spot_img
Thursday, March 5, 2026
More
    spot_img
    Homeသတင်းမြဝတီ-ကော့ကရိတ်အာရှလမ်းပိုင်း၌ နှစ်ဖက်တိုက်ပွဲ ပြန်လည်ပြင်းထန်

    မြဝတီ-ကော့ကရိတ်အာရှလမ်းပိုင်း၌ နှစ်ဖက်တိုက်ပွဲ ပြန်လည်ပြင်းထန်

    -

    ကရင်ပြည်နယ်၊ မြဝတီ-ကော့ကရိတ် အာရှလမ်းပိုင်းကို ဖွင့်လှစ်နိုင်ရေး စစ်ကော်မရှင်ဘက်မှ ကြိုးပမ်းလာသည့်အတွက် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်ဖွဲ့များနှင့် နှစ်ဖက်တိုက်ပွဲ ပြန်လည်ပြင်းထန်နေကြောင်း မြေပြင်သတင်းအရင်းမြစ်များမှ သိရသည်။

    စစ်အင်အားရာချီပါဝင်သည့် ကော့ကရိတ်မြို့တပ်ရင်းများမှ စစ်ကြောင်းတစ်ကြောင်းနှင့် မြဝတီမြို့ တပ်ရင်းများမှ စစ်ကြောင်းတစ်ကြောင်းသည် ယမန်နေ့ မတ်လ ၃ ရက်နေ့၊ ညနေပိုင်းမှစပြီး မြဝတီ-ကော့ကရိတ်အာရှလမ်းပိုင်းရှိ ကျေးရွာဘက်သို့ ပြန်လည်ဝင်ရောက်လာသည့်အတွက် နှစ်ဖက်တိုက်ပွဲများ ပြန်လည်ပြင်းထန်နေခြင်းဖြစ်သည်။

    “မနေ့ကစပြီး ကော့ကရိတ်ဘက်နေ တစ်ကြောင်းနဲ့ မြဝတီ၊ သင်္ဃန်းညီနောင်ဘက်နေတစ်ကြောင်း ခွဲပြီးတက်လာပြန်တယ်ဗျ။ မနေ့ကတော့ အသဲအသန်ပါပဲ။ အင်အားတော့ ရာကျော်တယ်။ သူတို့က အာရှလမ်းဖွင့်ဖို့ လုပ်နေတာလေ။ အပြည့်အဝ မထိန်းနိုင်သေးတော့ အခုလို စစ်ကြောင်းပြန်ထိုးလာတာဖြစ်တယ် ” ဟု အထက်ပါရဲဘော်က ပြောသည်။

    အဆိုပါစစ်ကြောင်းတွင် စစ်မှုထမ်းသင်တန်းဆင်းတပ်သားများ၊ ဗိုလ်ဘိဦးဆောင်သည့် ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် DKBAနှင့် ကရင်ပြည်နယ် နယ်ခြားစောင့်တပ် BGF တပ်ဖွဲ့ဝင်များမှ စုပေါင်းအင်အားဖြင့် ဝင်ရောက်လာသည်ဟု ကော့ကရိတ်စစ်မြေပြင်ရှိ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

    စစ်ကော်မရှင်ဘက်မှ လက်နက်ကြီးပစ်ကူများရယူကာ သာလွန်အင်အားဖြင့် စစ်ကြောင်းထိုးနေသည့်အခြေအနေကြောင့် တော်လှန်ရေးတပ်ဖွဲ့များက လမ်းပိုင်းမှ ဆုတ်ခွာခဲ့ရသည်။

    အာရှလမ်းပိုင်းကို လုံခြုံမှုရှိစွာ ဖွင့်လှစ်နိုင်ရေးနှင့် အပြည့်အဝထိန်းချုပ်နိုင်ရန် ကျေးရွာဘက်ရှိ တော်လှန်ရေးတပ်ဖွဲ့များ တပ်စွဲထားသည့်နေရာများကို ရှင်းလင်းမှုများ လာရောက်လုပ်ဆောင်နေပြီဟု ကော့ကရိတ်ဒေသခံတစ်ဦးက ပြောသည်။

    “အခုက ကော့ကရိတ်ဘက်မှာ အခြေအနေမကောင်းဘူး။ စကမဘက်က အာရှလမ်းကို အလုံးစုံထိန်းချူပ်ဖို့ လုပ်နေပြီ။ မနေ့က တိုက်ပွဲထပ်ပြင်းထန်တယ်။ မနက်ကလည်း ကော့ကရိတ်ကနေ အာရှလမ်းဘက်ကို စကမဘက်က နှစ်သုတ်လောက် ထပ်တက်သွားပြန်တယ်” ဟု အထက်ပါ ဒေသခံ အမျိုးသားက ပြောသည်။

    တော်လှန်ရေးပူးပေါင်းတပ်များ တပ်စွဲထားသည့် အောက်တိုဘဲကျေးရွာနှင့် မိဂလုံကျေးရွာဘက်တွင် လက်နက်ကြီး၊ ဒရုန်းအပြင် လက်ရှိ ထိတွေ့တိုက်ပွဲများအပြင် လေကြောင်းတိုက်ခိုက်မှုလည်း စစ်ကော်မရှင်ဘက်က လုပ်ဆောင်လာနိုင်ကြောင်း တော်လှန်ရေးအဖွဲ့များက ပြောသည်။

    တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်သေဆုံးမှုများရှိသည်ဟု သိထားသော်လည်း စစ်ကော်မရှင်အပြင် ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့ဘက်မှ ထုတ်ပြန်လာခြင်း မရှိသေးပေ။

    ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလလယ်ခန့်က အာရှလမ်းပိုင်းက ကော့ကရိတ်မှ မြဝတီအထိကို တပ်စွဲနိုင်ရေး စစ်ကော်မရှင်ဘက်က ကြိုးပမ်းလာသည့်အတွက် တိုက်ပွဲပြင်းထန်ခဲ့သေးသည်။

    လက်ရှိ ကော့ကရိတ်-မြဝတီလမ်းပိုင်းအခြေအနေမတည်ငြိမ်သေးသဖြင့် ကုန်သွယ်ရေးနှင့် သယ်ယူပို့ဆောင်ရေး လှုပ်ရှားမှုများအပေါ် သက်ရောက်မှုများ ရှိလာနိုင်ကြောင်းလည်း သုံးသပ်နေကြသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks