Tuesday, March 10, 2026
More
    spot_img
    Homeသတင်းစစ်အုပ်စုအကြမ်းဖက်မှုကြောင့် ကိုယ်ဝန်ဆောင်အပါအဝင် အမျိုးသမီး ၆၀ ကျော်သေဆုံး

    စစ်အုပ်စုအကြမ်းဖက်မှုကြောင့် ကိုယ်ဝန်ဆောင်အပါအဝင် အမျိုးသမီး ၆၀ ကျော်သေဆုံး

    -

    စစ်အုပ်စု၏ လေကြောင်းနှင့် မြေပြင်တိုက်ခိုက်မှုများကြောင့် ဖေဖော်ဝါရီလအတွင်း နိုင်ငံတဝှမ်း ကိုယ်ဝန်ဆောင်အပါအဝင် အမျိုးသမီး ၆၀ ကျော် သေဆုံးခဲ့ရသည်ဟု မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) က ယနေ့ မတ်လ ၁၀ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

    BWU ထုတ်ပြန်ချက်တွင် လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် အမျိုးသမီး ၄၆ ဦးသေဆုံးပြီး လက်နက်ကြီးကြောင့် ၈ ဦး၊ မတရားသတ်ဖြတ်ခံရသူ ၇ ဦး၊ ကျည်ထိမှန်သူ ၂ ဦး ရှိကြောင်း ဖော်ပြထားသည်။

    သေဆုံးသူအမျိုးသမီး ၆၃ ဦးတွင် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးလည်း ပါဝင်ပြီး၊ အသက် ၁၈ နှစ်အာက်အမျိုးသမီးငယ် ၁၈ ဦး ရှိသည်ဟုလည်း ဆိုသည်။

    “မြေပြင်မှာ ဒီထက်ပိုများတာဖြစ်နိုင်တယ်။ သူတို့တွေက လေကြောင်းတိုက်ခိုက်မှုတွေ လုပ်တာပိုများတယ်။ ခလေးငယ်တွေ၊ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ၊ အသက်ကြီးတဲ့ အမျိုးသမီးတွေ ထွက်ပြေးဖို့က ခက်ခဲတယ်၊ အဲကြောင့် သူတို့က ပိုခံနေရတယ်” ဟု မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) မှ တာဝန်ရှိသူတစ်ဦးက IMNA နှင့် ဆက်သွယ်မေးမြန်းချက်တစ်ခုတွင် ဆိုသည်။

    မွန်ပြည်နယ်တွင်လည်း ရေးမြို့နယ် ကျောင်းရွာအခြေစိုက် ခမရ-၅၉၁ တပ်ရင်းမှ လက်နက်ကြီးပစ်ခတ်မှုကြောင့် အနီးဝန်းကျင်ရှိ ဥယျာဉ်ခြံတွင် ကျရောက်ပေါက်ကွဲမှုဖြစ်ခဲ့သဖြင့် မိသားစုတစ်စု ကျည်ထိမှန်ဒဏ်ရာရှိကာ အဖေဖြစ်သူသေဆုံးပြီး မိခင်နှင့် သမီးဖြစ်သူ ဒဏ်ရာပြင်းထန်ရရှိခဲ့သေးသည်။

    ဖေဖော်ဝါရီလအတွင်း အမျိုးသမီးသေဆုံးမှု အများဆုံးဖြစ်စဉ်မှာ ဖေဖော်ဝါရီလ ၂၄ ရက်နေ့က ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးငူကျေးရွာကို စစ်ကော်မရှင်က ဗုံကြဲတိုက်ခိုက်မှုကြောင့် အမျိုးသမီး ၁၃ ဦးအထိ သေဆုံးမှုဖြစ်ခဲ့ခြင်းဖြစ်သည်။

    ထိုအတူ အကြမ်းဖက်စစ်အုပ်စု၏ လေကြောင်း တိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်မှု၊ မြေမြုပ်မိုင်း၊ ပဋိပက္ခနှင့် ဆက်နွယ်သော လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုများကြောင့် ဖေဖော်ဝါရီလတွင် အမျိုးသမီး ၆၆ ဦးအထိ ထိခိုက်ဒဏ်ရာများ ရရှိကြောင်းလည်း BWU အစီရင်ခံစာတွင် ဖော်ပြသည်။

    စစ်တပ်သည် အာဏာသိမ်းကာလအတွင်း အတုအယောင်ရွေးကောက်ပွဲ ပြုလုပ်နိုင်ရေးနှင့် လွှတ်တော် ခေါ်ယူရန် ကြိုးပမ်းနေသော်လည်း တစ်ဖက်တွင်မူ စစ်ရာဇဝတ်မှုများနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ဆက်လက်ကျူးလွန်နေခြင်းဖြစ်သည်ဟုလည်း (BWU) ၏ထုတ်ပြန်ချက်တွင် ပါရှိသည်။

    ထိုအပြင် အမျိုးသမီးများ၏ နေ့စဉ်ဘဝများတွင်လည်း ပဋိပက္ခနှင့် ဆက်နွယ်သော လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှုအမျိုးမျိုးကြောင့် အသက်ဆုံးရှုံးမှုများ ကြုံတွေ့နေရသည်။

    ပြီးခဲ့သည့် ၅ နှစ်ကာလအတွင်း အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု (၁,၀၀၀) နီးပါး ရှိခဲ့ပြီး အထူးသဖြင့် စစ်အုပ်စုသည် တိုင်းရင်းသူအမျိုးသမီးများနှင့် အသက်မပြည့်သေးသူများကို စစ်လက်နက်သဖွယ် ပစ်မှတ်ထားတိုက်ခိုက်နေကြောင်းလည်း အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) – WLB ၏ ၂၀၂၅ ခုနှစ်အစီရင်ခံစာတွင် ဖော်ပြထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks