Wednesday, March 18, 2026
More
    spot_img
    Homeသတင်းသံဖြူဇရပ်စစ်ဆေးရေးဂိတ်ရှိ ရဲဝတုတ်ဆိုသူ ပြည်နယ်ရဲတပ်ဖွဲ့ထံ စစ်ဆေးခံနေရပြီး သေနတ်ပြခြိမ်းခြောက်မှု လျော့နည်းလာ

    သံဖြူဇရပ်စစ်ဆေးရေးဂိတ်ရှိ ရဲဝတုတ်ဆိုသူ ပြည်နယ်ရဲတပ်ဖွဲ့ထံ စစ်ဆေးခံနေရပြီး သေနတ်ပြခြိမ်းခြောက်မှု လျော့နည်းလာ

    -

    မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့အဝင်အထွက်ရှိ ဝယ်သွန်ချောင်းလမ်းဝဂိတ်(ခ) ပငဂိတ်၌ ငွေညှစ်ခြိမ်းခြောက်မှုကြောင့် အမည်ဆိုးဖြင့်ကျော်ကြားနေသူ ဒုရဲတပ်ကြပ် စိုးကျော်ကျော်(ခ)ရဲဝတုတ်သည် လက်ရှိတွင် စစ်ကော်မရှင် ပြည်နယ်ရဲတပ်ဖွဲ့ထံ စစ်ဆေးခံနေရပြီး သေနတ်ပြခြိမ်းခြောက်မှုများ လျော့နည်းလာသည်ဟု မြို့ခံသတင်းအရင်းမြစ်များက ပြောသည်။

    ဝယ်သွန်ချောင်းလမ်းဝဂိတ်(ခ) ပငဂိတ်ရှေ့ ဖြတ်သန်းသွားလာသူများ ရဲဝတုတ်ဆိုသူထံ ရိုက်နှက်ဆဲဆိုခံရခြင်း အမျိုးသမီးများ မဖွယ်မရာ ပြောဆိုခံရခြင်းအပြင် သေနတ်ဖြင့် ငွေညှစ်ခြိမ်းခြောက်ခံရခြင်းများကြောင့် အမည်ဆိုးဖြင့် ကျော်ကြားနေသဖြင့် စစ်ဆေးခံနေရသည်ဟု သိရသည်။

    ဒုရဲတပ်ကြပ် စိုးကျော်ကျော်(ခ)ရဲဝတုတ်သည် ယနေ့အထိ အဆိုပါဂိတ်၌ တာဝန်ယူနေဆဲဖြစ်သော်လည်း လမ်းပေါ်ထွက် ပိုက်ဆံတောင်းခံခြင်းနှင့် သေနတ်ကိုင်ဆောင်ခြင်းမတွေ့ရကြောင်းလည်း ဂိတ်ရှေ့ ဖြတ်သန်းသွားလာနေသူ ဒေသခံတစ်ဦးက ဆိုသည်။

    ပုံ-မြို့ခံတစ်ဦး၏ လူမှုကွန်ရက်စာမျက်နှာ

    "ပြည်နယ်ရဲတပ်ဖွဲ့မှုးကစစ်တာ။ လောလောဆယ် ခြောက်ခါလောက် စစ်ဆေးခံနေရတာရှိပြီးလို့ ကြားတယ်။ မနေ့က ဝယ်သွန်ချောင်လမ်းဝ ပင ဂိတ်မှာ ဒီကောင်ထိုင်နေတာကို တွေ့သေးတယ်။ အရင်လိုလမ်းပေါ် ပိုက်ဆံထွက်တောင်းတာ သေနတ်ခါးကြားထိုးတာ မတွေ့ရတော့ဘူး" ဆိုသည်။

    သို့သော် ဝဲကလိတပ်နယ်မှုး၊ မြို့နယ်ရဲတပ်ဖွဲ့မှုးတို့နှင့် ရင်းနှီးသောဆက်ဆံရေးရှိသူဖြစ်သဖြင့် ထိထိရောက်ရောက်အရေးယူခံရမည် မဟုတ်ကြောင်းလည်း ဆက်ပြောသည်။

    ဝယ်သွန်ချောင်းလမ်းဝဂိတ်(ခ) ပငဂိတ်တွင် ဝဲကလိတပ်မှ အရာရှိတစ်ဦးလည်း နှစ်ပတ်တစ်ကြိမ်အလှည့်ကျ ဂိတ်ထိုင်လျှက်ရှိပြီး ရဲဝတုတ်ဆိုနှင့်ပူးပေါင်း၍  လိုင်စင်မဲ့ဆိုင်ကယ်ဖမ်းဆီးရေးယူခြင်းကိစ္စ၊ ယိုးဒယားကုန်ပစ္စည်း နှင့် မူးယစ်ဆေးကိစ္စများကို ဥပဒေစိုးမိုးရေးထက် လက်နက်အားကိုး၍ ငွေညှစ်တောင်းခံနေသည်။

    ရဲဝတုတ်အဖွဲ့နှင့် ထိပ်တိုက်မတွေ့လိုသဖြင့် သံဖြူဇရပ်တောင်ပိုင်း ပငရွာတစ်လျှောက်မှ ရွာခံများ အိုးဝေယာဉ်ဖြင့်သာ မြို့ပေါ်သို့ သွားလာနေကြရသည်။

    ၎င်းအပြင် သံဖြူဇရပ် နယ်ထိန်းခေါင်းဆောင်ဟိန်းဇော်ဦးဆောင်သည့် အဖွဲ့မှလည်း သံဖြူဇရပ်စစ်သင်္ချိုင်းတစ်ဝိုက် စောင့်ဆိုင်း၍ အရွက်ပြုတ်ရေသောက်သုံးသူ လူငယ်များကို ဖမ်းဆီးငွေညှစ်မှုများ လုပ်ဆောင်နေသည်မှာ လေးနှစ်ကျော်သည်ရှိလာပြီး သံဖြူဇရပ်မြို့တစ်ဝိုက်ရှိ မွန်ဒေသခံများ အထိနာနေကြောင်းလည်း မြို့ခံတစ်ဦးက ဆိုသည်။

    "သံဖြူဇရပ်မှာ ကြည့်လိုက်ရင်အေးချမ်းသလိုလိုနဲ့ ပြည်သူတွေ တိတ်တဆိတ်နဲ့ အနိုင်ကျင့်ခံနေရတာရတာတွေ အများကြီးဗျ၊ ကိုယ်နဲ့မဆိုင်ပေမဲ့ ခေတ်ပျက်ကြီးမှာ ဒီလိုတွေမြင်နေရတာ စိတ်မကောင်းဘူး"ဟု ပြောသည်။

    သံဖြူဇရပ်မြို့ပေါ်တွင် အကြမ်းဖက်စစ်တပ်လက်အောက်ခံ နယ်ထိန်းရဲ၊ စစ်တပ်အဖွဲ့နှင့် အုပ်ချုပ်ရေးမှုးများက နည်းမျိုးစုံဖြင့် ပြည်သူများအပေါ် အနိုင်ကျင့်နှိပ်စက်မှုများကို သက်ဆိုင်ရာ တာဝန်ရှိသူများက ထိထိရောက်ရောက် အရေးယူခြင်းမရှိပေ။

    ခြိမ်းခြောက်ငွေကြေးတောင်းခံသည့် ကိစ္စရပ်များတွင်လည်း မွန်ဒေသခံလူငယ်များကို ပစ်မှတ်ထားလျှက်ရှိပြီး မိဘအုပ်ထိန်းသူများက ငွေထုတ်ပိုက်၍ လိုက်လံဖြေရှင်းနေသဖြင့် စစ်ကောင်စီအကြမ်းဖက်အဖွဲ့များအတွက် ငွေဝင်ပေါက်များဖြစ်နေသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks