မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်အတွင်းရှိ Grade-5 မှ Grade-11 အရွယ် ကျောင်းသား၊ ကျောင်းသူများ နွေရာသီကာလ၌ မွန်စာပေ စနစ်တကျ လေ့လာနိုင်ရန် ပုပ္ဖဟံသာပညာရေးဖောင်ဒေးရှင်းမှ နွေရာသီမွန်စာပေသင်တန်းကို လာမည့် မတ်လ ၈ ရက်နေ့ (တနင်္ဂနွေနေ့)တွင် အခမဲ့ဖွင့်လှစ်သွားမည်ဖြစ်သည်ဟု အဖွဲ့တာဝန်ရှိသူများမှ သိရသည်။
အခမဲ့ပညာဒါနသင်တန်းကို သံဖြူဇရပ်မြို့၊ ကြံ့ခိုင်ရေးရပ်ကွက်၊ ကျုံကရုတ်ရွာအဝင်လမ်းရှိ ပုပ္ဖဟံသာပညာရေးဖောင်ဒေးရှင်းကျောင်း၌ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ပြီး Grade-5၊ Grade-6၊ Grade-7၊ Grade-8၊ Grade-9 ၊Grade-10နှင့် Grade-11 တန်းကျောင်းသား၊ သူများအား လက်ခံသင်ကြားပေးသွားမည်ဖြစ်သည်။

“ဒီနွေရာသီ ကျောင်းပိတ်ရက်မှာ ၅ တန်းကနေ ၉ တန်းအထိက တစ်ပိုင်း ၁၀ တန်းနဲ့ ၁၁ တန်းကတစ်ပိုင်း ခွဲပြီသင်ဖို့ရှိတယ်။ ဘာလို့ဆို အချို့က မွန်တတ်တယ်။ တချို့က ဘာမှမတတ်တာလဲရှိတယ်။ ဒါကြောင့် ခွဲပြီသင်မယ်။ မွန်စာကိုအဓိက သင်ကြားသွားမယ်။ ဒီထဲမှာမှ ကျောင်းသားတွေ စိတ်ဝင်တစားနဲ့ သင်ကြားနိုင်ဖို့ ကွန်ပျူတာ၊ အင်္ဂလိပ်စာတွေကိုလည်း သင်ကြားပေးမယ်” ဟု ပုပ္ဖဟံသာပညာရေးဖောင်ဒေးရှင်းမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
သင်တန်းတွင် မွန်စာပေကို အခြေခံအဆင့်မှစ၍ အရေး၊ အဖတ်၊ အပြော ကျွမ်းကျင်အဆင့်အထိ တိုးတက်လာစေရန် နှစ်လတာ သင်ကြားသွားမည်ဟုလည်း သိရသည်။
သင်တန်းတက်ရောက်နိုင်ရန် လျှောက်လွှာများကို လာမည့် ဖေဖော်ဝါရီလ ၂၈ ရက်နေ့ နံနက် ၉ နာရီမှစ၍ သံဖြူဇရပ်မြို့၊ ကြံ့ခိုင်ရေးရပ်ကွက်၊ ကျုံကရုတ်လမ်းရှိ ပုပ္ဖဟံသာပညာရေးဖောင်ဒေးရှင်းတွင် ကိုယ်တိုင်လာရောက် ထုတ်ယူနိုင်ပြီးဖြစ်သည်ဟု ဖောင်ဒေးရှင်းမှ အသိပေးထားသည်။
သို့သော် သင်တန်းသားဦးရေအများဆုံး ၁၂၀ ဦးအထိ ကန့်သတ်ထားသဖြင့် စိတ်ဝင်စားသူများအနေဖြင့် အချိန်မှီ လာရောက်လျှောက်ထားရန် လိုအပ်သည်ဟုလည်း ဆိုသည်။
“ကျောင်းသားဦးရေကိုတော့ ကန့်သတ်ထားတယ်။ ဘာလို့လဲဆိုတော့ ဆောက်ထားတဲ့ ကျောင်းသစ်မှာ ဖွင့်မှာဆိုတော့။ အခန်းနေရာတွေကလည်း ဆောက်လုပ်လို့ သေချာမပြီးသေးဘူး။ စာသင်ခန်းက ၄ ခန်းရှိမယ်။ အရှေ့မှာ စာသင်ဖို့ဇရပ်ရှည်တစ်လုံးရှိမယ်။ ဒါကြောင့် ကျောင်း ၁၀၀ နှင့် ၁၂၀ ကြားပဲ လက်ခံလို့ရမယ်။ နေရာပေါ်မူတည်တယ်” ဟု တာဝန်ရှိသူက ဆိုသည်။
ပုပ္ဖဟံသာပညာရေးဖောင်ဒေးရှင်းသည် မွန်စာပေနှင့် မွန်အမျိုးသားပညာရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်ရွယ်၍ နွေရာသီသင်တန်းများ၊ ပညာဒါနအစီအစဉ်များကို ဒေသအခြေပြု၍ အစဉ်တစိုက် ဖွင့်လှစ်ဆောင်ရွက်နေသည့် ပညာရေးအဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့်ဇန်နဝါရီလက ပုပ္ဖဟံသာပညာရေးဖောင်ဒေးရှင်းနှင့် မဟာကျူလာလောင်ကွန်းတက္ကသိုလ်ဌာနအောက်ရှိ ပညာရေးဌာနများ၊ ကောလိပ်များကြား MOU စာချုပ်ဆိုထားပြီး အဆင့်မြင့်ပညာရေးအတွက် ပညာသင်ကြားရန်ခက်ခဲနေသည့် မွန်ဒေသခံများကို ပညာသင်ဆု ပေးအပ်သွားရန်ရှိကြောင်းလည်း အဖွဲ့တာဝန်ရှိသူများမှ သိရသည်။


