Wednesday, March 11, 2026
More
    spot_img
    Homeသတင်းနွေရာသီမွန်စာပေသမိုင်းတန်းအားလုံး ပြီးမြောက်သူများ မွန်အမျိုးသားကောလိပ်တွင် ပညာဆက်လက်သင်ကြားခွင့်ရရှိရန် မွန်ဒေသလုံးဆိုင်ရာ မွန်စာပေနှင့်ယဉ်ကျေးအဖွဲ့မှစီစဉ်

    နွေရာသီမွန်စာပေသမိုင်းတန်းအားလုံး ပြီးမြောက်သူများ မွန်အမျိုးသားကောလိပ်တွင် ပညာဆက်လက်သင်ကြားခွင့်ရရှိရန် မွန်ဒေသလုံးဆိုင်ရာ မွန်စာပေနှင့်ယဉ်ကျေးအဖွဲ့မှစီစဉ်

    -

    နွေရာသီမွန်စာပေသမိုင်းအတန်းအားလုံး တက်ရောက်ပြီးစီးထားသည့်လူငယ်များ တက္ကသိုလ်(သို့)ကောလိပ်အဆင့် ပညာဆက်လက်သင်ယူခွင့်ရရှိရေး မွန်ဒေသလုံးဆိုင်ရာ မွန်စာပေနှင့်ယဉ်ကျေးအဖွဲ့နှင့် မွန်အမျိုးသားကောလိပ်တို့ကြား နားလည်မှုစာချွန်လွာ(MOU) လက်မှတ်ရေးထိုးရန်ရှိကြောင်း နှစ်ဖက်တာဝန်ရှိသူများ စီစဉ်နေသည်ဟု သိရသည်။  

    မွန်စာပေသမိုင်းတန်းကို (၆)နှစ်တာအချိန်ယူ လေ့လာထားသည့် လူငယ်များ၏ အနာဂတ်ပညာရေးတိုးတက်စေရန်အပြင် မွန်စာပေသမိုင်းတန်းကို မွန်လူငယ်များ ပိုမိုစိတ်ပါဝင်စားလာစေရန် မွန်ဒေသလုံးဆိုင်ရာ မွန်စာပေနှင့်ဗုဒ္ဓဘာသာယဉ်ကျေးမှုအဖွဲ့မှ နားလည်မှုစာချွန်လွှာရေးထိုးနိုင်ရန် ပြင်ဆင်ရခြင်းဖြစ်ကြောင်းလည်း အဖွဲ့တာဝန်ရှိသူများမှ IMNA သို့ ပြောသည်။

    MOU ရေးထိုးရန်အတွက် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ၊ ကော်မတီဝင်အဖွဲ့များ ဖွဲ့စည်းထားပြီးဖြစ်သော်လည်း မွန်အမျိုးသားကောလိပ်နှင့် ရှေ့ဆက်ပူးတွဲညှိနှိုင်းရမည့်ကိစ္စများ ကျန်ရှိနေသေးသည့်အတွက် လာမည့် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်မှ လက်မှတ်ရေးထိုးနိုင်မည့်အဆင့်သို့ ရောက်ရှိမည်ဟု မွန်ဒေသလုံးဆိုင်ရာ မွန်စာပေနှင့်ဗုဒ္ဓဘာသာယဉ်ကျေးမှုအဖွဲ့မှ သံဃာတော်တစ်ပါးက မိန့်ကြားသည်။

    ပုံ-မွန်ဒေသလုံးဆိုင်ရာ မွန်စာပေနှင့်ယဉ်ကျေးအဖွဲ့

    “ နွေရာသီမွန်စာပေသင်တန်းကျောင်းက လူငယ်အများစုဆို မွန်အမျိုးသားကျောင်းမှာ တက်ရောက်နေတဲ့သူတွေမဟုတ်ဘူး။ ဆိုတော့ သူတို့အနေနဲ့မွန်အမျိုးသားကောလိပ်ကိုရောက်ဖို့ဆိုတာ တက်လမ်းမရှိသလိုဖြစ်နေတယ်။ အဲ့တာကို ဦးဇင်းတို့ဘက်က (၆) နှစ်တိုင် မွန်စာပေကို သင်ကြားပေးထားတယ်၊ ကောလိပ်တက်ရောက်ဖို့လည်း သူတို့အရည်ချင်းပြည့်မှီနေတယ်ဆိုတော့ လမ်းခင်းပေးဖို့ ဆရာတော်တို့မှာတာဝန်တွေရှိတယ်။ အဲဒါကြောင့် (MOU) ရေးထိုးနိုင်ဖို့ကို နှစ်ဖွဲ့စလုံးက ပြင်ဆင်ဆောင်ရွက်နေတယ်။” ဟု မိန့်သည်။

    မွန်စာပေသမိုင်းတန်းပြီးမြောက်သူများကို မွန်အမျိုးသားကောလိပ်အပြင် ထိုင်းနိုင်ငံ မဟာချူလာလောင်ကွန်းဗုဒ္ဓတက္ကသိုလ်အထိ ပညာသင်ယူခွင့်ရရှိရေး နှစ်ဖက်နာလည်မှုစာချွန်လွှာ ထပ်မံရေးထိုးနိုင်ရန်ရှိကြောင်လည်း ဆက်လက်မိန့်ကြားသည်။

    မွန်ဒေသလုံးဆိုင်ရာ မွန်စာပေနှင့်ဗုဒ္ဓဘာသာယဉ်ကျေးမှုအဖွဲ့မှ ရည်မှန်းထားသည့်လုပ်ဆောင်ချက်အတိုင်းအကောင်ထည်ဖော်ဆောင်ရွက်နိုင်ပါက နွေရာသီမွန်စာပေသင်တန်းကျောင်းကို လူငယ်များ စိတ်ပါဝင်စားပြီး တက်ရောက်သူဦးရေများလာနိုင်ကြောင်း မွန်စာပေအရေးလှုပ်ရှားသူ သံဃာတော်တစ်ပါးမှ သုံးသပ်သည်။

    “နွေရာသီမွန်စာပေသင်တန်း (၆) နှစ်တာ အချိန်ပေးတက်ရောက်ထားပြီးတော့ ရလဒ်တွေကဘာလဲ၊ မွန်စာပေတတ်မြောက်ထားပြီးတော့ ဘယ်နေရာမှ အသုံးချရမလဲဆိုတဲ့မေးခွန်းကို ရှင်းပြစရာမလိုလောက်တော့ဘူး။ ပြီးတော့ လူငယ်တွေရဲ့ ပညာရေးဆက်လက်သင်ယူနိုင်တဲ့ အခွင့်လမ်းကိုလည်း တစ်နည်းတစ်ဖုံ ပံ့ပိုးကူညီပေးနိုင်တယ် ” ဟု သုံးသပ်သည်။

    နွေရာသီမွန်စာပေသင်တန်း၌ မွန်စာပေသမိုင်းအထိ လေ့လာသင်ယူလိုသည့်လူငယ် တစ်နှစ်ထက်တစ်နှစ်ဦးရေးနည်းပါးလာစဉ် အခြားပညာရေးအခွင့်အလမ်းသစ် ဖန်တီးပေးခြင်းသည် နွေရာသီမွန်စာပေသင်တန်းကို အသစ်တဖန်အသက်ပြန်သွင်းနိုင်မည်ဟု ဆက်လက်မိန့်ကြားထားသည်။

    မွန်ဒေသအသီးသီး၌ လက်ရှိတွင် နွေရာသီမွန်စာပေသင်တန်းကိုဖွင့်လှစ်သင်ကြားနေသော်လည်း မြို့ပေါ်အတွင်း ဖွင့်လှစ်နေသည့် အင်္ဂလိပ်ဘာသာစကားနှင့် အခြားနည်းပညာသင်တန်းတို့ကို မိဘအုပ်ထိန်းသူတို့မှ ပိုမိုဦးစားပေ သင်ယူစေသည့်အချက်ကြောင့် နွေရာသီမွန်စာပေသင်တန်းကို စိတ်ဝင်စားသူနည်းပါးလျက်ရှိကြောင်း သိရသည်။

    စာပေနှင့်လူမျိုးအတွက် ဆက်လက်ကာကွယ်စောင့်ရှောက်နိုင်ရန် မိဘအုပ်ထိန်းသူများအနေဖြင့်မိမိ၏ သားသမီးများ နွေရာသီမွန်စာပေသင်တန်း ဦးစားပေးရွေးချယ်တက်ရောက်ရန် စေလွတ်သင့်ကြောင်း စာပေအရေးတက်ကြွလှုပ်ရှားတို့က တိုက်တွန်းပြောဆိုထားသည်။

    ယမန်နှစ်က နွေရာသီ မွန်စာပေသမိုင်းတန်းကို ထိုင်းအပါအဝင် မွန်ဒေသအတွင်းမှ လူငယ်ထောင်ကျော် ဝင်ရောက်ဖြေဆိုခဲ့ပြီး သမိုင်းတန်းအားလုံး ပြီးမြောက်သူများကို မွန်ဒေသလုံးဆိုင်ရာ မွန်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့မှ ဂုဏ်ပြုပွဲအခမ်းအနားများ ပြုလုပ်ပေးနေကြောင်းလည်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks