ခိုင်းတယ်၊ ပြီးတော့ ဓာတ်ဆီကိုတော့ မ ကားကထည့်ပြီး စုံကားအတွက် ဓာတ်ဆီစုတ်ထုတ်ယူတာလုပ်နေကြရတယ်။ အလုပ်တွေအားလုံးကို အချိန်နောက်ကျစေတယ်၊ အခုက ဒီနေ့သွား ဒီနေ့ပြန်လည်း သွားလို့မရတော့ဘူး။”

    စစ်ကော်မရှင် ရပ်ကျေးအဖွဲ့နှင့်နီးစပ်သူ ပေါင်ဒေသခံတစ်ဦး

    “ဒီစည်းမျည်းတွေနဲ့ ပတ်သက်ပြီး ဒေသခံအများစုက နားမလည်ကြဘူး။ သူတို့က ထိရောက်တဲ့ ပညာပေးမှုတွေလည်း မလုပ်ပေးကြဘူး။ လဝကရုံးကို သွားပြီးဝိုင်းမေးကြတယ်၊ သူတို့ကလည်း စာမရောက်သေးဘူး၊ အတိကျမသိသေးဘူးပဲပြောတယ်။ ကျနော်တို့က ပြန်လာတယ်။ အခုက ဖမ်းတော့မယ်လို့ နီးကပ်လာတဲ့ ရက်တွေမှာတောင်မှ ပြည်သူတွေက အဲလိုမရှင်းကြသေးဘူးပေါ့။ သတင်းပြန်ကြားရေးဌာနကိုလည်း ကျနော်တို့က မေးတယ်၊ သူတို့မဖြေဘူး။ အခြားမီဒီယာတွေလည်း မေးတယ် မဖြေဘူး။ အဲကြောင့် ဒေသခံတွေ အများစုက နားကိုမလည်းသေးတာ။ ဒီလိုစည်မျည်းတွေချမှတ်တာက မသင့်တော်ဘူးလို့ မြင်တယ်၊ ဘာလိုဆို ဓာတ်ဆီဆိုင်တွေမှာ စုံ ဆို စုံ ရက်၊ မ ဆို မ ရက် ရောင်းတာကန့်သတ်လို့ရနေသားနဲ့ ဒီလိုမျိုး လမ်းပေါ်မှာတက်ဖမ်းတာကတော့ ပြည်သူတွေကို ခြောက်သလိုဖြစ်တယ်။ ဒီလိုလုပ်တာက သူတို့ရဲ့ EV ကားဆိုင်ကယ်တွေကို ရောင်းအားတိုးစေချင်လို့ သူတို့လုပ်တယ်လို့ မြင်တယ်။ မင်းအောင်လှိုင်နဲ့ ပတ်သက်တဲ့ လူတွေရှိတယ်လေ ဒီ EV ကုမ္မဏီကို လုပ်နေတာက အဲကြောင့် သူတို့ရဲ့ EV ကား၊ ဆိုင်ကယ်တွေကို ဝယ်အောင် တင်းကြပ်လိုက်တယ်လို့ မြင်တယ်။ အခုတော့ ယာဉ်မောင်းတွေ ခေါင်းတော်တော်ရှုပ်နေရတယ်။”

    မော်လမြိုင်မှ ရုံဝန်ထမ်းအမျိုးသမီးတစ်ဦး

    “ကျမတို့လည်း နားမလည်းဘူး၊ တချို့က အရှေ့ဂဏန်းကို ကြည့်ရမယ် ပြောတယ်။ တချို့က အနောက်ဂဏန်းကို ကြည့်ရမယ် ပြောတယ်၊ တကယ်က ဘယ်ဒါကို ကြည့်ရမှန်းတောင်မသိတော့ဘူး။ ကျမတို့လိုနေ့တိုင်း ရုံးပုံမှန်တက်ရတဲ့ သူတွေအတွက်တော့ အခက်ခဲဖြစ်တယ်။ ကိုယ့်ဆိုင်ကယ်က မ ဆိုရင် စုံရက်မှာ အလုပ်သွားဖို့က ခက်တယ်။ အခြား သန်မြန်သူတွေကိုလည်း ရက်ခြားနေ့စဉ်လိုလို ငှားနေရရင်တော့ အဆင်မပြေဘူးလေ။ လစာကလည်း ကောင်းနေတာမဟုတ်ပဲ ဒီလိုမလုပ်သင့်ဘူးထင်တယ်၊ ဓာတ်ဆီကို ကန့်သတ်ချင်ကန့်သတ်လေ သွားလာတဲ့ သူတွေနဲ့ ဘာဆိုင်လည်း မလုပ်သင့်ဘူးထင်တယ်။”

    ရေးမြို့နယ်မှ ကွမ်းသီးအဝယ်ဒိုင်တစ်ဦး

    “ အဝယ်ဒိုင်ဆိုတော့ ကိုယ်ကားနဲ့ ကိုယ်ပဲ ပို့လေ့ရှိတယ်။အခုက ဓာတ်ဆီတွေကို စုံ တစ်ရက် မ တစ်ရက်လုပ်လိုက်တယ်။ ပြီးတော့ ဓာတ်ဆီတွေကလည်း ကားတစ်စီးဆို ၃ သောင်းပဲပေးတယ်။ ကျနော်တို့အနေနဲ့ သွားဖို့က ဟိုမရောက်ဒီမရောက်ဖြစ်တယ်။ ဘာလို့ဆို ဒီနေ့သွားဆီကုန်သွားလည်း မနက်ဖြန်ထည့်လို့မရဘူးဆို ဘာမှ လုပ်လို့မရဘူး၊ ဆက်သွားဖို့ကလည်း ဆီမရှိ အလုပ်တွေကလည်း အကုန်နောက်ကျသွားတယ်။ အချို့က လုပ်ငန်းကုမ္မဏီကားတွေ လိုင်စင် အနီးရောင်ရှိတဲ့ ကားတွေကြတော့ သွားလို့ရတယ်။ ဒီလိုင်စင်အမည်တွေကတော့ သွားချင်သလို သွားလာလို့မရဘူး။ ဓာတ်ဆီတွေကလည်း ‌ဈေးတက်တယ်၊ သွားလာဖို့ကလည်း အကန့်သတ်နဲ့ ဆို ဘာလုပ်စားလို့ရအုံးမှာလည်း ဒီအလုပ်နဲ့ပဲ အသက်မွေးနေတယ်ဆိုမှာ ဒီလိုတွေလုပ်လိုက်တော့ ကျွန်တော်တို့ ဝမ်းရေးအတွက် အဆင်မပြေဘူး။ တကယ်က ဓာတ်ဆီကို ကန့်သတ်ပြီးပြီးဆိုတော့ လူတွေရဲ့သွားလာခွင့်အခွင့်အရေးကိုတော့ အဲလိုမလုပ်သင့်ဘူးထင်တယ်။”

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks