Wednesday, March 11, 2026
More
    spot_img
    Homeသတင်းစံချိန်တင်ပူပြင်းသည့်နွေဖြစ်နိုင်သဖြင့် ကျန်းမာရေးသတိရှိရန်လိုအပ်

    စံချိန်တင်ပူပြင်းသည့်နွေဖြစ်နိုင်သဖြင့် ကျန်းမာရေးသတိရှိရန်လိုအပ်

    -

    မိုးလေဝသနှင့် ရာသီဥတုဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်းများက ၂၀၂၆ ခုနှစ် နွေရာသီသည် သမိုင်းတစ်လျှောက် စံချိန်တင်ပူပြင်းသည့်နွေဖြစ်နိုင်သည်ဟု ခန့်မှန်းထားသဖြင့် ပြည်သူများအနေဖြင့် အပူဒဏ်ကြောင့် ဖြစ်ပွားနိုင်သည့် ကျန်းမာရေးပြဿနာများကို ကြိုတင်ကာကွယ်နေထိုင်ရန် လိုအပ်ကြောင်း မိုးလေဝသပညာရှင်များနှင့် ကျန်းမာရေးတာဝန်ရှိသူမျာက သတိပေးတိုက်တွန်းသည်။

    ၂၀၂၆ ခုနှစ်၏ တစ်နှစ်တာပျမ်းမျှအပူချိန်သည် စက်မှုလုပ်ငန်းမတိုးတက်မီကာလနှင့် နှိုင်းယှဉ်ပါက ၁.၃ မှ ၁.၅ ဒီဂရီစင်တီဂရိတ်အထိ မြင့်တက်နိုင်ပြီး ကမ္ဘာ့သမိုင်းတွင် အပူဆုံးနှစ် (၄) နှစ်မှ တစ်နှစ်ဖြစ်နိုင်သည်ဟု  နိုင်ငံတကာ မိုးလေဝသအဖွဲ့အစည်းများ (WMO, NASA & NOAA) နှင့် ထိုင်းနိုင်ငံ မိုးလေဝသဌာန Thai Meteorological Department (TMD) ၏ ထုတ်ပြန်ချက်များအရ သိရသည်။

    စံချိန်တင်ပူပြင်းနိုင်သည့် အကြောင်းအရင်းသည် ၂၀၂၅ ခုနှစ်နှောင်းပိုင်းမှ စတင်ခဲ့သည့် အယ်လ်နီညို (El Niño) ဖြစ်စဉ် အရှိန်အကြွင်းအကျန်များကြောင့် ၂၀၂၆ ခုနှစ်၏ ပထမနှစ်ဝက်(နွေရာသီ) အထိ ရိုက်ခတ်မှုရှိနေခြင်းကြောင့်လည်းဖြစ်သည်ဟု ခန့်မှန်းထားသည်။

    စံချိန်တင်အပူချိန်ကြောင့် မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှနိုင်ငံများတွင် အပူဒဏ်အဆမတန်ခံစားနိုင်သဖြင့် ရေဓာတ်လျော့နည်းခြင်း၊ မူးဝေခြင်း၊ မောပန်းခြင်းနှင့် အပူလွန်ကဲခြင်း (Heat Stroke) ကဲ့သို့သော ကျန်းမာရေးပြဿနာများ သတိရှိရန် မွန်မှ အထွေထွေရောဂါကုဆရာဝန်တစ်ဦးက အကြံပြုပြောဆိုသည်။

    “နွေရာသီမှာ အပူချိန်မြင့်လာတာကြောင့် လူတွေမှာ ရေဓာတ်လျော့နည်းခြင်း၊ မူးဝေခြင်းနဲ့ အပူလွန်ကဲခြင်းတွေ ဖြစ်နိုင်ပါတယ်။ အထူးသဖြင့် နေပူထဲမှာ အလုပ်လုပ်ရတဲ့ အလုပ်သမားတွေ၊ လယ်ယာလုပ်ကိုင်သူတွေက ပိုပြီး သတိထားဖို့လိုပါတယ်” ဟု ဆိုသည်။

     ကိုယ်ခန္ဓာတွင် ရေဓာတ်လုံလောက်စေရန် ရေပိုမိုသောက်သုံးရန်၊ ပူပြင်းသည့် မနက် ၁၁ နာရီမှ ညနေ ၂ နာရီအတွင်း အပြင်ထွက်သွားလာမှုများ လျှော့ချရန်၊ လေဝင်လေထွက်ကောင်းသည့် အဝတ်အစားများ ဝတ်ဆင်ရန်၊ အပြင်ထွက်ရာတွင် ဦးထုပ်၊ ထီး သို့မဟုတ် နေရောင်ကာပစ္စည်းများ အသုံးပြုရန်နှင့် ကလေးများ၊ သက်ကြီးရွယ်အိုများနှင့် နာတာရှည်ရောဂါရှိသူများကို အပူဒဏ်မှ အထူးဂရုပြုကာကွယ်ရန်လည်း တိုက်တွန်းသည်။

    အပူလွန်ကဲခြင်း၏ လက္ခဏာများဖြစ်သည့် ခေါင်းကိုက်ခြင်း၊ မူးဝေခြင်း၊ ကိုယ်ပူတက်ခြင်း၊ မောပန်းနွမ်းနယ်ခြင်းတို့ ဖြစ်ပေါ်လာပါက အေးမြသည့်နေရာတွင် ချက်ချင်းနားယူပြီး ရေသောက်ကာ လိုအပ်ပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့ သွားရောက်ကုသမှုခံယူသင့်သည်။

    မိုးလေဝသပညာရှင် ဦးဝင်းနိုင်က ၂၀၂၆ ခုနှစ်သည် လက်ကျန် လာနီညာကြောင့် "စံချိန်တင် အပူဆုံးနှစ် Record hottest year ဖြစ်နိုင်ခြေနည်း"ဟု ဆိုပြီး ကမ္ဘာ့အပူချိန်မြင့်တက်ခြင်းကြောင့် အပူဆုံးနှစ်လေးနှစ်၏ တတိယအဆင့်တွင်သာ ရှိနိုင်ကြောင်း သူ၏လူမှုကွန်ရက်စာမျက်နှာတွင် ခန့်မှန်းထားသည်။

    ကမ္ဘာတစ်ဝန်း ရာသီဥတုပူနွေးလာမှုသည် လူသားများ၏ လောင်စာဆီအသုံးပြုမှုများနှင့် ကာဗွန်ဓာတ်ငွေ့ထုတ်လွှတ်မှုများကြောင့် အရှိန်မြင့်လာနေပြီး လတ်တလောနှစ်များတွင် အပူလှိုင်း (Heatwave) ဖြစ်ပွားမှုများလည်း ပိုမိုများပြားလာနေကြောင်း နိုင်ငံတကာ သုတေသနစာတမ်းများတွင် ဖော်ပြထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks