Sunday, March 8, 2026
More
    spot_img
    Homeသတင်းထိုင်းမှ စက်သုံးဆီတင်ပို့မှု ပိတ်၍ မြဝတီနှင့် တာချီလိတ်တွင် ဆီစျေးတက်

    ထိုင်းမှ စက်သုံးဆီတင်ပို့မှု ပိတ်၍ မြဝတီနှင့် တာချီလိတ်တွင် ဆီစျေးတက်

    -

    အီရန်၊ အမေရိကန်နှင့် အစ္စရေးတို့၏ စစ်ပွဲကြောင့် ကမ္ဘာ့ရေနံစျေး မြင့်တက်လာသလို ကုန်သွယ်မှု လမ်းကြောင်းများပါ ထိခိုက်လာပြီးနောက် ထိုင်းအစိုးရက လောင်စာဆီ တင်ပို့မှုကို ရပ်ဆိုင်းလိုက်သည်။

    စစ်ပွဲများကြောင့် စက်သုံးဆီပြတ်လက်မည်ကို ကြိုတင်ကာကွယ်သည့်အနေဖြင့် ထိုင်းနိုင်ငံအတွင်း လုံလောက်မှုရှိစေရန် ပြည်ပတင်ပို့မှုကို ရပ်ဆိုင်းလိုက်ပြီး ထိုင်း-မြန်မာနယ်စပ်ရှိ မြန်မာဒေသများ လောင်စာဆီစျေး တက်လာသည်။

    တာချီလိတ်မြို့ ဒေသခံ ကိုစိုင်းခုံက “အခုက ပြတ်တဲ့အထိတော့မဟုတ်သေးဘူး။ စိုးရိမ်ကြတာပေါ့ ကျွန်တော်တို့နောက်နေ့တွေဝယ်လို့မရတော့မှာကို။ အဲ့တော့ အကုန်လုံးဝယ်နေကြတာ အခုတန်းစီပြီးပြန်ဝယ်ရတယ်။ ဆိုင်တွေကလည်း ဆိုင်ကယ်ဆို ဆိုင်ကယ် ကားဆို ကား ပါမှထည့်ပေးတယ်။ အိမ်အတွက်ပါလို့ပြောပြီးတောင် သယ်လို့မရဘူး။ စျေးကတော့ ဒီမနက် ဓာတ်ဆီ တစ်လီတာကို ၂၆ ဘတ်လောက်ရှိတယ်။ လိုသလောက်ဝယ်မရတော့ မှောင်ခိုစျေးကွက်မှာ ဘတ်၂၀၀ လောက် ဖြစ်သွားပြီ။” ဟု ပြောပြသည်။

    အလားတူ မြဝတီမြို့တွင်လည်း ကားတစ်စီးလျှင် ၃ သောင်းကျပ်၊ ဆိုင်ကယ်တစ်စီးလျှင် တစ်သောင်းကျပ်သာ ရောင်းပေးနေပြီး တိုးကြိတ်တန်းဆီနေကြရသည်။

    “ဆိုင်က အမြဲမဖွင့်ပေးဘူး။ သူတို့ရောင်းပေးတဲ့အချိန်ကို အပြေးအလွှားသွားပြီး တန်းစီရတာပေါ့။ ဒီမှာ ဆီကုန်သွားရင် အရင်လိုပဲ ထိုင်းမှာ တက်ဝယ်ရမှာပဲ။ အရင်နဲ့တော့ အခြေအနေမတူဘူး။ အရင်က ကျားဖြန့်ကြောင့် ပိတ်တာ အခုခါကျ တစ်ကမ္ဘာလုံးအခြေအနေဆိုတော့ ဘယ်လိုလာမလဲမသိသေးဘူး” ဟု မြဝတီမြို့ခံ ကိုဇော်ဇော်က ပြောသည်။

    အလားတူ ကရင်နီ၊ ဘုရားသုံးဆူနှင့် ကော့သောင်းဒေသများတွင်လည်း စက်သုံးဆီစျေး အနည်းငယ် မြင့်တက်လာကြောင်း သိရသည်။

    အရှေ့အလယ်ပိုင်းတိုက်ပွဲများကြောင့် ကမ္ဘာ့ရေနံစိမ်းကုန်သွယ်မှု ၂၀ ရာခိုင်နှုန်ူ၏ အားထားရာ ဟော်မို့ဇ် ရေလက်ကြား ပိတ်လိုက်ရသည့် နောက်ဆက်တွဲသက်ရောက်မှုများဖြစ်သည်။

    ထိုင်းအစိုးရက နိုင်ငံတွင်း စက်သုံးဆီပြတ်လပ်မှုမရှိစေရန် ပြည်ပတင်ပို့မှုကိုရပ်ဆိုင်းပြီး အရန်ဆီ ရက် ၆၀ စာအတွက် လုံလောက်သေးကြောင်း ထိုင်းနိုင်ငံ စွမ်းအင်ဝန်ကြီးဌာနကထုတ်ပြန်ထားသည်။

    မြဝတီနှင့် တာချီလိတ်ကဲ့သို့သော နယ်စပ်ဒေသများမှာ လမ်းပန်းဆက်သွယ်ရေးအခက်အခဲကြောင့် လောင်စာအပါအဝင် စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်းများကို ထိုင်းနိုင်ငံမှ အဓိကတင်သွင်း အသုံးပြုနေကြသည့် ဒေသများဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks