မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ကရုပ္ပိရွာတွင် ရော်ဘာခြံလုပ်သားမိသားနှစ်စုမှ အသက် ၁၂ နှစ်အရွယ်နှင့် အသက် ၁၄ နှစ်အရွယ် ကလေးငယ်နှစ်ဦး ၁၅ ရက်ကြာ ပျောက်ဆုံးနေပြီး သတင်းအစအနမရသေးကြောင်း မိသားစုနှင့် နီးစပ်သူများ၏ ပြောပြချက်အရ သိရသည်။
ဖေဖော်ဝါရီလ ၁၀ ရက်နေ့၊ နေ့လည် ၁၂ နာရီဝန်းကျင်တွင် ခြံချင်းနီးသည့် အဆိုပါကလေးငယ် ၂ ဦးသည် ၎င်းတို့နေထိုင်ရာ ရော်ဘာခြံတွင် ဆော့ကစားနေစဉ် ပျောက်ဆုံးသွားခြင်းဖြစ်သည်ဟု ကာယကံရှင်မိသားစုနှင့် နီးစပ်သူအမျိုးသမီးတစ်ဦးက ပြောသည်။

“ဖြစ်သွားတဲ့အချိန်က ကလေးမိဘက ခြံသူဌေးနဲ့ စကားပြောနေတဲ့အချိန်ပေါ့။ အဲ့အချိန်မှာပဲ ကလေးက ပျောက်သွားတာ၊ တစ်ယောက်က မိန်းကလေး၊ နောက်တစ်ယောက်က ယောကျာ်းလေး၊ ယောကျာ်းလေးက ဗမာအလုပ်သမားကလေး၊ ခုချိန်ထိ ရှာမတွေ့သေးဘူး”ဟု ၎င်းက ဆိုသည်။
အဆိုပါ ရော်ဘာခြံမိသားစုနှင့်ရင်းနှီးသူ ခြံလုပ်သားတစ်ဦးက ကလေးငယ်နှစ်ဦးကို ခေါ်ဆောင်သွားသည်ဟု မျက်မြင်တွေ့ရှိသူများက ပြောဆိုနေသော်လည်း အတည်ပြုနိုင်ခြင်းမရှိကြောင်း အထက်ပါ အမျိုးသမီးက ဆက်ပြောသည်။
သို့သော် ကလေးငယ်နှစ်ဦးပျောက်ဆုံးပြီး ရက်ပိုင်းအကြာတွင် အဆိုပါ ခြံလုပ်သားဆိုသူက နေရပ်သို့ပြန်သွားပြီး သတင်းအစအန ပျောက်ဆုံးသွားသဖြင့် သံသယဖြစ်စရာဖြစ်သည်ဟုလည်း ဆိုသည်။
“ကလေးအမေကတောင် ကလေးခေါ်သွားတဲ့သူရဲ့အိမ်ကို ရောက်သွားသေးတယ်။ သူက အိမ်မှာမရှိဘူး။ သူ့အမနဲ့ပဲ တွေ့တယ်။ သူ့အမက သူတို့မောင်လုပ်တာမဟုတ်ဘူးလို့ ပြောတာပဲ”ဟု အထက်ပါသူက ဆက်ပြောသည်။
ဖြစ်စဉ်နှင့် ပတ်သက်၍ ကာယကံရှင်များက ဖေဖော်ဝါရီလ ၂၃ ရက်နေ့တွင် မွန်ပြည်သစ် တာဝန်ရှိသူများထံ သွားရောက်တိုင်ကြားထားပြီး ကျူးလွန်သူကို ဖော်ထုတ်နိုင်ရန် ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်ဟု သိရသည်။ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် မတ်လက ကရုပ္ပိကျေးရွာမှ အမျိုးသား ၂ ဦးနှင့် အံခဲကျေးရွာမှ အမျိုးသား ၂ ဦးတို့ တစ်ပတ်ကြာပျောက်ဆုံးခဲ့ပြီးနောက် တောင်ညိုစစ်ကြောင်းထံ သတ်ဖြတ်ခံထားရသည့် ဖြစ်စဉ်များလည်း ရှိခဲ့သည်။
လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် ဖြန့်ဝေထားသည့် လူပျောက်ကြေညာများအရ မွန်ပြည်နယ် မြို့နယ်အများစုတွင် ကျောင်းနေအရွယ်ကလေးအပါအဝင် အသက်ပြည့်ပြီးလူငယ်များ မကြာခဏပျောက်ဆုံးနေပြီး အသက်အန္တရာယ်ဆုံးရှုံးမှုများလည်း ဖြစ်ပွားနေသည်။


