Homeသတင်းဘုရားသုံးဆူမြို့အနီး ပစ်ခတ်မှုတွင် ဒေသခံအမျိုးသားတစ်ဦး သေဆုံး

ဘုရားသုံးဆူမြို့အနီး ပစ်ခတ်မှုတွင် ဒေသခံအမျိုးသားတစ်ဦး သေဆုံး

-

ထိုင်း-မြန်မာနယ်စပ်၊ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့အနီး ကျော့ပလုကျေးရွာတွင် ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) တပ်ဖွဲ့နှင့် လက်နက်ကိုင်ဆောင်ထားသည့် ဒေသခံတစ်ဦးအကြား ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ထိုဒေသခံသေဆုံးခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် မတ်လ ၂ ရက်နေ့ ညနေ ၇ နာရီဝန်းကျင်ခန့်က ဘုရားသုံးဆူမြို့အနီး ကျော့ပလုကျေးရွာ နာရေးအိမ်တခုတွင် လက်နက်ကိုင်ဆောင်ထားသည့် အသက် ၅၅ နှစ်အရွယ် ဒေသခံ နိုင်မွန်ချမ်းဆိုသူနှင့် DKBA တပ်ဖွဲ့ဝင်တို့အကြား ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်။

ထိုဖြစ်စဉ်အတွင်း နိုင်မွန်ချမ်း ပစ်ခတ်မှုကြောင့် DKBA တပ်ဖွဲ့ဝင် ၂ ဦး ဒဏ်ရာရကာ DKBA ဘက်က ပစ်ခတ်မှုကြောင့် နိုင်မွန်ချမ်းသည် သေနတ်ဒဏ်ရာ နှစ်ချက်ဖြင့် အခင်းဖြစ်ပွားရာနေရာတွင်ပင် သေဆုံးသွားခဲ့သည်။

“အဲနေ့က လကြပ်နေတော့ နိုင်မွန်ချမ်းက သေနတ်ဖောက်တယ်။ အဲဒါကို အုပ်ချုပ်ရေးမှူးက DKBA နဲ့ သွားတိုင်တော့ DKBA က နိုင်မွန်ချမ်းကို လာဖမ်းတယ်။ အဲမှာ နိုင်မွန်ချမ်းက ကောင်းကောင်းပြောပြီး သူ လိုက်သွားမယ်ပြောတယ်။ အဲဒါပြီးတော့ သူ အပေါ့သွားမယ်ဆိုပြီး ထွက်သွားတဲ့အချိန်မှာ သေနတ်ထုတ်ပြီး DKBA တပ်ဖွဲ့တွေကို ပစ်တယ်။ DKBA ဘက်ကလည်း ပြန်ပစ်တော့ ထိသွားတယ်” ဟု ဘုရားသုံးမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

အဆိုပါ ပစ်ခတ်မှုအတွင်း ဒေသခံတစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိကြောၚ်း DKBA တပ်ဖွဲ့ဝင် ၂ ဦးအပါ ၎င်းတို့ကို ဘုရားသုံးဆူမြို့အနီး ကြိမ်ချောင်းရွာရှိ ဆေးရုံးသို့ ပိုဆောင်ဆေးကုသမှု ခံယူနေရသည်ဟု သိရသည်။

နိုင်မွန်ချမ်း၏ ရုပ်အလောင်းကိုတော့ ဒေသခံပရဟိတတို့က ဘုရားသုံးဆူမြို့ရှိ ဆေးရုံကြီးသို့ ပို့ဆောင်ပြီးနောက် မတ်လ ၄ ရက်နေ့တွင်ပင် မိသားစုဝင်များက အာသုဘချခဲ့သည်ဟု အထက်ပါ မြို့ခံက ဆက်ပြောသည်။

စစ်ကော်မရှင်တပ်အပြင် ကရင်အမျိုးသားအစည်းအရုံး KNU၊ ကရင်နယ်ခြားစောင့်တပ် BGF၊ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA)၊ မွန်ပြည်သစ်ပါတီ (NMSP) အပြင် အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာသည့် လက်နက်အဖွဲ့အစည်းများ လှုပ်ရှားနေသည့် ဘုရားသုံးဆူမြို့တွင် ပစ်ခတ်မှုဖြစ်စဉ် မကြာခဏဖြစ်ပွားလေ့ရှိသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts